>Mdy mag, Annaga, Buddha and Rgn electricity

>

မန်း မဂ္ဂဇင်း၊ အနဂ္ဂ၊ ဈာန်လျှောမယ့် မြန်မာပြည် လျှပ်စစ်မီး
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၁၈၊ ၂၀၁၀

ဘိုနာမည်နဲ့ မန္တလာ မဂ္ဂဇင်း (7DAY၊ ဒီဇင်ဘာ ၁၆)
မန္တလေး အခြေပြု အလှအပ နဲ့ ယဉ်ကျေးမှု မဂ္ဂဇင်း တစောင် ရှေ့လမှာ စထုတ်မယ်။ ထုံးစံအတိုင်း အစုံ ပါမယ်။ နာမည်ကိုတော့ In Style လို့ ပေးထားပါတယ် တဲ့။ “အင်” ဆိုတာ အတုအပလို့ ဘာသာပြန်ရင်လည်း ရပေတာပဲ။ “စတိုင်တု” မဂ္ဂဇင်းလို့ နာမည် ဖျက်ခံရမှာ မစိုးရိမ်ဘူးလား မသိ။

မဂ္ဂဇင်းကို အင်္ဂလိပ်နာမည်ပေးတာဟာ မန္တလေးသားတို့ ကမ္ဘာဆန်လာတာ ဖြစ်နိုင်တယ်။ မဂ္ဂဇင်းနာမည်တွေကိုပါ ကျေးဇူးရှင် ဆင်ဆာအဖွဲ့က တားမြစ်ခဲ့ဖူးတာတွေကို သိထားတော့ သို့ကလို ဂလိုဘယ်နာမည် ပေးလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။

အယ်ဒီတာအဖွဲ့ထဲမှာ မာန်ထက်သာ၊ မျိုးညီ၊ မင်းစော(တောင်သမန်)၊ မိုသျှန်း တို့ ပါဝင်မယ်လို့ ဆိုတယ်။

အနဂ္ဂ သတင်း ပါသဗျို့ (7DAY)
အဆိုတော် အနဂ္ဂ ဒီလထဲ စတိတ်ရှိုး ၂ ခုမှာ သီချင်းဆိုမယ် ဆိုတဲ့ သတင်းလည်း ဖတ်လိုက်ရတယ်။ သတင်းက မထူးပါဘူး။ ဒါပေမယ့် ဖြူဖြူသင်းတို့ လူနာဂေဟာကို သွားရောက်အားပေးတာကြောင့် သူ့အကြောင်း စာနယ်ဇင်းမှာ ဖော်ပြခွင့် ပိတ်မယ်လို့ ယူဆထားကြတာ မဟုတ်လား။ အနဂ္ဂ သတင်းကို သူ့ဓာတ်ပုံနဲ့တကွ ထည့်ထားပါတယ်။ သူ့ပုံက မြင်ဖူးကြပြီးသားမို့ မထည့်ပေးတော့ပါဘူး။ အင်တာပျက်ကလည်း အနှေးဂုဏ်ဆောင်နေဆဲ ဆိုတော့ ပုံ သိပ်များရင် ဟန်မကျဘူး။

ကာတွန်းများ(7DAY)
ခေတ်ကို ထင်ဟပ့်တဲ့ ကာတွန်းတွေပါပဲ။ သိပ် ကောင်းတယ်။ ပြောစရာ တခု ရှိတာက ကာတွန်းဆရာတွေနဲ့ နီးစပ်တဲ့ မြို့ပြ နဲ့ အနုပညာလောကကိုပဲ ထင်ဟပ်နေတယ်။ အနယ်နယ်မှာ ကာတွန်းဆရာတွေ ရှိမယ် ဆိုရင် သိပ်ကောင်းမှာပဲ။ ဂျာနယ် ဆိုတာက တနိုင်ငံလုံးကို ဖြန့်တာ မဟုတ်လား။



ရန်ကုန်မှာ နေထိုင်ခြင်း (Envoy ဂျာနယ်- ဒီဇင်ဘာ ၁၆)
ရန်ကုန်မှာ အသေကြပ် အနေကြပ် တာ သိရုံသိပြီး မမြင်ကြရသူများအတွက်၊ နောက်ဆုံးပေါ် နေထိုင်နည်းသစ်လေးပါ..။ မြင်တဲ့အတိုင်း ဆင်းရဲ ညှိုးငယ်လှပါတယ်..။ ဖတ်ကြည့်ပါဦး..။

ရေးထားတဲ့သတင်းမှာ ရက်စွဲ တပ်မထားပေမယ့် အရေးအသားက သတင်းပုံစံ ကျနေတယ်။ နိုင်ငံတကာကို သတင်းရောင်းစားကြတဲ့ သတင်းအေဂျင်စီတွေ ရေးသားဟန်နဲ့ တူနေတယ်။ ကောင်းတယ်။

သတင်းရေးနည်း စာအုပ်စာတမ်း ဆောင်းပါးတွေ လေ့လာပြီး ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးပုံစံ ရေးကြရင် စာဖတ်သူတွေ စိတ်ချမ်းသာလိမ့်မယ်။
တတ်ယောင်ကားပညာရှင်များ မဖတ်ရ (Envoy)
လူလည်ပညာရှင်တွေဖတ်မိရင် လဲသေသွားနိုင်တဲ့ လိုတိုရှင်း ဆောင်းပါးပါ။ တကယ်လို့ အခု စာဖတ်နေသူက ပညာရှင် မဟုတ်ဘူး ဆိုရင် အဲဒီဆောင်းပါး ဖတ်စေချင်ပါတယ်။ လူထုဦးစိန်ဝင်းရေးပါတယ်။

ဗုဒ္ဓ နဲ့ မြန်မာပြည် လျှပ်စစ်မီး (Envoy)
ဈာန်ကြွနေတဲ့ ဗုဒ္ဓ ရုပ်ပွားတော်တဲ့..။ ၀ယ်ပြီး ပူဇော်လို့ ရတယ်။ ကြံကြံဖန်ဖန် ငွေရှာကြတာပါဘဲ..။ ဒါပေမဲ့ ဗုဒ္ဓလည်း မြန်မာပြည် လျှပ်စစ်မီးနဲ့ တွေ့တော့ မကြာခဏ ဈာန်လျှောရော ဆိုပါလား..။ မြန်မာပြည် ရောက်မှ တန်ခိုးပြာဋိဟာ ပြမရတော့ဘူးပေါ့နော်။ ၀ုန်းခနဲ ဈာန်လျှောသွားတာမျိုး မဖြစ်ရလေအောင် မြန်မာ့နည်းမြန်မာ့ဟန်တွေ ရှိပါတယ် ဆိုပဲ၊ ဖတ်ပါဦး။

ရွှေစင် (Envoy – နိုဝင်ဘာ ၂၅)
သတင်း “ကြီး” လာတဲ့ အမျိုးသမီးလေးရဲ့ပုံမို့ ထည့်ပေးလိုက်ပါတယ်။ စာကတော့ ထူးခြားမှု မရှိ။ စာနယ်ဇင်းသမားတွေကို ကျေးဇူးတင်ကြောင်း ပြောထားတာပါ။ ပုံပဲ ကြည့်ပေတော့။

ကြော်ငြာကောင်းတဲ့ စည်သူလွင် (Envoy)
အဆိုတော်ရဲ့ မင်္ဂလာသတင်းကို ပုံကြီးကြီးနဲ့ ခပ်တိုတို ဖော်ပြထားတာပါ။ ချီးကျူးစရာကောင်းပါတယ်၊ ခပ်တိုတို ပြောသွားပေမယ့် ကြော်ငြာ အနည်းဆုံး ၂ ခု ပါဝင်နေတာကတော့ အံ့သြစရာပါပဲ။

သရော်တော်တော် အကြည်တော် (Envoy)
အကြည်တော်ရဲ့ သရော်ချက်က သိပ်ကောင်းတယ်။ တကယ့်ကို ခပ်တိုတိုပဲ၊ ဖတ်ပါဦး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts