>Maung Yit – From Maung Yit with Love towards 2011

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

၂၀၁၁ နှစ်သစ်သို့ မကူးမီ ပို့သလိုက်သော မေတ္တာများ
မောင်ရစ်
ဒီဇင်ဘာ ၁၈၊ ၂၀၁၀
          မောင်ရစ်တို့ မိုးမခ၀ိုင်းတော်သားတွေရဲ့ အယ်ဒီတာမင်းတွေထဲက ကိုဦး၊ ကိုဇာနည်ဝင်းနဲ့ ကိုမျိုးအောင်လင်းတို့ကို အမှူးထားပြီးတော့ မိုးမခအထောက်တော်တွေ၊ ပင်တိုင်တွေ၊ မိတ်ဆွေတွေ၊ လုပ်အားပေးတွေနဲ့ စေတနာရှင်တွေအားလုံးကို နှစ်သစ်မကူးခင် ဆုမွန်ကောင်းတောင်း မေတ္တာပို့တဲ့စာ ရေးလိုက်ပါတယ်။ အထူးသဖြင် အဝေးက မြန်မာပြည်၊ ယိုးဒယားပြည်က ၀ိုင်းတော်သားများနဲ့ သြစတြေးလျက ရေဒီယိုဝိုင်းတော်သားတွေကိုလည်း မမေ့မလျော့ မပေါ့မဆသော မေတ္တာကို ပို့လိုက်ပါတယ်။ ထို့အပြင် မိုးမခမီဒီယာကို ဆထက်တံပိုးတိုးပြီး အားပေးနေကြသူ ပရိသတ်ကြီးအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။
          နိုဝင်ဘာ သင့်ခ်စ်ဂင်းဗင်းနေ့ (ကျေးဇူးတော်နေ့) မှာ အမည်တွင် တနလာင်္နာမ်နဲ့စပြီး တနင်္ဂနွေနာမ်နဲ့ ဆုံးသူ မိုးမခ၀ိုင်းတော်သားတဦးက မောင်ရစ်ကို လာရစ်ပါတယ်။ မိုးမခမီဒီယာဟာ ရုံးတွေ ကန္နားတွေမရှိဘဲ သာလာယံဇရပ်မှာ ဖွင့်လှစ်လုပ်ကိုင်နေရတဲ့ အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့တဲ့ ဂျစ်ပစီသတင်းဌာနဖြစ်တယ်။ (လိပ်စာတောင် မရှိလို့ စာတိုက်သေတ္တာငှားထားရတာသာကြည့်)။ ၀ိုင်းဝန်းလုပ်ကိုင်ရသူတွေကလည်း သူတို့ အိမ်တွေ၊ ရုံးတွေမှာ ရှိတဲ့ သယံဇာတတွေ၊ မိဘတွေ၊ လင်တွေ၊  မယားတွေ၊ သမီးရည်းစားတွေ၊ သားသမီးတွေဆီက လက်ဖြန့်ခြင်း၊ ဖြတ်တောက်ခြင်းတို့ဖြင့် သီးပွင့်လာတဲ့ မုန့်ဖိုး ပဲဖိုးတွေကို စိုက်ထုတ်ပြီး မိုးမခမီဒီယာကို အလှဆင်ခြင်း၊ မသထာရေစာ ကျွေးမွေးခြင်းဖြင့် မသေရုံ တမယ် အသက်ဆက်ပေးနေတယ်။ ဒါကြောင့် တာဝန်ရှိသူတွေဟာ အခုလို ကျေးဇူးတော်နေ့မှာ ၀ိုင်းတော်သားတွေကို (ရဲဘော်တွေကို) ကျေးဇူးတင်ကြောင်းလေးတော့ လေကုန်ခံပြီး ပြောသင့်တယ်လို့ လာရစ်နေပါတယ်။
          မောင်ရစ်ကိုယ်တိုင်ကလည်း ကျေးဇူးတင်ကြောင်း ပြောဖို့ကို အကြိမ်ကြိမ် မိမိတို့ စဉ်းစားကြောင်း၊ ကိုယ့်ဒုက္ခကိုယ်ရှာပြီး ဆီမလာ၊ ပဲမလာသည့် သည်မိုးမခမီဒီယာဆိုတာကြီးကို အဟုတ်ကြီးမှတ်ပြီး လုပ်နေကြတာဟာ မိမိတို့၏ ရွေးချယ်မှုသာ ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း မိမိခံယူချက်ဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာပြီး အခုလို ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး စေတနာ့ဝန်ထမ်း ကြီးတော်နွားကျောင်းသော ဂျစ်ပစီသတင်းဌာနဂျီးကို လုပ်ဆောင် အားပေးနေကြသူများကို “ကျေးဇူးတင်တယ်” ဟု ပြောရမှာတောင်  “အလွန်အားနာမိကြောင်း” ပြန်လည် ဆင်ခြေပေးလိုက်ပါတယ်။
          ဟုတ်တယ်မဟုတ်လား ပရိသတ်ကြီးရယ် … ခင်ဗျားတို့က အားနေလို့ အပျင်းပြေ အညောင်းပြေ ဖတ်ကြတာ။ ကျနော်တို့ကလည်း မအားသော်လည်းဘဲ မနေနိုင် မထိုင်နိုင်လို့ ရေးချင်တာ ပြောချင်တာတွေ ရေးကြ ပြောကြတဲ့ဆီမှာ ဘာတွေ ကျေးဇူးတွေ တင်နေရမှာတုန်းလေ။ သို့သော်လည်း “ခရီးမတ်တပ် လမ်းခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ သွားရပါ၍ အားနာခဲ့ကြောင်း …”  မပြောရမီကလေးမှာတော့ တလှေတည်း စီး၊ တခရီးတည်း သွားကြသူတွေကို ချစ်ခင်စွာ ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ နှစ်မကူးမီမှာ ကျေးဇူးတင်တယ်၊ ရပ်နီး ရပ်ဝေးနေသော်ငြား နှလုံးသားချင်း၊ ယုံကြည်ချက်ခြင်း၊ အလုပ်ချင်း နီးကြရတာတွေအတွက်တော့ ကျေးဇူးတင်ကြောင်းလေးတော့ ပြောသင့်တယ် ထင်လို့ ပြောလိုက်ပါတယ်။
          ကဲ … ဘယ်လိုပြောရင် ကောင်းမှာလဲ။ မိန့်ခွန်းပြောသလို ပြောလိုက်ရင် လိုတိုရှင်းနဲ့ အာဘော်တွေလည်း ပေါ်မယ် ထင်ပါရဲ့။ အင်း … ဟိုပေါတာကြီးတွေလိုမျိုး ရဲဘော်တို့ လို့ အစချီပြီး ပြောရမယ် ထင်တယ်။
          အင်း … ဘာတဲ့ … ။
ရဲဘော်တို့ …
၂၀၁၀ ခုနှစ်အတွင်းမှာ ငါတို့တတွေ အစွမ်းကုန် မိုက်မဲခဲ့ကြတာကို ငါတို့ ကျေးဇူးတင်တယ်။ ငါတို့တတွေဟာ ငါတို့ကိုယ်ပိုင် ဦးနှောက်တွေ နှလုံးသားတွေနောက်ကို လိုက်ခဲ့ကြတယ်။ ဘယ် ကျမ်းကြီးတွေ၊ ဘယ်ပုဂ္ဂိုလ်ကြီးတွေ၊ ဘယ်အလုပ်ရှင်တွေရဲ့ စကားတွေ၊ ညွှန်ကြားချက်တွေ၊ လမ်းညွှန်တွေကို နားမယောင်ခဲ့ကြဘဲ ကိုယ်လုပ်ချင်တာ ကိုယ်ယုံကြည်တာကို ကိုယ်လုပ်မယ် ဆိုတဲ့ “ဘက်” ကို လိုက်ခဲ့ကြတဲ့အတွက် ငါတို့ ကျေးဇူးတင်တယ်။ အဲသည်အတွက် ငါတို့ ဘာရသလဲ။ ဘာမှ မရဘူး။ အစကတည်းက ဘာမှ မရတာကို လုပ်မှတော့ အဆုံးမှာလည်း ဘာမှ မရတာ အဆန်းမဟုတ်ဘူး။ ဒါကို ရဲဘော်တို့ ပြတ်ပြတ်သားသား သိကြပါ။ တွေတွေဝေေ၀ ဟိုဆင်ခြေ သည်ဆင်ခြေပေးချင်ရင် အစကတည်းက ဟို စစ်အစိုးရရွေးကောက်ကို သွားဝင်ကြ၊ သွားထောက်ခံကြ၊ သွားပြီး ဘုန်းတော်ဘွဲ့တွေ သွားရေးကြ၊ သတင်းတွေ ပို့ကြ။ အခုတော့ ရဲဘော်တို့ နောက်ကျသွားပြီ။ ငါတို့နဲ့ ပေါင်းမိလို့ သင် လွှတ်တော်ထဲ ၀င်လို့ မရတော့ဘူး။
ရဲဘော်တို့ …
တင်သန်းဦးနဲ့ ၀ိုင်းစုခိုင်သိန်းနောက်ကို မလိုက်ဘဲနဲ့ သင်တို့ ငါတို့နဲ့အတူ ဦးဝင်းတင်နောက်ကို တကောက်ကောက်လိုက်ခဲ့ကြတဲ့အတွက် ငါတို့ ကျေးဇူးတင်တယ်။ ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ရှေ့မှာ သွားထိုင်နေခဲ့တဲ့ ဦးဝင်းတင်နဲ့ မိတ်ဆွေများရဲ့ ရဲရင့်ပြတ်သားမှုမျိုးကို ငါတို့ အချိန်မီ၊ လက်မတင်ကလေး ၂၀၁၀ မှာ သဘောပေါက် နားလည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသူ ငါတို့ ၀ိုင်းတော်သားတွေအားလုံးကို ငါတို့ ကျေးဇူးတင်တယ်။ “သမိုင်းလိမ်ညာ ဖူးသည့်ကြာ” ကို ငါတို့ လက်မခံဘူး၊ ရှုတ်ချနေသကဲ့သို့ စစ်အာဏာရှင်တို့၏ အတုအယောင် ဒီမိုကရေစီစနစ်ကို ဘယ်လိုနည်းနဲ့မှ လက်ခုပ်လက်ဝါးတီးပြီး အားမပေးနိုင်ဘူး၊ မျက်စလည်း မပစ်နိုင်ဘူး။ မခို့တရို့လေးတောင် လှမ်းပြုံးမပြနိုင်ဘူး။ အာဏာရှင်ကို ထောက်ခံသူတွေ၊ ဘက်လိုက်ပေးသူတွေ၊ မျက်ရည်ခံထိုးသူတွေဟာ ငါတို့ မိတ်ဆွေတွေ မဟုတ်ဘူး။ သူတို့သွားတဲ့လမ်းဟာ အ၀ီစိဖြစ်ပြီး ငါတို့သွားတဲ့လမ်းဟာ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းဖြစ်တယ်။ ငါတို့လိပ်ပြာ ငါတို့ လုံခြုံခွင့်ရဖို့ င်ါတို့နဲ့အတူ ရပ်တည်တဲ့ ရဲဘော်တို့ကို ငါတို့ ကျေးဇူးတင်တယ်။
ရဲဘော်တို့ …
ငါတို့ကို နွားကျောင်းသားတွေအဖြစ် ရှုတ်ချ ကဲ့ရဲ့ စကားတင်းဆိုတဲ့ကြားက မဆုပ်မနစ် ရပ်တည်တဲ့အတွက် ငါတို့ ကျေးဇူးတင်တယ်။ နွားကျောင်းသားဆိုတာ အလွန်နိမ့်ကျတယ်။ သူများနွားကျောင်းတယ် ဆိုမှတော့ အလကားကောင်တွေချည်းပဲ ဆိုပြီး အပြောခံနေရတဲ့ကြားက တနှစ်ပတ်လုံး နေပူ မိုးရွာ နှင်းတောထဲမှာ နွားကျောင်းနေကြသူတွေကို ငါတို့ အလေးပြုလိုက်တယ်။ နွားကျောင်းသားဆိုတာ အနီးဆုံး နွားကို ကြိမ်နဲ့ ရိုက်နိုင်တယ်။ ခပ်လှမ်းလှမ်းက နွားကိုတော့ လေးဂွနဲ့ ပစ်ပြီး ဆုံးမနိုင်တယ်။ အလှမ်းမမီတဲ့ အဝေးက နွားကိုတော့ ပါးစပ်နဲ့ လှမ်းဆဲတဲ့ အလုပ်ပဲ လုပ်နိုင်တယ် ဆိုပြီး ငါတို့ကို ဟားကြသော်လည်း ငါတို့ဟာ နောက်မဆုပ်ခဲ့ကြဘူး။ ငါတို့ဟာ စကားကို အတည်တကျ မပြောနိုင်တဲ့ လူရွှင်တော်တွေ၊ ပြက်လုံးသမားတွေ၊ သရော်မော်ကားလုပ်သူတွေလို့ ပြောကြပါစေ။ ငါတို့ရဲ့ ကာတွန်းဆရာတွေကိုလည်း ငါတို့ ကျေးဇူးတင်တယ်။ ဂုဏ်ယူတယ်။
ရဲဘော်တို့ …
သတင်းသမားတွေက ပြက်လုံးတွေ ထုတ်ပြီး လုပ်ငန်းရှင်၊ အာဏာရှင်၊ အရင်းရှင်တွေ အလိုကျ လူထုကို ဖျော်ဖြေနေချိန်မှာ ပြက်လုံးသမားတွေ၊ လူရွှင်တော်တွေ၊ ကွက်စိပ်သမားတွေက ပရိသတ်ကို လူထု အသိအမြင် အလင်းကို ပွင့်စေတဲ့ သတင်းတွေကို အတည်လုပ်ပြီး ပေးနေရတဲ့ ခေတ်ကြီးဖြစ်တယ်။ အမေရိကားမှာ Comedy Central နဲ့ Late Night Show တွေက တကိုယ်တော်ကွက်စိပ်သမားတွေဖြစ်တဲ့ John Stewart, Stephen Colbert and David Letterman တို့ကို သာဓက ပြုလိုတယ်။ (မြန်မာပြည်မှာဆို ဇာဂနာပေါ့လေ … စကားချပ်) သူတို့ကို သမ္မတတွေ၊ လူမှုခေါင်းဆောင်တွေကိုယ်တိုင်က အဖက်လုပ်ပြီး အင်တာဗျူး ပေး ကြတယ်။ အဲသည်ကနေ စကားတွေ လူထုထံ ရောက်အောင် အတည်ပြောနေရတယ်။ အဲသည်လိုပဲ ငါတို့ မိုးမခကို ငါတို့ခေါင်းဆောင်တွေက အရေးတယူလုပ်ခဲ့ကြတဲ့အတွက် ငါတို့တွေက ရဲဘော်တို့ကို ကျေးဇူးတင်တယ်။ သရော်စာသမားတွေ ဆက်ရေးကြ။ အရေးတော်ပုံ အောင်ရမည်။
ရဲဘော်တို့ …
အရင်တုန်းကတည်း သင်တို့ရဲ့ စာမူခတွေဟာ အကြွေးဖြစ်တယ်။ သင်တို့ထံမှာ ငါတို့ ကျေးဇူးတွေ ကြီးမားလာသလိုပဲ သင်တို့ထံမှာ ငါတို့ရဲ့ မဆပ်နိုင်သေးတဲ့ စာမူခအကြွေးတွေက တောင်လိုပုံလာပြီ။ သင်တို့အနေနဲ့ ငါတို့ထံက ရရန်ရှိတဲ့ အကြွေးပုံကြီး တောင်လိုပုံမှာ ပတ်ပတ်လည် ကခုန်ကြ။ ဆက်လက် စာရင်းတို့ထားကြ။ သင်တို့ကို စာမူခမပေးဘဲနဲ့ ငါတို့တွေက မြန်မာပြည်တွင်းက လူကြီးသူမများကို ကန်တော့ကြတယ်။ ထောင်ဝင်စာတွေ တွေ့ကြတယ်။ လူမှုရေး၊ သဘာဝဘေးနဲ့ မင်းဆိုးမင်းညစ်ဘေး ဒုက္ခတွေ့သူတွေရဲ့ မိသားစုတွေကို ကူညီလိုက်ကြတယ်။ သင်တို့၏ အကြွေးသည် ငါတို့၏ မြန်မာပြည်အရေး ရန်ပုံငွေဖြစ်သည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သင်တို့လုပ်အားတွေ၊ ကာယအား ဉာဏအားများကို အကြွေးတို့ထားပြီး ရလာတဲ့ အလှူကို ငါတို့ သူများတွေထံ ဆက်လှူလိုက်ကြပြီ။ ဖွတ်ကလိဒင်းဂါးများ လိုချင်ရင် မိုးမခမှာ လာမရှာနဲ့။ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာပြင်ခြင်း၊ ဆူရှီလိပ်ခြင်း၊ ပရိဘောဂများ အရောင်တင် ဆေးသုတ်ခြင်း၊ သူများသတင်းအေဂျင်စီများတွင် အလုပ်လုပ်ခြင်းဖြင့် ရှာဖွေကြ။ နဲနဲပါးပါး ပိုရင်လည်း ငါတို့ရန်ပုံငွေမှာ ဆက်ကြေးထည့်ကြဖို့ မမေ့နဲ့လို့ သတိပေးလိုတယ်။ သည်လိုမျိုး သဘောထားကြီးကြတဲ့ ရဲဘော်တွေကို ငါတို့ ကျေးဇူးတင်တယ်။
ရဲဘော်တို့ …
သမိုင်းထဲက အမျိုးသားခေါင်းဆောင်ကြီးတွေ ပြောတဲ့ မိန့်ခွန်းလိုပဲ … ရဲဘော်တို့ရဲ့ တော်လှန်ရေးဟာ ကြမ်းတမ်းမယ်။ ပင်ပန်းမယ်။ ထမင်းငတ်မယ်။ ဆင်းရဲမယ်။ စွန့်လွှတ် စွန့်စားရမယ်။ အဲသလိုမျိုး ငါတို့ မပြောလိုဘူး။ သို့သော်လည်း ငါတို့ရဲ့ အလေအလွင့် အုတ်ကြားမြက် ဂျစ်ပစီသတင်းဌာနမှာ လုပ်တဲ့အတွက် နံမယ် မရဘူး။ ထောက်ခံစာမရဘူး။ ဂုဏ်ထူးဆောင် လက်မှတ်မရဘူး။ စားရေ ရိက္ခာမရဘူး။ တယ်လီဖုံးတို့ တိုက်တို့ ကားတို့ မပြောနဲ့ ဟိုတလောက မြစ်ဝကျွန်းပေါ်မှာ ဝေသွားတဲ့ ရေဒီယိုတွေတောင် အလကားမရဘူး ရဲဘော်တို့။ အဲသည်အတွက် ဒါကို ကိုယ့်ဖာသာကိုယ် ကြိတ်ပြီး အပြင်းအထန် ဂုဏ်ယူရုံသာမက အများသိအောင်လည်း ဖော်ထုတ်ပြောဆိုကြပါ။
ရဲဘော်တို့လို မိုက်မဲသူတွေကို များသည်ထက် များအောင် စည်းရုံးကြပါ။ တဦးတည်း မိုက်နေရုံနဲ့ မပြီး အများသူငှာတွေမှာ မိုက်ရဲ မဲရဲအောင် လိုက်လံလှုံဆော်ကြပါ။ စည်းရုံး လှုံဆော်တဲ့ နေရာမှာ အတုအယောင် မျှော်လင့်ချက်တွေ မပေးပါနဲ့။ ကိုယ့်ယုံကြည်ချက်ကြောင့် မိုက်နေသူဖြစ်တယ် ဆိုတာကို ဖော်ထုတ်ဝန်ခံပါ။ သူများတွေဆီမှာ သနားစရာဖြစ်အောင်လည်း မျက်ရည်ခံထိုးခြင်း၊ အသံဗြဲကြီးဖြင့် ငိုယိုခြင်း၊ သူများတွေ အာရုံစိုက်အောင် ဆူဆောင့် ရန်ထောင်ခြင်းများ မလုပ်ကြပါနဲ့ ရဲဘော်တို့။ ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဖြင့် ကိုယ့်လမ်းကိုယ်လျှောက် မိုက်မဲသူကြီးများအဖြစ် ကိုယ့်ဖာသာကိုယ် ဂုဏ်ယူပါ။ တခြားဘယ်သူကမှ ရဲဘော်တို့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး ဆိုတာ စိတ်ဒုံးဒုံးချပါ။
ရဲဘော်တို့ထက်မိုက်တဲ့သူတွေ သတ္တိရှိတဲ့သူတွေဆိုတာ ဝေးဝေးရှာနေစရာမလိုပါဘူး။ မြန်မာပြည်တွင်း အကျဉ်းထောင်တွေထဲက မိတ်ဆွေတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဦးဆောင်တဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ ဦးဆောင်တဲ့ ဒုတိယပင်လုံလှုပ်ရှားမှုကြီးကို ရင်ကော့ပြီး လက်တွဲပြီး ချီတက်နေတဲ့ ရဲရင့်သူ မြန်မာပြည်သူလူထုကြီး ဖြစ်တယ်။ အဲသလောက်များတဲ့ လူထုကြီးကို ပေးစရာ ဆုတွေ၊ ဂုဏ်ထူးဆောင် စလွယ်တွေ၊ တံဆိပ်တွေ၊ လက်ပတ်တွေ၊ လက်ဖွဲ့တွေ၊ ဘာတွေ ညာတွေ၊ ဘယ်လိုလုပ်ပြီးတော့ ကမ္ဘာကြီးက တတ်နိုင်မှာလဲ။ မြန်မာပြည်သူ လူထုကြီးတရပ်လုံးအတွက် အလိုအပ်ဆုံး အထိုက်တန်ဆုံး အမြင့်ဆုံး ဆုလာဘ်ဟာ ဒီမိုကရေစီနဲ့ တရားမျှတမှုပဲ ဖြစ်တယ် ရဲဘော်တို့။
ဒီအန္တိမ ရည်မှန်းချက်ကြီး ပန်းတိုင်ကြီးကို ရောက်ဖို့နဲ့ ရဖို့ကလွဲရင် တခြား ဘာနဲ့မှ မလဲနိုင်တဲ့ မြန်မာပြည်သူလူထု အသည်းနှလုံးအဖြစ် ငါတို့ရဲဘော်တွေက သူတို့တွေနဲ့ လက်တွဲ မဖြုတ်ဘဲ မြဲမြဲ လက်တွဲခဲ့တဲ့ လာခဲ့ကြတဲ့ကာလတွေအတွက် ငါတို့က အားလုံးကို ကျေးဇူးတင်တယ် ရဲဘော်တို့။
ကဲ … ထုံးစံအတိုင်း ၂၀၁၁ မှာ ရဲဘော်တို့အားလုံး သည်လိုပဲ ဆက်ချီတက်ကြ။ ကျန်တာတွေကိုလည်း အကြွေးဆက်မှတ်ထားလိုက်ကြ။
သင့်
ရဲဘော် မောင်ရစ်
(ဟဲဟဲ … ဟက်ပီးနယူးယီးယား ပေါ့ဗျာ … မေတ္တာပို့လိုက်တယ်။ မေတ္တာတွေ စူးကုန်ကြပါစေ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts