>Maung Lu Yay – Blessing in Burma 18

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၈
မောင်လူရေး
ဒီဇင်ဘာ ၁၆၊ ၂၀၁၀
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေဟု နိဝါတမင်္ဂလာကို လင်္ကာဆရာဖွင့်ဆိုသည်။
ဤမင်္ဂလာသည် တစုံတရာကို ပိုင်ဆိုင်ထားကြပြီး ထိုတစုံတရာအပေါ် ဝင့်ဝါမောက်ကြွား မာနထား နေကြသူများကို ရည်ရွယ်သည်လတည်း။
မြတ်စွာဘုရားသည် မာန်ယစ်ပုံအဖုံဖုံများကို ဟောကြားထားခဲ့သည်။ ဇာတိမဒ=မျိုးရိုးဇာတိကိုမှီ၍ မာန်ယစ်ခြင်း=ငါ စစ်သား၊ ငါကား အခြေခံဥပဒေကြီးကပင် အထူးဝန်ထမ်းအဖြစ် သတ်မှတ်ခြင်း ခံထားရသူ။ ငါမူကား ငါ့အဖေ၏ အဖေဖြစ်တော့သကိုး။ ငါကား စစ်ပြန်၊ ငါဟူသည်ကား စစ်ရေးအမြင်ရှိသူ၊ ငါသည်သာ သမ္မတ ဖြစ်ထိုက်သသူ၊ ငါသည်ကား သမ္မတမျိုးရိုးဖြစ်တော့ပေချေလတည်းစသည်ဖြင့် မာန်ဖီခြင်း။
အာရောဂျမဒ=ကျန်းမာရေးကို မှီ၍ မာန်ယစ်ခြင်း=ငါဟုခေါ်သူသည် ငါ့တိုင်းငါ့ပြည်ကို ရှစ်ဆယ်နားထိ ပစ်ပယ်မသွားသူဟု တံခွန်ထူခြင်း။
ဇီဝိတမဒ=ရှင်သန်မှုကို မှီ၍ မာန်ယစ်ခြင်း=ငါ့ကား လက်ရှိ၊ အာဏာသက်ရှိ၊ တပ်ပိုင်ကြီး၊ သေနတ်ကိုင်ကြီး၊  ဒီပဲယင်းလူသတ်ဂိုဏ်း၏ ဂိုဏ်းစတား။ ငါဆိုသည်ကား ဗုဒ္ဓ၏ မေတ္တာသုတ်ကို ပုဒ်မ၅ထုတ်သူဖြစ်တော့ပေ သကိုးဟု ဘီလူးဆိုင်းတီးခြင်း။
လာဘမဒ=လာဘ်စီးပွားကို မှီ၍ မာန်ယစ်ခြင်း=ငါကား လာဘ်တို့၏ဘုရင်၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ဂုတ်စီး အဓိပတိကြီးဟု ဂုဏ်ခံခြင်း။
သက္ကာရမဒ=ရိုသေလေးမြတ်မှုကို မှီ၍ မာန်ယစ်ခြင်း=ငါ့ကိုပသ ငါ့ကိုခယ ငါ့ကိုတမမ၊ ငါ့ကို ဂါ၊ ငါ့ဆို ပြာ၊ ငါကိုယ်တော်ဘုန်း မိုးသို့ချုန်း၊ ငါ့ဘုန်းကြောင့် ဆင်ဖြူတော်လာ၊ ငါ့ဘုန်းကြောင့် နာဂစ်လာ၊ ငါ့ဘုန်းကြောင့် ဘန်ကီမွန်းလာ၊ ငါ့ဘုန်းကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုကြီးလာ၊ ငါ့ဘုန်းကြောင့် ဂက်စ်လာ၊ ဂက်စ်ဘုန်းကြောင့် တရုပ်ဂါ၊ ဂက်စ်ဘုန်းကြောင့် ကုလားဂါစသည်ဖြင့် ဂါထန်ခြင်း။
ပရိဝါရမဒ=နောက်လိုက်အခြံအရံကိုမှီ၍မာန်ယစ်ခြင်း=ငါ၏ထံပါး ခြေဖဝါး၌ ပါမောက္ခြကီးများရှိ၏၊ ဆရာဝန်ကြီး များရှိ၏၊ စာရေးဆရာများရှိ၏၊ ဂျာနယ်လစ်များရှိ၏၊ လုပ်ငန်းရှင်များရှိ၏၊ သေနတ်ကိုင်များရှိ၏၊ သတ်ရဲ ဖြတ်ရဲ လှီးရဲ ခိုးရဲ သုတ်ရဲ ချုပ်ရဲ ဖမ်းရဲ မဟုတ်တာမှန်သမျှ လုပ်ရဲသူအားလုံးရှိ၏။ ငါ၏ထံပါး၌ ဘုန်းကြီးများ ပင်ရှိချေ၏ဟု မာထန်ခြင်း။
ရတ္တညူမဒ=အသက်အရွယ်ကိုမှီ၍ မာန်ယစ်ခြင်း=ငါတို့သာအုပ်ရေး ချုပ်ရေး ရှုတ်ရေး မြုပ်ရေး အတွေ့ အကြုံရှိသူ၊ ငါတို့သာ တိုင်းရေးပြည်ရာ အဖြာဖြာကို သေချာဂန လက်ရည်ဝသူဟု ဆရာကြီးရောဂါထန်ခြင်း စသည်တို့ပေတည်း။
နိဝါတဟူသည် မာနနှင့် မဒတို့စပ်ကျထားသော စိတ်နေကို ကြိတ်ခြေသောအရာပေတည်း။ မဒ=ယစ်မူးခြင်း၊ မာန=အထင်ကြီးခြင်း၊ ဝင့်ဝါခြင်းတည်း။ ကိုယ့်ကိုယ်ကို အထင်တွေစွတ်ကြီးပြီး ဝင့်ဝင့်ဝါဝါရှိသူတို့သည် အလုပ်လုပ်ရာ၌ အရက်မူးတစ်ယောက်ကဲ့သို့ ကိုယ့်ကိုယ်ကို ဟန်ကျပန်ကျ ထိန်းသိမ်းနိုင်စွမ်း မရှိပေ။ ထို့ကြောင့် လုပ်သမျှ ဒုက္ခရောက်စေဘို့ချည်းဖြစ်သည်။ ယနေ့ရွှေဝါပြည်ရောက်သမျှ ဒုက္ခလှလှတို့သည် နိဝါတရကောင်းမှန်းမသိသားဆိုးရွားတို့၏ ကန်ချက်များသာဖြစ်ပေတော့သတည်း။
တကယ်တော့ နိဝါတ=နှိမ့်ချဟူသည် ကိုယ့်ကို အဆင့်တဆင့်ပေး ထောက်ခံမှုပြုနိုင်လေသည့် တရုပ်ကုလား၊ ကိုရှပ်ရှားတို့ လုပ်စားကြပါဟု ဖေါ်လံဖားဘို့လည်း မဟုတ်၊ အညံ့ခံဘို့လည်း မဆိုလို။ စီချွမ်ငလျင်မှာ သူရို့တရုပ်ပြည်သားတွေသေတာကို တရုပ်သမ္မတတို့ဝမ်းနည်းပြမှ နာဂစ်မုန်တိုင်းမှာ ကိုယ့်နိုင်ငံသားတွေ သေတဲ့ကိစ္စ ကပျာကယာဝမ်းကြီးနဲပြရမည်ဟုလည်း မဆိုလို။ ကိုယ့်နိုင်ငံသားများ၏ ထက်မြက်မှုနှင့် အစွမ်းသတ္တိကို ချိုးဘို့ နှိမ်ဘို့လည်း မဟုတ်ပေ။
အညစ်အပတ်စိတ်ဓာတ်မို့ ကိုယ့်တိုင်းကိုယ့်ပြည်ချမ်းသာရေး မဖြစ်နိုင်သောကြောင့်
နိဝါတ=လေလျော့ပါ။
 မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆိုတာမျိုးမလုပ်ပါနှင့်။
နိဝါတ=လေချပါ။
နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေ ဆိုတာမျိုး (ဤနေရာတွင် ကျယ်ကျယ်မရယ်ရ)
နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဆိုတာမျိုး၊
ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးဆိုသဟာမျိုးတွေ၊
နိုင်ငံဝန်ထမ်းများသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဆိုသဟာမျိုးတွေ၊
(အင်း ဘယ်လိုပြောရမလဲ၊ ကြောင်တော့ ကြောင်တယ်ပေါ့နော်)
ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖေါ်ဆောင်ရမည်ဆိုလဟာမျိုး
(အိမ်ခေါ်သင် ကျောင်းမှာအိပ် အခြေခံ ပညာရေးစနစ်နှင့် တနှစ်တလ၊ စွတ်ကဲကြ၊ ပျော်ကြအဝေးသင်။ ဆရာတွေရောင်း၊ ကော်ပီကျောင်း၊ တတ်ကောင်းတတ်ရာပင်ဆိုသည့် အဝေးသင်ပညာရေးစနစ်)
နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်ဆိုလဟာမျိုး
(အောင်ဘာလေခြောက်လုံးကဲ့သို့ တစ်လုံး နှစ်လုံး သုံးလုံးတရားဝင်ဖွင့်လှစ်တော့မည်)
နိုင်ငံတော်သည် လူငယ်များ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့ အတွက် ဆောင်ရွက်ရမည်
(လူကြီးများမပါ၊ လူကြီးများကား စာရိတ္တဗလဆိုလျှင် ပြာချသောက်ပြီးသတည်း)
နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဆိုလေသည်မျိုး
( ကိုတေဇ တို့၊ အလုံတင်ဝင်းတို့ စသည့်သစ်ခုတ်သမားလေးတို့ကြားပါစေ)
နိုင်ငံသားများသည် လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်း ရရှိစေရမည် – ဥပမာ- ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု
(ဟုတ်ပါ့မလား မောင်ကာဠုရဲ့၊ စစ်သားနှင့် မစစ်သားဝန်ထမ်းများ လစာ စားရေရိက္ခာ နေစရာ ရာထူး ဘယ်လောက်ကွာတုန်း၊ မိုးနဲ့မြေ မြေနဲ့မိုး)
မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ဆိုလတာမျိုး
(ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်နှင့် ဝေးဝေးနေပါ၊ ဖြစ်နိုင်ရင်အိမ်မှာ မထားပါနှင့်၊ စက်ကွင်း မလွတ်မှာစိုးလို့၊  မိုးကြိုးပစ်ရင်)
စသည့် လေထန်တာတွေ လေမုန်တိုင်းကျတာတွေမလုပ်ပါနှင့်။
ကျွန်ုပ်တို့ ရွှေဝါပြည်၌ လေညှီလေပုတ် လေယုတ်လေသိုး လေညှိုးလေသေ လေအလေတွေ တဝုန်းဝုန်းတိုက်နေတုန်းပါပဲ ကို… ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts