>MoeMaKa email group will adding Uncensored Burma in its distribution

>

မိုးမခက Uncensored Burma Daily News ကို ထပ်ဆင့် ဖြန့်ဝေပေးမည်
ဝက်မာစတာသာဂိ
ဒီဇင်ဘာ ၁၅၊ ၂၀၁၀
မိုးမခမီဒီယာက နေ့စဉ် မိုးမခသတင်းစဉ်ကို အီးမေးကနေ အရောက် ပေးပို့နေတာအပြင် ပြည်ပက မြန်မာအင်တာနက်နဲ့ ရေဒီယိုစာမျက်နှာများက မြန်မာဘာသာသတင်း
ကောက်နုတ်ချက်များပါဝင်တဲ့ “ဆင်ဆာမဖြတ်တဲ့ မြန်မာနေ့စဉ်သတင်းလွှာ” ကိုပါ အီးမေးစာရင်းထဲမှာ ပူးတွဲပြီး ထည့်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။
ပြည်တွင်းနှင့် ပြည်ပက ဂျာနယ်လစ် ၂ ဦး ပူးပေါင်းပြီး ၂၀၀၈ နှစ်ကုန်ပိုင်းလောက်က စတင်တဲ့ နေ့စဉ် မြန်မာအင်တာနက်သတင်းများ စုစည်းကာ အီးမေးကတဆင့် ပြည်တွင်းက မိတ်ဆွေဂျာနယ်လစ်တွေ၊ သတင်းစာဖတ်သူတွေဆီကို စေတနာနဲ့ ဖြန့်ချီခဲ့ကြပါတယ်။ အခုဆိုရင် ၂ နှစ် လောက်ရှိပြီး Uncensored Burma Daily News အမည်နဲ့ အီးမေးက တဆင့် ပရိသတ် ထောင်ဂဏန်းကို ပို့ဆောင်ပေးနေနိုင်နေပြီ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရနဲ့ သူထိန်းချူပ်ထားတဲ့ အိုင်အက်စ်ပီတွေက ၀က်ဆိုက်တွေကို အစဉ်ပိတ်ဆို့ထားတဲ့အပြင် စာဖတ်သူတွေကို အမြဲစောင့်ကြည့်တာ ခြိန်းခြောက်တာတွေ လုပ်နေတာကြောင့် ပြည်ပအင်တာနက်ပေါ်က မြန်မာဘာသာနဲ့ သတင်းတွေကို  အီးမေးကတဆင့် စာဖတ်သူအရောက် ပေးပို့ရတာက သတင်းပေးချင်သူကော၊ သတင်းဖတ်ချင်သူအတွက် အလွန်အဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။ အများပြည်သူက မနက်နဲ့ ညနေပိုင်းတွေမှာ ရေဒီယိုနားထောင်ပြီး မြန်မာ့သတင်းတွေ နားစွင့်ကြပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် ရှိသူ လူနည်းစုတွေကတော့ အင်တာနက်သတင်းတွေကို တနည်းနည်းနဲ့ ဖတ်ကြတာ ဝေမျှတာတွေ လုပ်ကြပါတယ်။
“အကယ်၍ ပါတီ၊ ဌာန၊ အဖွဲ့အစည်း တခုခုရဲ့ ပြန်ကြားရေး စာပွဲပေါ်မှာ နံနက်ခင်းတိုင်း မှာ Uncensored Burma Daily News သတင်းလွှာကို ပရင့်အောက်ထုတ်ပြီး တင်ပေးထားနိုင်ရင် အဲသည်က ပရိသတ်အတွက် သတင်းတွေကို လွယ်ကူစွာဖတ်နိုင် သိရှိနိုင်အောင် ကူညီရာ ရောက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရ၊ ရဲတပ်ဖွဲ့၊ စစ်ဖက်လုံခြုံရေးနဲ့ ကြံ့ဖွံ့ အဖွဲ့တွေကိုယ်တိုင်လည်း ဝေးဝေးရှာနေစရာ မလိုဘဲ သည်သတင်းလွှာကို အများပြည်သူနဲ့အတူတူ အီးမေးကနေ ရယူ ပရင့်အောက်ထုတ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဘာကိုမှ လျို့ဝှက်နေ ဖွက်နေစရာ မလုပ်သင့်ဘူး”
လို့ မိုးမခ၀ိုင်းတော်သားတွေ စကားဝိုင်းမှာ ဆွေးနွေးကြတာက အစပြူလို့ အထက်ပါ နေ့စဉ်သတင်းလွှာကို စိတ်ဝင်စားသူအချင်းချင်း ဖြန့်ဝေမျှဝေနေတာကနေ အများကို အသိပေးပြီး တိုးချဲ့ဖြန့်ဝေတဲ့ ကိုယ်ထူကိုယ်ထ သတင်းဖြန့်ချိခြင်း ကွန်ယက်ကို မိုးမခမီဒီယာ ၀င်ရောက် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ သည်သတင်းကို ဖတ်နေသူ ကိုယ်တိုင်ကလည်း သတင်းလွှာတခုကို လက်ဆင့်ကမ်းဖြန့်ချိတဲ့ စေတနာဝန်ထမ်းသတင်းကွန်ယက်ကို ပူးပေါင်း နိုင်ပါပြီ။
လက်ရှိမှာ ပြည်ပမြန်မာဝက်ဆိုက်တွေက  မိုးမခအပါအ၀င် ကိုယ်ပိုင်အီးမေး သတင်းလွှာတွေ အသီးသီးလုပ်ကြတယ်။ အခြား စေတနာဝန်ထမ်း ကြီးတော်နွားကျောင်းသားများကလည်း ဘလောက်တွေ၊ စကရစ်ဘ်တွေက တဆင့် စိတ်ကြိုက်သတင်းတွေကို ထပ်ဆင့် ဖြန့်ဝေပေးနေကြတယ်။ သို့သော် အထက်ပါ ဆင်ဆာမဖြတ်တဲ့ မြန်မာနေ့စဉ်သတင်းလွှာ ကတော့ ရုပ်ပုံတွေ လေးလံတဲ့ အသံတွေ၊ ရုပ်တွေ မပါဘဲ အီးမေးထဲမှာ စာသားချည်း သက်သက် စာဖိုင်တွဲပြီး ဖြန့်ချိတာ ဖြစ်ပါတယ်။ ပရင့်အောက်ထုတ်ပေးလိုက်မယ် ဆိုရင်လည်း စာသားချည်းသက်သက် မြန်မြန်သွက်သွက် ပရင့်ထုတ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။
လက်ရှိမှာတော့ မိုးမခက ဖြန့်ချိနေတဲ့ မိုးမခအီးမေး စာရင်းကနေ မိုးမခသတင်းလွှာအပြင် အထက်ပါ သတင်းလွှ့ာကိုပါ နေ့စဉ် ပူးတွဲ ဖြန့်မယ်။  စကရစ်ဘ်မှာလည်း တင်မယ်။ အဲသည်လင့်ခ်ကို မိုးမခ တွစ်တာ၊ မိုးမခဖေ့ဘွတ်မှာပါ လင့်ခ်ဆက်ချိတ်ပေးပါမယ်။ နောက်ပြိးတော့ Uncensored Burma Daily News ကို ဖေ့ဘွတ်ခ် စာမျက်နှာနဲ့ပါ ချိတ်ထားလိုက်ဦးမယ် လို့ စဉ်းစားပါတယ်။ တခြား သူများတွေလည်း လုပ်နေတာပဲ ဒီ ကိုဝင်းဆိုတဲ့ အမည်ပြောင် တတ်ထားတဲ့ Uncensored Burma Daily News အီးမေးသတင်းလွှာကိုမှ ရွေးတာလည်း လို့ မိုးမခကို မေးလာရင်တော့ သူတို့က မိုးမခနဲ့ အတူ စေတနာဝန်ထမ်း ကြီးတော်နွားကျောင်းသူချင်းမို့၊ နွားကျောင်းတဲ့ စားကျက်ချင်း တူလို့ပါ လို့ ဖြေရတော့မှာပဲ။
သတင်းလွှာကို လိုချင်ရင် သည်နေရာကနေ အီးမေးတခုနဲ့ ရယူလိုက်ပါ။ Paw Tar Gyi Than Shwe at Kyat Pyay Dot Ar Wi Zi  ဖြစ်ဖြစ်၊ Aung San Suu Kyi at NLD dot GOV dot MM ပဲဖြစ် ကျနော်တို့ စေတနာ့ဝန်ထမ်း အခမဲ့သတင်းလွှာကို အရောက်ပို့ပေးပါမယ်။ ကျောသား ရင်သား မခွဲပါ။ မိတ်ဆွေတို့လည်း အချင်းချင်းက အစပြုတဲ့ ကိုယ်ထူကိုယ်ထ ပြန်ကြားရေးကွန်ယက်မှာ သည်သတင်းလွှာမျိုးနဲ့ အားပေးကူညီ ကြပါ။
(သည် စာကို ရေးလိုက်တော့ နေ့စဉ်သတင်းလွှာကို မပျက်မကွက် နာမည်မရ၊ ဖွတ်ကလိဒင်းဂါးမရ၊ ချီးမွမ်းမခံရ၊ ပျက်ကွက်မိရင် အဆဲခံရ တရွတ်တိုက် လုပ်နေရသူ ကြီးတော်နွားကျောင်းသား လုပ်နေသူကတောါ့ ကျိန်ဆဲတော့မယ်။ မင်းလာလုပ်ပါလား။ ငါလုပ်ထားတာကို အသင့်လာသုံးနေတယ် ဆိုပြီးတော့။
မလုပ်ပါရစေနဲ့ ကိုဝင်း ခင်ဗျား။ ကျောက်ခေတ်က စပြီး တီထွင်လိုက်တဲ့ ဘီး ကို အခုခေတ်အဆက်ဆက်မှာ အခြေခံပြီး ဆက်လက် သုံးစွဲလာနေကြတာပါ။ ဘယ် ဥာဏ်ကြီးရှင်ကမှ အဲသည် ဘီးအ၀ိုင်းကြီးကို ငါ ပြန်လည် တီထွင်ပြမယ်၊ ပိုကောင်းသွားအောင်ဆိုပြီး အထွန့်မတက်ကြပါ။ ပညာတတ် လူလည်တွေ ပြောလေ့ပြောထ ရှိတယ် မဟုတ်လား … Don’t reinvent the wheel … ဆိုတာလေ။ ထွင်ချင်ရင် ဘီးတော့ ပြန်လာ ထွင်ပြမနေနဲ့။ ဘီးမပါတဲ့ဟာ ထွင်ကြဟေ့ ဆိုတဲ့ သဘောပေါ့လေ။
ဟဲ ဟဲ … )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts