>Burmese Community in Buffalo, US expressed support NLD as Burmese legitamate political party

>

အမေရိကန် – ဘတ်ဖဲလိုးမြို့ မြန်မာကွန်မြူနီတီက အင်န်အယ်ဒီကို တရားဝင်ပါတီအဖြစ် ထောက်ခံကြောင်း ထုတ်ဖော်
မိုးမခအထောက်တော် – ဘတ်ဖဲလိုး
ဒီဇင်ဘာ ၁၂၊ ၂၀၁၀
ယနေ့ နေ့ခင်းက အမေရိကန် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့နေ မြန်မာကွန်မြူနီတီက မြန်မာ့အရေး အခမ်းအနားတခု ခဲ့ကြပြီး မြန်မာပြည်၏ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်ဒီပါတီသည် ပြည်သူအများစု၏ အသိအမှတ်ပြု ထောက်ခံမှုနှင့် ရပ်တည်နေသော တိုင်းပြည်၏ တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခြင်း၊ ထောက်ခံမှုပြသခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဘတ်ဖဲမြို့နေ မြန်မာမိသားစုများမှာ မြန်မာစစ်အစိုးရ၏ နိုင်ငံရေးဖိနှိပ်မှုများကြောင့် မိမိတို့နေရပ်ကို စွန့်ခွာပြောင်းရွှေ့လာရသူများ ဖြစ်ပြီး မိမိတို့မြန်မာကွန်မြူနီတီအတွင်း မြန်မာအရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ပြည်တွင်းရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို တတ်စွမ်းသမျှ ထောက်ခံအားပေးခြင်းတို့ ပြုလုပ်လျက် ရှိရာ ယခုအချိန်တွင် အင်န်အယ်ဒီပါတီ၏ တရားဝင်ရပ်တည်မှုကို စစ်အစိုးရနှင့် အပေါင်းအပါတို့က ထိခိုက်ပြောဆိုမှုများ လှုံဆော်မှုများကို တုန့်ပြန်သည့်အနေဖြင့် မိမိတို့၏ သဘောထားကို ထုတ်ဖော်ပြသသည့် အခမ်းအနားတရပ် ကျင်းပခြင်း ဖြစ်သည်ဟု မိုးမခသို့ ပြောကြားသည်။
“အခု ကျနော်တို့တတွေက တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ကြပါတယ်။ ဥပမာ အင်န်အယ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့က မဖြူဖြူသင်းဦးဆောင်တဲ့ HIV / AIDS လူနာတွေ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အလှူ။ လူမှုရေးလုပ်ငန်းတွေက အကူအညီတွေလိုတယ်ဆိုရင်လည်း ကိုကျော်သူတို့ သုခ ကုသိုလ်ဖြစ်ဆေးခန်းအတွက် အလှူကို ၀ိုင်းထည့်ဝင်တာတွေ လုပ်တယ်။ ပြည်တွင်းက မိတ်ဆွေတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို စိတ်အား လူအား တတ်နိုင်သလောက် ကူညီတယ်။ အားလုံးကိုလည်း မြန်မာပြည်အရေးကို ၀ိုင်းဝန်းကြဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ တရားဝင်ရပ်တည်မှုကို ကာကွယ်ကြ လို့ တိုက်တွန်းလိုပါတယ်”
ဟု ဘတ်ဖဲလိုးမြို့နေ မြန်မာမိသားစုတဦးဖြစ်သူ ကိုမောင်မောင်ဝမ်းက ပြောကြားလိုက်သည်။
(ဓာတ်ပုံ – နယူးယောက်၊ ဘတ်ဖဲလိုးမြို့၊ မြန်မာ့အရေး အခမ်းအနားမြင်ကွင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts