ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Interview with U Win Tin – Human Rights Day & Burma

>

နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းကျနေတဲ့ နိုဘယ်ဆုရှင်သစ် ကို စာနာခြင်း
ဦးဝင်းတင်နဲ့ မေးခွန်းများ
ဒီဇင်ဘာ ၁၂၊ ၂၀၁၀
ဒီဇင်ဘာ ၁၀ ရက်နေ့က နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဋ္ဌာနချူပ်မှာ အခမ်းအနားကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ၈၀၀ နီးပါးနဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့ကြတယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေရဲ့ ခံစားချက်တွေ၊ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ အခက်အခဲတွေ၊ ဖိနှိပ်ချုပ်ချယ် ခံနေရမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုနေ့မှာ အထူးဂရုပြု ထုတ်ဖော်ပြောကြားခြင်း၊ တာဝန်ယူ ဆောင်ရွက်မည့် အစီအစဉ်တွေကို ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာဦးဝင်းတင်ကို လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်ရက်စေ့လို့ လွတ်မြောက်လာပြီးနောက်မှာ အကောင်းမြင်သူတွေက မြင်နေကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေရဲ့ ဘ၀တွေ၊ အခြေအနေတွေကိုကော အကောင်းမြင်လို့ ရပြီလား။
အစကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးတဲ့ နယ်တွေ အဝေးက ထောင်တွေကို ပို့ထားတယ်။ မိသားစုတွေမှာ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲတွေ အများကြီး ရှိတယ်။ အိုင်စီအာရ်စီက နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ခရီးစာရိတ်လိုမျိုး ကူညီထောက်ပံ့မှုတွေ လုပ်ပေမယ့် လောက်ငှမှုမရှိဘူး။ အကန့်အသတ်တွေ ရှိတယ်။ ခရီးစာရိတ်အပြင် နေဖို့ ထိုင်ဖို့ တည်းခိုဖို့ စာရိတ်တွေ အများကြီး ရှိတယ်။ ဒါတွေက ငွေသိန်းချီပြီး ကုန်ကျရတာတွေ ရှိတယ်။ ဒါတွေကို အကျဉ်းသားမိသားစုတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောဖြစ်တယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ထောင်အာဏာပိုင်တွေက ဆက်ဆံရေးတွေကိုယ်တိုင်ကကော ကောင်းမွန်လာတာ ပြောင်းလဲလာတွေ ရှိလာပြီလား။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေအပေါ်မှာ နေရာအတော်များများမှာ ကောင်းမွန်တိုးတက်တဲ့ ပြောင်းလဲမှုတွေ မရှိသေးဘူး ဆိုတဲ့ အကြောင်းတွေ တင်ပြကြတယ်။ ဒါကို ဆွေးနွေးဖြစ်တယ်။ ထောင်အာဏာပိုင်အချို့က နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အာဏာပြတုန်း၊ အနိုင်ကျင့်တုန်း၊ ညစ်ပတ်တုန်းပဲ ရှိသေးတယ်။ ထောင်ဝင်စာကိစ္စတွေကို ထောင်အာဏာပိုင်တွေက အကြပ်ကိုင်စရာလိုမျိုး သုံးတယ်။ ဥပမာ မီဒီယာနဲ့ မိသားစုတွေက စကားပြောရင် သူတို့က ထောင်ဝင်စာကို ပိတ်ပစ်တာမျိုးတွေလုပ်နေတယ်။ ခြိန်းခြောက်တာတွေ လုပ်တယ်။ ဒါတွေ ရှိနေတုန်းပဲ။
ဘာသာရေးအရ ကန့်သတ်ခံထားရတာတွေကော ပြောဖြစ်သလား ဆရာ။
ပြောကြပါတယ်။ ဥပမာ – ဘူးသီးတောင်ဘက်မှာ မွတ်စလင်ဘာသာဝင်တွေ ခရီးသွားလာရင် အာဏာပိုင်တွေက ကန့်သတ်တာတွေ၊ စစ်ဆေးတာတွေ ရှိတယ်။ အဲသည် ဘူးသီးတောင်ဖက်က ထောင်ကို မွတ်ဆလင်နိုင်ငံရေးအကျဉ်းသားတွေကို ပို့ထားတယ်။ သူ့မိသားစုတွေက အဲသည်ကန့်သတ်ထားတဲ့နယ်ကို သွားပြီး ထောင်ဝင်စာတွေ့ဖို့ဆိုရင် သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ် ဆိုတဲ့အကြောင်းတွေ တင်ပြကြတာတွေ ရှိတယ်။
နိုင်ငံရေးအကျဉ်းသားတွေမှာ ကျန်းမာရေးအာမခံချက်တွေ၊ လွတ်လပ်စွာ ဆေးကုသခွင့်တွေ ရရှိဖို့ လိုအပ်တဲ့အကြောင်း ကိုကော ပြောကြသလားဆရာ။
ကျန်းမားရေးအရ ဂရုတစိုက် စောင့်ရှောက်မှုတွေ မရှိဘူး။ မိသားစုတွေကော ကာယကံရှင်တွေကိုယ်တိုင်က ထောင်အာဏာပိုင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် တောင်းဆိုတာတွေ ရှိတယ်။ ကျန်းမာရေးအရ ဆေးကုပေးပါ တောင်းဆိုတဲ့အခါ အချို့ကတော့ ဆေးကုသခွင့်ရပေမယ့် တချို့ကတော့ ဆေးကုပေးဖို့ လူတွေကို ပြောင်းရွှေ့တာမျိုးတွေ လုပ်လာတယ်။ တကယ်တမ်းကျတော့ ထောင်ပြောင်းလိုက်တာမျိုးဖြစ်ပြီး ဆေးကုသခွင့် လုံးဝမရတာမျိုးတွေ ရှိတယ်။ ရောဂါတွေလည်း အများကြီး ဖြစ်ပွားတယ် ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေခွင့်မရှိကြဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကျွေးမွေးထားခြင်း မရှိဘူး။ ဒါကြောင့် ထောင်တွင်းမှာ အကျဉ်းသားတွေဟာ ရောဂါရတယ်၊ နာမကျန်းဖြစ်တယ်၊ ဆေးကုသဖို့ လိုလာတယ်။ ဒါကိုလည်း ကောင်းကောင်း မလုပ်ပေးနိုင်ဘူး။ ပုံမှန် ဆရာဝန်နဲ့ ပြသခွင့်တွေ မရှိဘူး။ ဒါတွေကို ပြောဖြစ်ကြတယ်။ ဆွေးနွေးတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီအရေးကိစ္စတွေကို ဘယ်လိုများ ပြန်ပြောသလဲ ဆရာ။ သူ့အမြင်နဲ့ သဘောထားက ဘယ်လို ရှိသလဲ။
အဓိကအချက်တွေ ကြည့်လိုက်ရင် – မိသားစုနဲ့ဝေးတဲ့ ထောင်တွေမှ ချထားတာ၊ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲတွေ၊ စာရိတ်စက ငွေကြေး အကြပ်အတည်း အခက်အခဲတွေ၊ ဒါတွေကို သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောခွင့် မရှိတာတွေ၊ ထောင်အာဏာပိုင်တွေက အာဏာကို အလွဲသုံးတာ၊ ပြီးတော့ ထောင်တွင်း ဆေးကုသခွင့်တို့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကို ပြောကြတာ ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြန်ပြောသလဲ ဆိုတော့ ကျမက အခုလို နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပါ့မယ်လို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။
အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းမယ် ဆိုတဲ့ နေရာမှာလည်းပဲ အိုင်စီအာရ်စီလိုမျိုး အခက်အခဲဆိုတာက သူတို့မှာ အရင်တုန်းကလို အကျဉ်းထောင်တွေထဲ ၀င်ထွက်သွားလာခွင့်တွေ မရှိတော့ဘူး။ သူတို့က အပြင်ကနေ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ခရီးစာရိတ်တဆင့် ထောက်နိုင်တာပဲ ရှိတယ်။ သူတို့မှာလည်း ဘတ်ဂျက်တွေဘာတွေ လျော့တော့ အခက်အခဲရှိတာပေါ့။
အဲသည်လိုမျိုး အင်န်အယ်ဒီမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေကို ကူညီထောက်ပံ့တယ် ဆိုတာက တလကို အနည်းဆုံး သိန်း ၃၀၊ ၄၀ ရှာရတာ။ အဲသည် သိန်း ၃၀၊ ၄၀ လောက်တောင်မှ အင်န်အယ်ဒီက လုံလောက်အောင် ပေးနိုင်တာ မဟုတ်ဘူး။ ခရီးစာရိတ်ပေးတယ်။ ဆေးဝါးပေးတယ် ဒါမျိုးလောက်ပဲ လုပ်နိုင်တာလေ။ အခုဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့ကူညီတယ်ဆိုတာက အင်န်အယ်ဒီပါတီကော အခြားပါတီ အဖွဲ့အစည်းတွေကကော နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်လောက်ကိုပဲ ပုံမှန် ကူညီနိုင်အောင် လုပ်နေရတာပဲ ရှိသေးတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်တိုင်လည်း ငွေကြေးအကူအညီတွေ ရှာပါ့မယ်။ အိုင်စီအာရ်စီတို့ကိုလည်း အကူအညီတောင်းမယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အရေးကိစ္စတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ကတိပြုလိုက်တာ ဖြစ်ပါတယ်။
ဒါဆိုတော့ သူတဦးတည်းအနေနဲ့ ဒီကိစ္စတွေကို ရှင်းသွားမယ်လို့ ပြောတာလား။ သက်ဆိုင်ရာ တာဝန်ခွဲဝေမှုတွေ၊ အလုပ်သတ်မှတ်မှုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေအတွက် ဆောင်ရွက်မယ် လို့ ပြောတာလား။ ဘယ်လိုပြောတာလဲ ဆရာ။
ဟုတ်ပါတယ်။ ကိုယ်တိုင်က ဒါတွေကို သူလုပ်နိုင်သလောက် လုပ်မှာအပြင်၊ သက်ဆိုင်ရာ တာဝန်ခွဲဝေမှုတွေကိုလည်း လုပ်မှာပါ။ ဥပမာ ဥပဒေရေးရာ တရားစွဲဆိုတာ၊ ဖြေရှင်းရတာတွေနဲ့ ပတ်သက်ပြီးတော့ ဦးဥာဏ်ဝင်းတို့လို ဥပဒေပညာရှင်အဖွဲ့တွေ ရှိမယ်။ ငွေကြေးအရ ကူညီထောက်ပံ့ဖို့ကိစ္စတွေ အတွက်ဆိုရင် လူမှုထောက်ကူအဖွဲ့က ဦးစောနိုင်းနိုင်းတို့ အဖွဲ့တွေ ရှိမယ်။ ဒါမျိုးတွေ ရှိပါတယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်နဲ့ မိသားစုတွေကို်ယ်တိုင်အတွက် ဘယ်လိုလုပ်ပြီးတော့ အာဏာပိုင်တွေ၊ ထောင်အာဏာပိုင်တွေကို ပြန်လည် ရင်ဆိုင်ကြမှာလဲ ဆိုတဲ့ကိစ္စအတွက်ကော ဘယ်လို ကာကွယ်မှုတွေ၊ သိရှိမှုတွေ ရှိမှာလဲ ဆရာ။
အဲသည်ကိစ္စကိုလည်း ဒေါ်စုက ဥပဒေကြောင်းနဲ့အညီ ရင်ဆိုင်နိုင်ကြဖို့ ပြောပါတယ်။ ဥပမာ အကျဉ်းသားလက်စွဲတို့၊ အကျဉ်းထောင်လက်စွဲတို့ပေါ့ကွာ။ အကျဉ်းသားတွေအနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးတွေ ရှိတယ်၊ ထောင်ဖက်က ဘာတာဝန်တွေ ယူရမယ်ဆိုတာကို ပြောထားတာတွေကို စာအုပ်စာတမ်းတွေက မြန်မာပြည်မှာ ရှာလို့ မရဘူး ဖြစ်နေတယ်။ အစိုးရဖက်က ရှိပြန်ရင်လည်း နိုင်ငံတကာဥပဒေ စံချိန် စံညွှန်းနဲ့အညီ အမှန်အတိုင်းရေးထားတာ မဟုတ်ပဲ သူတို့စိတ်တိုင်းကျ ရေးထားတာတွေဖြစ်နေတယ်။ အကျဉ်းသားအခွင့်အရေးဆိုတာမျိုးကို  ဖျောက်ထားတယ်။ ဒီလိုစာအုပ်မျိုးတွေကို လက်ခံထားလို့လဲ မဖြစ်ဘူး။ ဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ မူရင်းကနေ ဘာသာပြန်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုတွေလက်ထဲကို အရောက် ပေးပို့ရမယ်။ သိအောင် ပြောပြရမယ်။ ဒါတွေကိုလည်း ဒေါ်စုက ပြောပါတယ်။ အစီအစဉ်တွေ ရှိပါတယ်။
ဆရာရဲ့ ဘာလဲဟဲ့ လူ့ငရဲစာအုပ် ထွက်လာတဲ့ နောက်ပိုင်းမှာလည်း အကျဉ်းထောင်ထဲက အာဏာပိုင်တွေအထဲမှာ ရိုက်ခတ်မှုရှိတယ်ဆိုတဲ့ အကြောင်းလည်း ရှိသေးတယ်လေ ဆရာ။
ဟုတ်တယ်။ ဒါကလည်း တခုပေါ့ကွာ။ ကျနော်ကြားသလောက်ကတော့ အဲသည်တုန်းက စစ်ကောင်စီထဲက ဗိုလ်ရွှေမန်းတို့က ကျနော့်စာအုပ်ကို သူတို့ဆီက ရဲတပ်ဖွဲ့တွေ၊အကျဉ်းဦးစီးက လူတွေကို ဖတ်ပြုခိုင်းတယ် ကြားဖူးတယ်။ အကျဉ်းထောင်အချို့မှာ ပြုပြင်ရေးတွေ ဘာတွေ လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုသော်လည်း အခုတော့ ဘာတွေ ဆက်ဖြစ်နေသလဲက မသိတော့ဘူးပေါ့ကွာ။
လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မလွတ်မြောက်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ ဆွေးနွေးကြတာတွေ၊
ပြင်ဆင်မှုတွေနဲ့ ကတိပြုကြတာတွေ လုပ်ကြတယ်လို့ ပြောရမှာပေါ့ ဆရာ။
ဟုတ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေက နှစ်ထောင်ကျော်တောင် ရှိတယ်။ အားလုံးအတွက် ဘာတွေ ဆက်လုပ်ကြမလဲ ဆရာ။ သူတို့တွေအကြောင်း စာရင်း ထုတ်ပြန်တာ၊ သူတို့တွေကို အများက သိရှိပြီး ဘယ်လို ၀ိုင်းဝန်းကြဖို့ တိုက်တွန်းတာမျိုးတွေ စဉ်းစားထားသလား ဆရာ။
ရှိတယ်။ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားထားတွေရှိပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီအားပေးနိုင်ဖို့ ရန်ပုံငွေ ဈေးရောင်းပွဲ လုပ်နိုင်ဖို့တို့၊ အကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုထားပြီးတော့ မှတ်တမ်းလုပ်ထားတာတို့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေ၊ ပို့စကဒ်တွေ ရောင်းချပြီး ရန်ပုံငွေ ရှာမယ်လို့ ပြောကြတာတွေ ရှိပါတယ်။ ကူညီချင်တဲ့သူတွေကလည်း အကျဉ်းသားစာရင်းကို မဲနှိုက်ပြီးတော့ ရွေးချယ်ပြီး သတ်သတ်မှတ်မှတ်ကူညီနိုင်ကြဖို့ ဒါမျိုးတွေ ဆက်ပြီး ဆွေးနွေးကြရမှာပေါ့ကွာ။ ဒါတွေကို အားလုံးက ၀ိုင်းဝန်းပြီး လုပ်ကြရလိမ့်မယ် ပြောချင်ပါတယ်။
ဒီတော့ အခုလို နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာပြည်တွင်းမှာ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ၊ စီစဉ်မှုတွေ ရှိသလိုမျိုး မြန်မာပြည်ရဲ့ ပြင်ပ တရုတ်ပြည်မှာလည်း ဒေါ်စုကဲ့သို့ အကျဉ်းကျနေချိန်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူ လျူရှောင်ဘို ဆိုတဲ့ လူ့အခွင့်အရေးစွမ်းဆောင်သူတဦးလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ ထုတ်ဖော်ပြောဆိုပါသလဲ ဆရာ။
ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီမေးမြန်းခန်းမှာ ပြောတာကတော့ လျူရှောင်ဘို ဖမ်းဆီးခံထားရတာအတွက် စိတ်မကောင်းဘူး လို့ ပြောပါတယ်။ ပြီးတော့ မိမိနဲ့ထပ်တူ စာနာ ထောက်ထားမှုကို လက်ကမ်းလိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည် …)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts