>World HIV Day held at NLD HQ in Rangoon

>

ကမ္ဘာ့ အိတ်ခ်ျအိုင်ဗီ နေ့ အထိမ်းအမှတ်နေ့ အန်အယ်လ်ဒီရုံးချုပ်မှာ ကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၃၊ ၂၀၁၀
ဒီဖင်ဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အေ့စ်ရောဂါနေ့ အထိမ်းအမှတ်နေ့ကို ယနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) တွင် ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးတွင် ကျင်းပခဲ့ပြီး အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား ဖိတ်ကြားထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ စကားပြောခဲ့သည်။
ရုံး အ၀င်ဝတွင် ထိုင်နေကြသည့် အိပ်ခ်ျအိုင်ဗီဝေဒနာသည်များ
ယနေ့နံနက် ၉နာရီခွဲတွင်ကျင်းပသည့်ပွဲသို့ နိုင်ငံခြား သံတမန်များ၊ စိတ်ဝင်စားသူများနှင့် သတင်းမီဒီယာများမှ လာရောက်ခဲ့ကြသည်ကို တွေ့ရသည်။
မဖြူဖြူသင်း ဦးစီးလျက်ရှိသည့် လူမှုအထောက်အကူပြု အဖွဲ့က စောင့်ရှောက်ကူညီထားသည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များ ဒါဇင်နှင့်ချီတက်ရောက်ကြသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ဝေဒနာရှင်များအား အားပေးစကားပြောပြီးနောက် ကဗျာဆရာများ ၊ ဂီတပညာရှင်များကလည်း တေးဂီတများ တီးခတ်ပြီး ဖြေဖျော်ခဲ့ကြသည်။ ကဗျာဆရာ ငြိမ်းသစ် ၊ ကြည်မောင်သန်းတို့ကလည်း ကဗျာဖြင့် ရွတ်ဆိုခဲ့ကြသလို အဆိုတော် ကိုရဲလွင်ကလည်း နဒီမင်္ဂလာတေးသီချင်းဖြင့် အသီးသီး ဂုဏ်ပြုခဲ့ကြသည်။


ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့ကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း
ရန်ကုန်မြို့မှ သာမက နယ်မြို့များမှ အိတ်ခ်ျအိုင်ဗီ စေဒနာသည်များပါ လာရောက်ကြသည်ကို တွေ့ရှိရသည်။ ခရမ်းသုံးခွမှ လာရောက်သည့် အိတ်ခ်ျအိုင်ဗီဝေဒနာခံစားနေရသည့် ကလေးငယ် ဖြစ်သူ၏ မိခင်က ပြောရာမှာ
“ဒီနေ့ အန်အယ်လ်ဒီရုံးမှာ ဝေဒနာသည်တွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲ လုပ်မယ်ဆိုတာ ကြားလို့လာတာ၊ သားကလည်း ကြီးကြီး (မဖြူဖြူသင်း) နဲ့တွေ့ချင်လို့ ပူဆာတာနဲ့ လာခဲ့တာ၊ သူက ကြီးကြီးနဲ့ မတွေ့ရရင် စိတ်ထဲမှာ မကောင်းဘူး။ မဖြူက သူ့အသက်ကို ကယ်ခဲ့တာလို သူကခံစားနေရတာ၊ ဆေးရုံကတော့ ဆေးပေးတယ်။ မဖြူက မိသားစုလိုပဲ ဆက်ဆံတာ၊ သူ့ အမေလိုပဲ လို့ပြောပါတယ်။”
အိတ်ခ်ျအိုင်ဗီဝေဒနာ ခံစားနေရသည့် ၈ နှစ်သားအရွယ်ကလေးငယ် မဖြူဖြူသင်းကိုတွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေစဉ်
၈နှစ်သား အရွယ်ရှိသူ ကလေးငယ်မှာ မိဘနှစ်ဦးထံမှ ကူးစက်ခြင်းမဟုတ်ပဲ ဆေးထိုးခြင်း၊ သွေးသွင်းခြင်း စသည့်နည်းလမ်းများမှ ကူးစက်ခံရခြင်း ဖြစ်နိုင်ပြီး လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် စတင်သိရှိခဲ့သည်ဟု မိခင်ဖြစ်သူက ပြောသည်။
တနှစ်တာ ကာလအတွင်း ဆေးရုံ ၃ ကြိမ်တက်ရောက်ကုသခဲ့ရပြီး လွန်ခဲ့သည့် လပိုင်းတွေထက် ယခုအချိန်တွင် အခြေအနေတိုးတက်ကောင်းမွန်လာသည်ဟု မိခင်ဖြစ်သူက ပြောသည်။
ကလေးငယ်ဖြစ်သူ အောင်မြင့်မြတ်က သားကြီးလာရင် ကြီးကြီး (မဖြူ) ကိုလုပ်ကျွေးမယ် ဟုမကြာခဏပြောလေ့ရှိသည်ဟု မိခင်ဖြစ်သူကပြောပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts