>Burmese Children in Washington DC raised Awareness for Burma with Red Ribbon

>


မြန်မာပြည်က ဝေဒနာရှင်တွေအတွက် ဝါရှင်တန်ဒီစီ မြန်မာလူငယ်ကလေးများရဲ့  Red Ribbon လှုပ်ရှားလှုံ့ဆော်မှု
ဇာဝါရီ (မယ်ရီလန်း)
နိုဝင်ဘာ ၃၀၊ ၂၀၁၀
ဝါရှင်တန်ဒီစီမြို့ လည် လူစည်းကားရာနေရာတခုဖြစ်တဲ့ Dupont Circle ပန်းခြံထဲကို ဒီစီ မက်ထရိုး (DC Metro) တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာကွန်မြူနီတီတစု အေးမြတဲ့ ဆောင်ဦးရာသီကို အံတုပြီး စုရုံးရောက်ရှိလာခဲ့ကြတယ်။ အချိန်က နိုဝင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့၊ နေ့လည် တစ် နာရီခန့် လူကြီးမိဘတချို့  ပံ့ပိုးပေးမှုနဲ့ ဆယ်ကျော်သက်ရွယ် လူငယ်တချို့  နဲ့ ဆယ်နှစ်ပတ်ဝန်းကျင် ခလေးငယ် ၁၄-၁၅ ယောက်တို့ Burma Red Ribbon Campaign လှုပ်ရှားလှုံဆော်မှု ခေါင်းစီးစာတန်းကို ချိတ်ဆွဲပြီး သူတို့ရဲ့  တေးဂီတ ဖျော်ဖြေမှုကို စတင်လိုက်ကြတယ်။ 
 
ပန်းခြံထဲရှိ ခုံတန်းလျားများ နဲ့ ဆောင်းတွင်းကာလမှာ ပိတ်ထားတဲ့ ရေပန်းဝိုင်းကြီးဘောင်ပေါ်တဝိုက်မှာ နေလှုံနေကြတဲ့ လူတွေ နဲ့ ဖြတ်သန်းသွားလာကြတဲ့ လူတွေကို ခလေးငယ်တွေက မြန်မာပြည်အကြောင်း နဲ့ Burma Red Ribbon လှုပ်ရှားလှုံဆော်မှုအကြောင်း ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များကို ပေးကမ်းပြီး သူတို့အနေနဲ့ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အစိုးရ ဖိနှိပ်မှုအောက်မှာ အကူအညီမဲ့ ဒုက္ခဝေဒနာ ခံစားနေကြရတဲ့ HIV/AIDS ဝေဒနာရှင် ရောဂါသည်များကို ကူညီထောက်ပံ့ဖို့အတွက် အခုလို လာရောက်သီဆိုကခုန် ရန်ပုံငွေရှာကြတာကို ရှင်းလင်းပြောဆိုကြတယ်။ 
 
သူတို့ ဖြေဖျော်မှုကို စိတ်ဝင်တစား ကြည့်ရှုအားပေးနေကြသူတွေက သူတို့လေးတွေရဲ့  မြင့်မြတ်တဲ့ လုပ်ဆောင်မှုကို ချီးမွမ်း ထောပနာပြုပြီး အလှူငွေများ ပေးကမ်းကြတယ်။ အင်္ဂလိပ်၊ မြန်မာ သီချင်းများကို တဦးချင်း၊ အုပ်စုလိုက် စည်းဝါးသံစဉ်မှန် သီဆိုနိုင်ကြသလို၊ လှပမြူးကြွတဲ့ မြန်မာရိုးရာအက၊ အနောက်တိုင်း ကကွက်များနဲ့လည်း ဖြေဖျော်ကြတယ်။ သူတို့တွေရဲ့  စေတနာစိတ်ထားမှန် လုပ်ရပ်ကြောင့်လို့ ပြောရမလား တမနက်လုံး အေးစိမ့်အုံ့မှိုင်းနေတဲ့ ရာသီဥတုကလည်း နွေးထွေးလာပြီး နေရောင်ခြည်နဲ့အတူ ပန်းခြံထဲကို လူတွေ ပိုရောက်လာပြီး ထူးခြားတဲ့ မြန်မာလူငယ်ကလေးများရဲ့  သီဆိုဖြေဖျော်မှုကို ကြည့်ရှုအားပေးကြတယ်။ 
 
ရှစ်တန်းကျောင်းသူလေး ချမ်းမြေ့စုကြည် က
“သမီးအနေနဲ့ သမီး အရမ်းချစ်၊ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် ပြည်သူတွေကို တိုက်တွန်းပြောဆိုနေတဲ့ မြန်မာပြည်အတွင်းမှာ ဒုက္ခဆင်းရဲ ရောက်နေတဲ့ ပြည်သူများနဲ့ အထူးသဖြင့် အကူအညီအထောက်အပံ့ လိုအပ်နေတဲ့ HIV/AIDS ဝေဒနာသည်များကို ပြည်ပရောက် မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့ နိုင်ငံတကာ မိသားစုများအနေနဲ့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ လုပ်ဆောင်ကြဖို့ ပြောဆိုတာကို ကြားသိရလို့ တတ်နိုင်သလောက် ကူညီပံ့ပိုးနိုင်ဖို့ အခုလို သူငယ်ချင်းများနဲ့အတူ ဒီလှုပ်ရှားမှုမှာ ပါဝင်ခြင်းဖြစ်ပြီး နောက်ပိုင်း အပတ်စဉ် ပြုလုပ်သွားမယ့် Red Ribbon Campaign နဲ့ နိုင်ငံတကာ မိသားစုများ မြန်မာပြည်အခြေအနေ ပိုမိုသိရှိလာရေးလှုံဆော်မှုများကို ဆက်လက် ပါဝင်လုပ်ဆောင်သွားပါမယ်”
လို့ ပြောဆိုတယ်။  
သူတို့လေးတွေရဲ့  ပွဲဦးထွက် ဖျော်ဖြေမှုက တစ်နာရီကျော်အတွင်းမှာ အလှုငွေ ရာကျော်ရရှိပြီး အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့တယ်။ ဒီနေ့ ပါဝင်ဖြေဖျော်ကြတဲ့ လူငယ်များနဲ့ ခလေးငယ်တွေအားလုံး သူတို့အနေနဲ့ ကျောင်းပိတ်ရက်မှာ ဒီလိုအကျိုးရှိ မွန်မြတ်တဲ့လှုပ်ရှားမှုမှာ ပါဝင်လုပ်ဆောင်နိုင်ကြတာကို ဂုဏ်ယူဝမ်းမြောက်ကြကြောင်း နဲ့ နောက်ပိုင်းလည်း သူတို့အနေနဲ့ ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရောက် မြန်မာလူငယ်များ နဲ့ မိသားစုများလည်း ဆင်းရဲဒုက္ခရောက်ရှိနေတဲ့ မြန်မာပြည်သူပြည်သားများ နဲ့ HIV/AIDS ရောဂါဝေဒနာရှင်များကို တတ်အားသရွေ့  ဝိုင်းဝန်ပံ့ပိုး ကူညီလုပ်ဆောင်သွားကြပါလို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းချက်ကို ထပ်ဆင့်မေတ္တာရပ်ခံပါကြောင်း ပြောဆိုကြတယ်။
အသက်အရွယ်နဲ့မမျှ သူတို့လေးတွေရဲ့  မေတ္တာစိတ်အပြည့် ဖြူစင်တဲ့စိတ်ဓါတ်ကို လေးစားဂုဏ်ယူမိပြီး အများသိစေဖို့ မျှဝေလိုက်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများအချင်းချင်း တဦးနဲ့တဦး ဆထက်တပိုး ရိုင်းပင်းကူညီ စောင့်ရှောက်နိုင်ကြပါစေ။

(ဓာတ်ပုံ – နို၂၈၊ ၂၀၁၀။ ၀ါရှင်တန်ဒီစီ၊ ဒူးပွန့်အ၀ိုင်း။ မြန်မာကလေးငယ်များ – မြန်မာပြည် HIV AIDS ဝေဒနာသည်များအတွက် ရန်ပုံငွေမြင်ကွင်း။ ဓာတ်ပုံ ဇာဝါရီနဲ့ မိတ်ဆွေများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts