>Mar Mar Aye – 356

>

“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၆)

ဓနုဖြူ စိုးသိန်း ၀န်းကျင်
မာမာအေး
နိုဝင်ဘာ ၂၉၊ ၂၀၁၀


[ဤ အသံလွှင့် ဆောင်းပါးကို BBC http://www.bbc.co.uk/burmese/programmes/2010/11/101125_mmaye.shtml တွင် နားဆင်နိုင်သည်။]

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီနေ့တော့ ဓနုဖြူ စိုးသိန်း ကျင်လည်သွားတဲ့ တေးတို့ရဲ့ သဘာဝ၊ အထာမကျစေတဲ့ လုပ်ငန်းနဲ့ ပဏ္ဏာရတာတွေကို ပြောပြဖို့ ကောင်းလို့ နားထောင်ပေးပါဦးနော်။

မာအေး သူ့ကို စပြီး တွေ့ခဲ့တာ ကြည့်မြင်တိုင် ထီးတန်းဈေးကလေး ဆိုတဲ့ နေရာမှာ စုမိနေတဲ့ သဘင်၊ ဂီတ အုပ်စုထဲမှာပါ။ ငယ်ငယ်က မာအေး ကျောင်း စတက်ခဲ့တဲ့နေရာပေါ့။ အဖေ့ဖက်က အမျိုးတွေ ရှိလို့ မကြာခဏ ရောက်ပါတယ်။ နိုင်ငံကျော် ဂီတ စာဆိုကြီး ရွှေတိုင်ညွန့်ရဲ့ ဆွေမျိုး သားသမီး၊ အကိုကြီး၊ နှစ်မကြီးတွေလဲ ရှိပါတယ်။ ဟာသ ဆရာကြီး ဦးကြင်ခဲရဲ့ မိသားစု လက်ကျန် သဘင်ရွာကလေး လို့ ဆိုလောက်ပါတယ်ရှင်။

အဲဒီ အုပ်စု ထဲမှာ ရွှေတိုင်ညွန့်ရဲ့ သားကြီး ကိုမျိုးဆက်က ခေါင်သူကြီးပြောပါတော့၊ သူက သီချင်းလဲ ရေးတယ်၊ ကိုယ်တိုင်လဲဆိုပါတယ်။ အဖိုးရဲ့သွေးမို့ ထင်ပါရဲ့၊ ‘အပျိုကြီးမမ’ ဟာသ သီချင်းနဲ့ ပေါက်မြောက်ခဲ့တာဘဲ။ အေ၀မ်း တင်တင်လှလေးရဲ့ ပထမ နာမည်ရခဲ့တဲ့ ‘ဖူးရွှေလက်တင်’ သီချင်းဟာလဲ အကိုမျိုးဆက်ရဲ့ လက်ရာလေးဘဲ။ အပြောချိုချို သဘောကောင်းကောင်း ဆိုတော့ အပေါင်းအသင်းများတာကိုး။ လူပျိုသိုးခြင်းမို့ အကိုမျိုးဆက်နဲ့ အကိုစိုးသိန်း တွဲမိတယ် လို့ ခံစားရပေမယ့် ကိုမျိုးက ပုပု၊ ကိုစိုးက ရှည်ရှည်၊ နှုတ်က ရွှတ် မနေရရင် မပျော်ရွှင်တဲ့လူစားတွေ အဖြစ် မြင်ခဲ့ရပါတယ်ရှင်။

အကိုစိုးသိန်းရဲ့အဖေကလဲ သီချင်းရေးသတဲ့။ နာမည်မကျော်သော်လည်း သူ့သားဆိုခဲ့တဲ့ သီချင်းလေးတပုဒ်တော့ ထုတ်ပြလို့ရပါသေးတယ်။ ဂီတစာဆို နာမည်ကို “ဦးဒိုးအောင်(ဓနုဖြူ)” လို့ ၁၉၆၄ခုနှစ်၊ ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ ‘မြမာလာ’ သီချင်းစာအုပ်ကလေးမှာ ဖော်ပြထားတာ တွေ့ပါတယ်။ သူ့ရဲ့ သီချင်းနာမည်က “စပယ်ငုံ” တဲ့။ မြန်မာ့အသံဓာတ်ပြားရသီချင်းတပုဒ်ပါရှင်။ မာအေးတို့ငယ်စဉ်က ကဗျာတွေသင်ရတော့ ရွတ်ခဲ့ဖူးတဲ့ ‘စပယ်ရုံ’ ကဗျာက အဓိပ္ပါယ်ကို နည်းနည်း အခြေခံပြီး စပ်ထားတာ တွေ့ရပါတယ်။

“စပယ်တဲ့လေးရုံ၊ မလေးမယ် မပန်ထိုက်တယ်ကွယ်၊ ပန်းပြတ်ခိုက်ကြုံ”
သတိရကြရဲ့လား ချစ်ဆွေတို့ရဲ့။ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးတဲ့ မြတ်စွာဗုဒ္ဓ လေးဆူကို မမီလိုက်လို့၊ နောက်တဆူပွင့်မယ့် ဘုရားရှင်ကို မျှော်ရသခိုက်မို့ ပန်းပြတ်တဲ့အချိန်နဲ့ ကြုံတယ် လို့ ဖွဲ့ထားခဲ့တဲ့ ရှေးကဗျာလေးလေ၊ “ပန်ချင်သူ ညိုညိုထွေးရယ် ခေါင်းဖီးခဲ့လေး” ဆိုတဲ့ စာနဲ့ အဆုံးသတ်တဲ့ ကဗျာပေါ့နော်။

ဦးဒိုးအောင်ကတော့ သီချင်း လုပ်လိုက်တာကိုး၊ တမျိုး နားထောင်ရတာပေါ့လေ။ ဓနုဖြူစိုးသိန်းအသံမှ မရနိုင်တာ ဆိုတော့ ထုံးစံအတုငိး တပိုဒ်တော့ ဆိုကြည့်စမ်းပါဦးမယ်။ အကိုစိုးသိန်းက အခုနေရာမှာ စုံစည်းနဲ့ ဆိုခဲ့ပါတယ်။

xxxအမှန်မှာ … သံသရာ ရေယာဉ်ကြော၊ တသောသော မျောတဲ့ဘုံ၊ စေတနာကောင်းမှ အကြောင်းလှရုံ၊ လေးပါးသစ္စာ ဟောကြားထားတဲ့ … မြတ်ဘုရားကိုယုံ၊ သတ္တ၀ါများရဲ့ သနားစရာဘုံ၊ မြတ်စွာဘုရားရဲ့တရားဟာဂုဏ်၊ အပါယ်ဝေးဖို့ စပယ်ငုံငုံ၊ မောင်မယ်တွေ ခူးကြစမ်းပါ့အကုန်၊ မဂ်စိတ်ရဲ့ ပညာအဟုတ်၊ တက်လိမ့်မယ် မင်္ဂလာအဖုံဖုံ၊ ပန်ချင်သူ ခူးကြ ငွေစပယ်ငုံxxx
(စပယ်ငုံ – ဒုတိယအပိုဒ်)

ဓနုဖြူ စိုးသိန်း ဖခင်ရဲ့ တေးလက်ရာပြီးတော့ သူ့အဖိုးရဲ့ အနုပညာ ရွှေရည်စိမ် ပန်းတိမ်လက်ရာ အကြောင်း ပြောပြချင်ပါတယ်ရှင်။ မာအေးကိုယ်တိုင်တော့ မကြုံခဲ့ရပါဘူး။ မေမေတို့ခေတ်မှာတော့ တကယ့်ကို ကောင်းတဲ့၊ ခန့်တဲ့ ရွှေနဲ့မှားရတဲ့ မြန်မာ့ရိုးရာ ရွှေရည်စိမ် လက်ဝတ်လက်စားတွေ ၀တ်ဆင် အသုံးပြုခဲ့ကြတယ်။ ခေတ်စားခဲ့ပါတယ်ရှင်။ အဲဒီ ရွှေရည်စိမ်တွေ တီထွင်ဖန်တီးခဲ့တာ ဓနုဖြူ စိုးသိန်းရဲ့ အဖိုးပါ။ နာမည်က ‘ဦးဘိုးချမ်း’ တဲ့။ ရွှေပေါင်ခံတဲ့သူတွေတောင်မှ ရွှေနဲ့မှားလောက်အောင် တုနိုင်တာမို့ ရွှေများများစားစား ၀တ်ထားကြွားတတ်တဲ့သူကို ‘ဦးဘိုးချမ်းပါကွာ’ လို့ ကြည်စယ်သမှု ပြုခဲ့ကြတဲ့အထိပါပဲ။

စစ်ဘေးတွေကြုံ၊ သူပုန်သူကန် တောကြောင်ရန် ကြောက်ရ၊ ရွှေအစစ်ဝတ်ပြုလို့ကတော့ ဓါးပြလက်ထောက်ချသလို ဖြစ်မှာကိုး။ မိန်းမ ဆိုတာမျိုးကလဲ လှချင်ပချင် ၀တ်ချင်စားချင် တတ်တော့ အတုလေးလဲ ဇိမ်ဘဲ ရှင့်။ ၀တ်ဆင်ကြတာဘဲပေါ့။ အန္တရာယ်တောင် ကင်းသေးတယ် တဲ့။

တချို့ မိဘတွေက ရွှေခြေချင်းဝတ်တာ မကြိုက်ကြဘူး။ အထူးသဖြင့် မာအေးတို့ မြောင်းမြကလို့ ပြောရမယ် ထင်တာဘဲ။ အဖိုးတို့ အဖွားတို့ရဲ့ သဘောက ဘုရားစေတီကို ရွှေချလိုက်၊ ခြေထောက်မှာ ရွှေဆင်လိုက် မဖြစ်ထိုက်ဖူးလို့ ခံယူတာကိုး။ မေမေတို့ ညီအမတွေက ရွှေမန်းသူတွေ အားကျပြီး ရွှေခြေချင်း ပူဆာတော့ ‘ဦးဘိုးချမ်း’ ရွှေရည်စိမ် ခြေချင်းဘဲ ပေးဝတ်ပါသတဲ့။ မာအေးကျတော့ မိုးကြိုးခြေကျင်း အန္တရာယ်ကင်းအောင် ၀တ်ဆင်ခဲ့ရပါတယ်။

ကဲ … အဖေက သီချင်းရေးဆရာ၊ အဖိုးက နာမည်ကျော် ရွှေရည်စိမ် ပန်းတိမ်ပညာရှင် ဦးဘိုးချမ်း ဆိုတာ သိပြီပေါ့နော်။ သူ့ကိုတော့ အဆိုတော်အဖြစ် သိခဲ့တာပါ။ သူ့အလုပ်က ရေ၀န်ရုံး ဆိုလားဘဲ။ ရန်ကုန်ဆိပ်ကမ်းတကြောက လှေ၊ သမ္ဗာန်၊ သင်္ဘောငယ်လေးတွေ ကမ်းကောက်ခွန်တာဝန် ဆိုတော့ ၀ိုင်းပင့်ကြမယ့် သဘောတော့ ရှိမှာဘဲပေါ့။

ဒီအချိန်မှာ ရုပ်ရှင် ပဏာမသီချင်းဆိုတဲ့ဖက်ကလဲ အောင်မြင်လာပါတယ်။ မာအေးနဲ့ အနုပညာကြေးတူ၊ သူ ပြောယူနိုင်ခဲ့ပါတယ်။ သူက ပျော်တတ် နောက်တတ် ဆိုတော့ “ကျုပ်ကို သူများထက် ငါးမူးဖြစ်ဖြစ် ပိုပေးမှ ဆိုမယ်၊ သာရင် ပြီးတာဘဲ” တဟဲဟဲနဲ့ လုပ်လာရော… ။

ကိုယ့်အချင်းချင်း အကြောင်းသိတွေက ပြဿနာ မရှိပေမယ့် မသိတဲ့လူက ဘ၀င်မြောက်တယ် ထင်တာပေါ့ရှင်။ တခါ ‘ဒီကောင်မလေး’ ရုပ်ရှင်သီချင်း နာမည်ကြီးပြန်တော့ စင်ပေါ်မှာ သီချင်းဆိုရင် ခြေဟန်လက်ဟန်တွေပါ လှုပ်ရှား၊ ‘ခေတ်သစ်စာရေးကြီး’လဲ ပေါက်ရော … သူဟာ လုံးလုံး ဟာသဖက် ရောက်သွားတော့တာဘဲ။ ဟာသ ဆိုတဲ့ ‘ဖိုးဆိုချင်’ တို့၊ ‘တက္ကသိုလ်သိန်းတိုး’ တို့လိုဘဲ သူလဲ ခံစားမှုကာလပေါ်တွေဖက်ကို ပြန်လှည့်မရခဲ့တော့ဘူး။ မတတ်နိုင်ဘူး၊ ပိရသဒ် ထားတဲ့ဆီမှာ နေကြရသလိုဘဲရှင့်။ သူဟာ ဂီတ၀ါသနာ အကြီးစား ပါနေသူမို့ သီချင်း မဆိုဘဲကို မနေနိုင်ရှာပါဘူး။ သူနေတဲ့ မင်္ဂလာဒုံက ဝေးတော့ ကြိုပို့ပေးချင်သူက ခတ်ရှားရှားဘဲ။ ဒါလဲ မမှုပါဘူး။ ပွဲရှိလို့ ရက်ချိန်းရင် သူ့ဟာသူ ရောက်အောင် လာကူတဲ့လူမျိုးမို့ ဘ၀တိုင်း တူသော အကျိုး ပေးပါစေ လို့ တောင်းဆုချွေနေရပါတယ်ရှင်။

နောက်တပါတ်ကျရင်တော့ ‘မာအေးဆီ ပို့ပေးပါ’ လို့ မှတ်ချက်နဲ့ ဧရာဝတီဘလော့မှာ ဖတ်ရတဲ့ ‘အောင်ဆန်းစုကြည် ’ အမည်နဲ့ သီချင်းလေးအကြောင်းကို ပြောကြတာပေါ့နော်။

ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts