>Suu & People – Q & A

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၀)
နိုဝင်ဘာ ၂၉၊ ၂၀၁၀
မေးခွန်းမေးသူ။   ။ အရှင်ပညာနန္ဒ (နယူးယောက်ပြည်နယ်၊ ယူတီကာမြို့)
Q: အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စမှာ၊ ဒီမိုကရေစီဖော်ဆောင်ဖို့ကိစ္စမှာ ဗိုလ်ချုပ်ကြီးတွေက သူတို့အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ ဒီအာဏာကို မစွန့်လွှတ်နိုင်ဘူးလို့ ဦးဇင်းထင်တယ်လေ။ အဲဒါကြောင့်မို့လို့ ဗိုလ်ချုပ်ကြီးတွေအကြောက်တရားပြေပျောက်သွားအောင်ပေါ့လေ တကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲဆိုတာလေးကို ဦးဇင်းသိချင်ပါတယ်။
A: အကြောက်တရားရဲ့ အခြေခံကတော့ မလုံခြုံတဲ့စိတ်ဓါတ်ဖြစ်ပါတယ်။ အဲတော့ ဒီမလုံခြုံတဲ့ စိတ်ဓါတ်တွေ လျော့ပါးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျမတို့အားလုံး ဝိုင်းပြီးတော့ စဉ်းစားဖို့လိုပါတယ်။ ကျမအနေနဲ့တော့ အားလုံးကို ကျမတို့နိုင်ငံမှာ လုံခြုံစေချင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရော ပြည်သူလူထုတွေရော အားလုံး စိတ်လုံလုံခြုံခြုံနဲ့ နေစေချင်ပါတယ်။ အဲဒီ့လိုလုံခြုံမှုပေးနိုင်မယ့် အခြေအနေတခုကိုရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ၊ ကျမတို့အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ပြီးတော့ စဉ်းစားကြပါစို့။ စကားပြောကြပါစို့။ ဆွေးနွေးကြပါစို့လို့ ကျမက ဒီလိုပဲ တိုက်တွန်းချင် ပါတယ်။     
မေးခွန်းမေးသူ။   ။ ဦးမန်းသောင်းတင် (နယူးယောက်ပြည်နယ်နေ KNU ကရင်အမျိုးသားအစည်းအရုံးဝင်)
Q: ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ အတွက် ကျနော်တို့ တိုင်းရင်းသားတွေက အကြွင်းမဲ့ယုံကြည်ပါတယ်။ ဒီနေ့ ကျနော်တို့ တိုင်းရင်းသားတွေဟာ စစ်အာဏာရှင်တွေရဲ့ သွေးခွဲမှုတွေကြောင့် အစိတ်စိတ်အမွှာမွှာပြိုကွဲနေကြတယ်။ အဲဒီပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုဖြေရှင်း ပေးနိုင်မလဲဆိုတာ သိချင်တယ်။ 
A: ဒီလိုအချင်းချင်းသွေးကွဲသတ်ဖြတ်မှုတွေ ရပ်စဲသွားအောင်လို့ ဆိုတာဟာ၊ ကျမတို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုထူထောင်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နဲ့ ကျမတို့ရဲ့ မဟာမိတ်များဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်တခု ခိုင်ခိုင်မာမာ ကျမတို့နိုင်ငံမှာ အမြစ်တွယ်သွားအောင်လို့ ကြိုးစားနေပါတယ်။ ကျမတို့တိုင်းရင်းသားတွေဟာ တကယ်အချင်းချင်း နားလည်မှုယူနိုင်မယ့်အခြေအနေ တခုရောက်လာလို့ရှိရင်၊ နားလည်မှုရမှာ လို့ ကျမ ယုံကြည်ပါတယ်။ ဒီဟာအတွက်အားလုံးဝိုင်းဝန်းပြီးတော့ ကူညီကြပေးကြပါ။ ကျမတို့ကိုလဲ အကြံဥာဏ်တွေ ပေးကြပါ။ ကျမတို့အဖွဲ့တခုတည်းလုပ်နိုင်တယ်လို့ ကျမတို့မယုံကြည်ပါဘူး။ ဒီလို တဖွဲ့တည်းနဲ့ တယောက်တည်းနဲ့ လုပ်နိုင်တယ်ဆိုတဲ့စိတ်တွေကြောင့်လဲ ဒီလိုအကွဲကွဲ အပြားပြားတွေဖြစ်ရတာပါလို့လဲ ကျမ ယုံကြည်ပါတယ်။  
မေးခွန်းမေးသူ။   ။ ဦးထွန်းအောင်ကျော် (နယူးယောက်ပြည်နယ်နေ ABSDF ဥက္ကဌဟောင်း)
Q: Civil Society ဆိုတဲ့ လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ၊ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေ၊ အဲဒီအပြင် နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ သတင်းစာ၊ လွတ်လပ်တဲ့ သတင်းဌာနတွေ၊ အဲဒီဥစ္စာတွေ ပေါ်ပေါက်ဖို့အတွက် အရမ်းအရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ဒီလိုအဖွဲ့အစည်းတွေ တောင့်တင်းကြံ့ခိုင်မှသာ ဒီမိုကရေစီစနစ်ဖြစ်လာလို့ရှိရင်လည်း၊ ဒီစနစ်ကို မပျောက်ပျက်သွားအောင် ကာကွယ်နိုင်မယ်လို့ ကျနော့်အနေနဲ့ယုံကြည်တယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ဒီလွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းတွေ Civil Society ဖွံ့ဖြိုးတိုးတက်လာအောင်၊ ဘယ်လိုကူညီဆောင်ရွက် သွားနိုင်မလဲဆိုတာ သိချင်ပါတယ်။
A: ကျမတို့အနေနဲ့လူ့ဘောင် အဖွဲ့အစည်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဟာ လက်တွေ့ကျကျလုပ်နေတာ ကြာပါပြီ။ ဥပမာဆိုလို့ရှိရင် ကျမတို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့တွေ၊ ကျမတို့ရဲ့ ဥပဒေကူညီရေးအဖွဲ့တွေ၊ နောက်ပြီးတော့ HIV AIDS နဲ့ ဆက်စပ်နေတဲ့ကိစ္စတွေ၊ ရေနက်တွင်းတူးပေးတာတွေ၊ ဒါတွေအားလုံးဟာ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျမတို့လုပ်နေတာပါ။ အဲတော့ ဒါတွေကို ပြည်သူလူထုကလဲ နားလည်ပြီးတော့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးနေမယ်ဆိုလို့ရှိရင်၊ ပိုပြီးတော့ အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် ကျမတို့လုပ်နိုင်မှာဖြစ်ပါတယ်။      
မေးခွန်းမေးသူ။   ။ ဒေါက်တာခင်စောဝင်း (ခေါ်) အဲလစ် (တက္ကသိုလ်ဆရာမတဦး ကနေဒါ)
Q: မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီရရှိဖို့ဆိုလို့ရှိရင် အကြမ်းမဖက်တဲ့နည်းအပြင်ပေါ့လေ၊  လက်နက်ကိုင်လမ်းစဉ် မဟုတ်တဲ့ တခြားနည်းလမ်းများရှိလား။ ဘယ်လိုနည်းလမ်းတွေများ ရှိဦးမလဲ။ 
A: အကြမ်းမဖက်တဲ့နည်းဆိုတာ တမျိုးတည်းရှိတာမဟုတ်ပါဘူး။ အကြမ်းမဖက်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်။ အကြမ်းမဖက်ဘူးဆိုတာဟာ ဘာမှမလုပ်ဘူး၊ လုပ်သမျှကို ငုံ့ပြီးတော့ခံနေတယ် ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တက်တက်ကြွကြွနဲ့၊ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်လို့ရတယ်ဆိုတာ၊ အဲဒါကို အများကြီး ကျမတို့ နားလည်ဖို့လိုပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့လဲ ဘယ်လိုအကြမ်းမဖက်တဲ့နည်းနဲ့ ကူညီမလဲ။ ဒီမိုကရေစီရအောင် ဘယ်လိုလုပ်မလဲဆိုတာ အားလုံးကနေပြီးတော့၊ ဝိုင်းပြီးတော့ စဉ်းစားရမှာပါ။ တနည်းတည်း ရှိတာမဟုတ်ပါဘူး။ နည်းအမျိုးမျိုးရှိလို့ ခေါင်းအမျိုးမျိုးကိုလိုပါတယ်လို့ ကျမပြောချင်ပါတယ်။
မေးခွန်းမေးသူ။   ။ ကာတွန်းဝင်းထွန်း (မစ္စတာဘားမား)
Q: ရိုးရိုးသာမန်ပြည်သူတွေထက် ပိုပြီးကြောက်ရွံ့တတ်တဲ့ ပြည်တွင်းပြည်ပက ပညာတတ်၊ ပညာရှင်တွေကို ကြောက်ရွံ့ စိတ်နည်းပါးသွားအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။
A: ရိုးရိုးသာမန် ပြည်သူတွေထက် ပိုပြီးတော့ ပြည်တွင်းပြည်ပက ပညာတတ်တွေ ကြောက်ရွံ့ စိတ်ရှိနေတယ် ဆိုတာကတော့၊ ဒီပညာတတ်တွေက ပိုပြီးတော့ ဆုံးရှုံးစရာတွေရှိလို့၊ ပိုပြီးတော့ အခွင့်အရေးတွေရှိလို့၊ ပိုပြီးတော့ ပစ္စည်းဥစ္စာတွေရှိလို့ လို့ထင်ပါတယ်။ အဲတော့ လုံခြုံမှုအတွက် ပိုပြီးတော့ စိုးရိမ်လို့ ကြောက်နေတာလို့ ဒီလိုမြင်လိုက်မိပါတယ်။ ဒီလုံခြုံမှုရဖို့ဆိုတာဟာ ကြောက်နေရုံနဲ့ မပြီးဘူး။ လုံခြုံမှုရဖို့ဆိုတာဟာ ပြည်သူအားလုံးကို လုံခြုံမှုပေးမယ့် စနစ်တခုထူထောင်ဖို့ကြိုးစားရမယ် ဆိုတာ ဒီအသိတွေများ ပညာတတ်တွေစိတ်ထဲမှာ ဝင်သွားလို့ ရှိလို့ရှိရင် ပိုပြီးတော့ ကြောက်စိတ်တွေကို ကျော်လွှားနိုင်မယ်လို့ ကျမထင်ပါတယ်။
မေးခွန်းမေးသူ။   ။ ဦးခင်မော် (ခေါ်) ကိုမော်ကြီး L.A Organizers for Burma (လော့စ်အိန်ဂျလိစ်မြို့ မြန်မာ့အရေး လှုပ်ရှားသူများအဖွဲ့) ဦးဆောင်သူတဦး
Q: ကျနော်တို့အခုဒီနိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေဟာ အကုန်လုံးအကွဲကွဲအပြားပြားပေါ့၊ အတွေးအမြင်တွေကော၊ လုပ်ရပ်တွေကော ကွဲနေတာ ကျနော်တို့ဘယ်လိုနည်းနဲ့များ စုစုစည်းစည်းနဲ့ တခုတည်းလုပ်လို့ရမလဲ။ နိုင်ငံခြားရောက်နေတဲ့ မြန်မာလူမျိုးအားလုံးဟာ ဒီ NLD ပေါ့နော်၊ စစ်အစိုးရကိုအတိုက်အခံလုပ်နေတဲ့ ပါတီကြီးတခုကို ကျနော်တို့အနေနဲ့ ဒီကနေ ဘယ်လိုအကူအညီ ပေးနိုင်မလဲဆိုတာ မေးချင်ပါတယ်။
A: ညီညွတ်အောင်လုပ်ဖို့ဆိုတာဟာ လွယ်တဲ့ကိစ္စ မဟုတ်ပေမယ့်လဲ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။  နည်းနည်းပါးပါးတော့ ကိုယ့်ရဲ့အတ္တတွေကို လျှော့ရမယ်လို့ ဒီလိုပဲ ကျမပြောရမှာပဲ။  ဆန္ဒစွဲတွေကို လျှော့ရမယ်ပေါ့နော်။ ကိုယ်လိုချင်တာပဲ၊ ကိုယ်ဖြစ်စေချင်တာပဲ၊ ကိုယ်မြင်ချင်တာပဲ၊ ဒါတွေကိုပဲ စဉ်းစားနေလို့ ရှိလို့ရှိရင်တော့ ကျမတို့ ကွဲပြားနေတဲ့လူတွေကို အားလုံးစုဖို့ဆိုတာ မလွယ်ပါဘူး။ ကျမတို့အားလုံးဟာ ပန်းတိုင်တခုထဲရှိတယ်ဆိုလို့ရှိရင်၊ ဒီ ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုနည်းနဲ့ သွားမယ်ဆိုတဲ့နေရာမှာ      အငြင်းပွားတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ပြေလည်အောင်လုပ်ဖို့ဆိုတာ ဒါ အရေးကြီးတာပါပဲ။
ပြည်တွင်း NLD ကိုဘယ်လိုပံ့ပိုးရမလဲလို့မေးတော့ ကျမက ဒီပထမမေးခွန်းနဲ့များ ဆက်စပ်ပြီးတော့ ဖြေရင်ကောင်းမလားလို့။ ပြည်တွင်း NLD ကိုဘယ်လိုပံ့ပိုးရမလဲဆိုတော့ အားလုံး အတူစဉ်းစားပြီးတော့ ပြည်ပက အကွဲကွဲ အပြားပြားဖြစ်နေတဲ့အဖွဲ့တွေ ညီညွတ်မှုများယူနိုင်မလားလို့ အဲဒါလေးကို စဉ်းစားပေးပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts