>Mar Mar Aye – 355

>“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၅)

ငြိမ်းချမ်းရေး
မာမာအေး
နိုဝင်ဘာ ၁၉၊ ၂၀၁ပ

[ဦးတင်မိုး၊ ဓနုဖြူ စိုးသိန်းတို့၏ သီချင်းသံများ ပါဝင်သော BBC အသံလွှင့် ဆောင်းပါးကို http://www.bbc.co.uk/burmese/programmes/2010/11/101118_marmaraye.shtml တွင် နားဆင်နိုင်သည်။]

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီလိုဘဲ အချိန်အားသမျှ ဆုချွေတောင်းမိနေတာကြောင့် မဟာကရုဏာတော်ရှင် မြတ်ဘုရားသခင်ကိုပင် အားနာချင်ချင် ဖြစ်နေရပါတယ်ရှင်။ အခုလို တောင်းဆုဆင်နေတဲ့ကြားက မြ၀တီနဲ့ ဘုရားသုံးဆူ နယ်ခြားဒေသတွေမှာ အချင်းချင်းချွေဖျက်၊ ခန္တီတရားတွေ မဖက်ကြနိုင်လို့ စစ်မက်ဖြစ်ပွား၊ ပြည်သူအများ ဒုက္ခများ ပြေးလွှားနေကြရပါပြီ။ အင်တာနက်နဲ့ ကြည့်ရင် မြင်နိုင်တယ်ရှင့်။ သည်သောကကြောင့် အနိစ္စ … အနိစ္စ … စစ်မီးမမြဲပါစေနဲ့၊ ဒုက္ခတွေ ကင်းကြပါစေ၊ အနတ္တ – ငါမဟုတ်တဲ့ ငါအပုပ်ကောင်တွေရဲ့ ရန်ကို ရှောင်နိုင်ပါစေဆိုတဲ့ သည်အရေး ထပ်ဆောင်းပေးမိပါတယ် သောတရှင်။

ဒီလိုကြီး ပြည်တွင်းစစ်မီး တောက်လောင်ညီးခဲ့တာ ကြာပြီကော။ သူတပါး လက်က လွတ်လို့မှ မကြာသေးဘဲ၊ သွေးကွဲခဲ့ကြတာကိုး၊ ဆိုးကျိုးတွေ ဆိုက်ပြီးရင်းဆိုက် ငိုရှိုက်ရတဲ့ ကြားလူက ပြည်သူတွေ မဟုတ်လားရှင်။ ကယ်တင် ဖေးမတောင်းဆိုချင်ကြတဲ့သူတွေက ပြည်သူ့ရင်ကဖွားတဲ့ ကျောင်းသားထုနဲ့ ဂီတသမားတစုလို့ ပြောရင် ရလောက်ပါတယ်လေ …။ ဆယ်နှစ်အကြာမှာ တေးတစုပြုခဲ့ကြပါတယ်။ မြို့ထဲနဲ့ တက္ကသိုလ်ကြီးမှာ ကားတစီးနဲ့ လိုက်ဆိုကြတာပေါ့ရှင်၊ မာအေးတောင် လည်လည်ဝယ်ဝယ် မရှိသေးတဲ့ အရွယ်ကပေါ့။ ကဗျာဆရာ တက္ကသိုလ်မြတ်လေးနဲ့ သူ့ရဲ့စာကို စန္ဒရားချစ်ဆွေ အသံသွင်းပေးခဲ့တဲ့ ဒီသီချင်းလေးတပုဒ်ဟာ လူတိုင်း စွဲသွားပြီး လိုက်ဆိုခဲ့ကြရပါတယ်။ အခု အမှတ်တရ ပြန်ဆိုပြသွားတဲ့ ကဗျာ့ကဝိ – လူတိုင်းသိတဲ့ ဆရာတင်မိုးရဲ့ အသံနဲ့ “အများစုဆန္ဒ” ခေါ်တဲ့ သီချင်းထဲက ခုအချိန် ခုခေတ် အထိ ကိုက်ညီနေတုန်း ဖြစ်တဲ့ တေးတပိုဒ်ကို နားဆင်ကြည့်နိုင်ပါတယ်ရှင်။

[အများစုဆန္ဒ – ဆရာတင်မိုးအသံ] အခုဆိုရင်၊ အရင်းမဲ့များသာ အညှင်းခံရသည်။ ဖွတ်ကျောပြာစု ဘ၀နဲ့ ငတ်မွတ်ခေါင်းပါး ဆင်းရဲလှသည်၊ အတန်းအစားကမညီ၊ အရင်းရှင်များသာ ကြီးစိုးကြပြီ၊ စီးပွားရေး ကုန်ဈေးနှုန်းတွေ မြင့်တက်နေလွန်းသည်၊ အဲဒါ ပြည်တွင်းစစ်ကြောင့် အတည်၊ ညီရင်းအစ်ကိုတွေ ချစ်ခင်လက်တွဲ ပေါင်းသင်းကြတာ မြင်လိုပါပြီ၊ အကြမ်းမဖက်၊ ဆွေးနွေးစေ့စပ်ရန် အချိန်တန်ပြီ x x x
(ငြိမ်းချမ်းရေး အတွက် အေးလျက်မနေလိုပြီ၊ လူသားအပေါင်းက တောင်းဆိုရမည်)၂ (တခဲနက်ကြွေးကြော်သံတွေညီ)၂ x တို့ကျောင်းသူ ကျောင်းသားများက ရှေ့တန်းကသာ ပါဝင်မည်၊ အနာဂါတ်ဗမာပြည် သာယာစိုပြေမည်။ အများစုဆန္ဒတင်ပြမည်၊ ပြည်တွင်းငြိမ်းချမ်းရေးသာ လိုပါသည် x x

အင်း …. ဒီသီချင်းနဲ့ တောင်းခဲ့တာလဲ ဘယ်လောက်ကြာနေပြီလဲရှင်။ ခုလဲ မဲရွေးတဲ့ ကိစ္စ အချိုးက မကျလေတော့ ပြည်တွင်းစစ်မီး ထင်းထိုးပြီးရင်း ထိုးရင်း ဖြစ်နေပါပြီလား …။

ငိုချင်ရဲ့သား လက်တို့ထားတာလို ခံစားနေရတဲ့ အတွင်း မောင်ရင်းနှမလို အတူဆိုလာခဲ့တဲ့ “ဓနုဖြူ စိုးသိန်း” ခေါ် နာမည်ကျော်တယောက် လူ့လောက ထွက်ပေါက် ရောက်သွားရှာပြီ တဲ့။ ခုလ (၅)ရက်နေ့က ဆေးရုံကြီးမှာ တဲ့။ ထိန်ပင် ဆိုတာကို ပို့မယ်ဆိုတဲ့ရက် ကြည့်လိုက်တော့ မဲရွေးမယ့်နေ့နဲ့ တည့်တည့်ကြီး …. အော် … ငါ့အကိုနှယ် ဒုက္ခထဲမှာ ဒုက္ခထပ်များနေမှာလား။ စိုးရိမ်သွားတာပေါ့။

ဓနုဖြူ စိုးသိန်းကို စစ်ကြိုခေတ်လောက်က စဆိုတဲ့ အဆိုတော်လို့ “ အလင်းတန်း” က ဖေါ်ပြထားပါတယ်။ အကိုလေးလို့ ခေါ်တဲ့ ဘိုကလေးတင့်အောင်တို့လောက်မှ မကြီးဘဲ။ သူတွဲခဲ့တာ အပျိုကြီးမမ ကိုမျိုးဆက်တို့နဲ့မှ တူလောက်တာပါ။ မာအေးကတော့ သူဆိုတဲ့ “မေတ္တာစကား” ဆိုတဲ့ သီချင်းကို သိတ်ကြိုက်တာဘဲ။ “မေရယ် … ပြုံး ပြုံးနေစမ်းကွယ်” အဲဒီလို ဟဲရတဲ့ သီချင်းပါ။ လျှစ်စစ်ဂစ်တာခေတ်၊ ဟော့ရှော့ခေတ်က လူငယ်တွေကျတော့ ဘယ်သိနိုင်ပါတော့မလဲလေ …။

ဒါပေမယ့် သူနဲ့ ဆက်နွယ်ပြီး သိဖို့ ကောင်းတာတွေက ရှိသေးတော့ ပြောရဦးမှာပေါ့။ “ ဓနုဖြူ စိုးသိန်း” ဆိုတဲ့ နာမည်ကြားတာနဲ့ သူဟာ ဓနုဖြူမြို့သား ဆိုတာ သိရပြီဘဲ။ ဓနုဖြူမြို့ဟာ ဧရာဝတီတိုင်း အတွင်းမှာ တည်ရှိတယ်။ ဗမာ့သွေးပြခဲ့တဲ့ မြို့လို့ မာအေးက ဦးညွှတ်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်၊ သစ္စာရင်းမှန် အသက်စတေးခံ ကာကွယ်သွားတဲ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ ခန္ဓာကျခဲ့ရာ ဖြစ်လို့ပါဘဲရှင်။ ပြီးတော့ မာအေး ခလေးဘ၀က ရောက်ခိုက်မှာ အသက်ကယ်လိုက်တဲ့ ဆေးဆရာကြီး တဦး ရှိခဲ့ဖူးတဲ့ မြို့မို့လို့ မေတ္တာ ပို့ပို့နေမိတဲ့ မြို့ကလေးပေါ့။

ပြုံးပြုံးရွှင်ရွှင်၊ အပြုံးပျက်တာ တခါမှ မမြင်ဖူးတဲ့ အကိုကြီး ကိုစိုးသိန်းကလဲ လည်ကတုံးအင်္ကျီနဲ့ တိုက်ပုံအင်္ကျီနဲ့ ပုဆိုးနဲ့ အမြဲ ရှိုးပေးပြီး လူပျိုကြီး လုပ်နေတဲ့ ဘ၀မှာ ကျက်သရေရှိလွန်းလို့ ဗိုလ်အောင်ဒင် ခင်မောင်ရင်ကြီးလို အကိုတော်ထား၊ ဆိုစရာတွေ အတူသွားခဲ့ဖို့ အချိန်တွေ များမှများ ဖြစ်ခဲ့တာရှင့်။ သူ့မှာ အကျင့်တခုရှိတာက သီချင်းတိုက်တာ သိပ်ကြာတဲ့ ကိစ္စပါဘဲ။ မင်းသား သုမောင်လဲ ကြာတတ်ပါတယ်။ သူကတော့ နားမကောင်းလို့ ကြာတာမို့ ခွင့်လွှတ်ကြရတယ်။ အကိုစိုးသိန်းက သီချင်းမရဘူးချည်း ထင်ပြီး ဟုန်နေ ထုံနေတာမျိုးပါ။ ဒါကြောင့် ဂီတလုင်ကြီးပေးတဲ့ “သထုံ”ဘွဲ့ ရသွားရော။

သီချင်းတိုက်တာကြာလို့ “ငထုံ” လို့ ကြည်စယ်တာလေ။ “သထုံစိုးသိန်း”လို့ ရှက်စနိုးအောင် ခေါ်ရင် ကျိုးစားလာမလား ဆိုတဲ့ အတွေးနဲ့ ထင်ပါရဲ့။ အခု သူ့အလှည့်မှာ အသံလေးပါအောင် ကျိုးစားရှာဖွေတဲ့ အခါ အသံနည်းနည်းလေးသာ တွေ့ရကြောင်းပါရှင်။ မာအေး ရိုက်ခဲ့တဲ့ မြခြူသံ ဇာတ်ကားမှာ “SIXTEEN TON” ဆိုတဲ့ သူဆိုခဲ့တဲ့ အသံကို နားထောင်နိုင်ပါတယ်။ နားလည် ခွင့်လွှတ်ပေးပါရှင် ။ ။

[ဓနုဖြူ စိုးသိန်း – sixteen ton]
ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts