>
တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းကြီးက ၄ ကြိမ်မြောက် သက်ကြီးပူဇော်
မိုးမခအထောက်တော် အယ်လ်အေ
နိုဝင်ဘာ ၁၅၊ ၂၀၁၀
ယမန်နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ အယ်လ်အေဒေသ အခြေစိုက် တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်း၏ စတုတ္ထအကြိမ်မြောက် သက်ကြီးပူးဇော်ပွဲကို အယ်လ်အေ၊ မွန်ထရေးပတ်ခ်မြို့၊ မြန်မာများစုဝေးရာ အောင်ဇေခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အယ်လ်အေမြို့နယ်များအတွင်းက မြန်မာသက်ကြီးဘိုးဘွား ၁၁၅ ဦး ကို ဖိတ်ကြား ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာအမေရိကန် ဧည့်ပရိသတ် ၃၅၀ ကျော်နဲ့ မိသားစုဝင်များ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံများ၊ နို၁၄-၂၀၁၀၊ ကယ်လီဖိုးနီးယား၊ အယ်လ်အေ၊ အောင်ဇေခန်းမ၊ သက်ကြီးပူဇော်ပွဲမြင်ကွင်း၊ (မိုးမခ))
တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းဥက္ကဋ္ဌ ဒေါက်တာ ဇော်ထွန်းက မိုးမခကို ပြောပြရာမှာ – မိမိတို့ မြန်မာအသင်းကို ၂၀၀၆ ခနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အသင်းရဲ့ အောင်မြင်မှုအရှိဆုံး ပွဲတော်တခုမှာ နှစ်စဉ်ကျင်းပနေကျ မြန်မာသင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာ မြန်မာများ ရပ်နီး ရပ်ဝေးက အရောက်လာပြီး ဆင်နွှဲကြတဲ့ အစည်ကားဆုံး ပွဲတော်ဖြစ်ကြောင်း၊ မြန်မာရိုးရာပွဲတော်များနည်းတူ ယခုလို သက်ကြီးဘိုးဘွားများကို နှစ်စဉ် ငယ်ရွယ်သူ မြန်မာမိသားစုများက အရိုအသေပြု လေးစားမှုဖြင့် ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်သည့်ပွဲတော်ကိုလည်း အစဉ်အမြဲ ပြုလုပ်လျက်ရှိကြောင်း ရှင်းလင်း ပြောပြသွားပါတယ်။
မြန်မာမိသားစု၊ မြန်မာကွန်မြူနီတီအတွက် မိမိတို့မြန်မာအသင်းက ကမကထပြုလုပ်တဲ့ ပွဲတော်တွေ၊ အစီအစဉ်တွေကတော့ – တင်းနစ်ပြိုင်ပွဲ၊ စာပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဂေါ့ဖ်သီးရိုက် ပြိုင်ပွဲနဲ့ ကြက်တောင်ပြိုင်ပွဲတွေ ဖြစ်တယ်လို့ ဦးဇော်ထွန်းက ပြောကြားပါတယ်။ မြန်မာရိုးရာ ဘာသာစကားတွေကို မိမိတို့ လက်ဆင့်ကမ်းနိုင်ဖို့အတွက် မြန်မာစာသင်တန်းကိုလည်း ၂၀၁၀ ဇန်န၀ါရီလက စပြီး တနင်္ဂနွေအပတ်စဉ် အတိုင်း နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ မြန်မာများစုဝေးရာ အောင်ဇေခန်းမမှာ စေတနာဝန်ထမ်းများနဲ့ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ၊ ဧပြီင်္ ၂၄-၂၀၁၀၊ ကယ်လီဖိုးနီးယား၊ အယ်လ်အေ၊ ပြည်သူ့ဂုဏ်ရည်ပထမအကြိမ်ဆုပေးပွဲတွင် တွေ့ရသည့် ဦးဇော်ထွန်း (မိုးမခ))
“လာမယ့် နိုဝင်ဘာ ၂၁ မှာ ဂေါ့ဖ်သီးရိုက်ပြိုင်ပွဲရှိတယ်။ ဒီဇင်ဘာ ၁၂ မှာ တင်းနစ်ပြိုင်ပွဲ ရှိတယ်။ နောင်နှစ်တွေမှာ မြန်မာတွေအတွက် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေ လုပ်ပေးနိုင်ဖို့ စီစဉ်မယ်။ ကျနော်တို့ဆီမှာ အမြဲတမ်းအသင်းဝင် ၆၀ ခန့် ရှိတယ်။ အခြား မြန်မာတိုင်းရင်းသား အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့လည်း မြန်မာလူမှုရေးလုပ်ငန်းတွေ လက်တွဲပြီး လုပ်ဆောင်နေပါတယ်။”
လို့ ဦးဇော်ထွန်းက မိုးမခကို ရှင်းလင်းပြောပြပါတယ်။
တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းဟာ ထင်ရှားတဲ့ လူမှုရေးအသင်းတခုဖြစ်ပြီး၊ အယ်လ်အေက အောင်ဇေခန်းမဟာ မြန်မာတွေရဲ့ စုရပ်၊ ဆုံရပ်သဖွယ် ဖြစ်နေပါတယ်။ မြန်မာမိသားစုတွေ ပေါင်းစည်း ကျင်းပတဲ့ စာပေဟောပြောပွဲတွေကိုလည်း အောင်ဇေခန်းမမှာ ကျင်းပနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့လက ပြည်သူ့ဂုဏ်ရည် အယ်လ်အေမိသားစုရဲ့ ရန်ပုံငွေ ဂီတဆည်းဆာနဲ့ ရိုးရာစားသောက်ပွဲကိုလည်း အောင်ဇေခန်းမမှာပဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“အခု သက်ကြီးပူဇော်ပွဲကိုလည်း ပြည်သူ့ဂုဏ်ရည် – အယ်လ်အေက လုပ်အားပေးတွေက သွားရောက်ပြီး ကူညီခဲ့ကြပါတယ်။ မင်္ဂလာရှိတဲ့ ကုသိုလ်ပွဲတခု ဖြစ်ပါတယ်”
လို့ မိုးမခပရိသတ်တဦးက ပြောကြားလိုက်ပါတယ်။
