>Burmese Community in USA’s reaction on release of Aung San Suu Kyi

>

အမေရိကန်မြန်မာကွန်မြူနီတီက မြန်မာ့အရေးလှုပ်ရှားသူများရဲ့ ဒေါ်စုလွတ်မြောက်ခြင်း အပေါ်သဘောထား
မိုးမခနဲ့ စကားလက်ဆုံ
နိုဝင်ဘာ ၁၄၊ ၂၀၁၀
(Photo – Rangoon, Nov 13th 2010, Child with Suu’s postcard stitched on her dress) 

ကိုထွန်းထွန်း၊ အော်ရီဂွန်ပြည်နယ်
၈၈ မျိုးဆက်ကျောင်းသားတဦး၊ ၈၈ အရေးတော်ပုံကာလ ဗကသ ၊ လူ့ဘောင်သစ်ပါတီဝင်၊ မြန်မာ့အရေးလှုပ်ရှားနေသူ တဦး
ကျနော့်အနေနဲ့ ပြောရရင် မြန်မာပြည်နိုင်ငံရေးအတွက် ၀မ်းမြောက်စရာဖြစ်ပါတယ်။ အားတက်စရာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာပြည်နိုင်ငံရေးကို ၈၈ အရေးတော်ပုံတပ်သားတွေ၊ ရဟန်းသံဃာတွေ၊ မျိုးဆက်သစ်လူငယ်တွေ တစုတစည်း တညီတညွတ်တည်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုနဲ့အတူ တွန်းတင်ပြီး လုပ်ကြရမယ်လို့ ပြောချင်ပါတယ်။
            ပြည်ပကမြန်မာမိသားစုတွေ အားလုံးရဲ့ အခမ်းကဏ္ဍအနေနဲ့ကတော့ ဘယ်နိုင်ငံမှာပဲ ရောက်နေ ရောက်နေ မြန်မာပြည်ကြီးမှာ အကြပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတဲ့အတွက် မြန်မာပြည်သားစိတ်ဓာတ်တွေနဲ့ ၀ိုင်းဝန်းပြီး ကူညီကြဖို့ အချိန်ရောက်နေပြီလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျား။
(ဓာတ်ပုံ – ဧပြီ ၂၀၁၀၊ အယ်လ်အေ၊ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ၊ အော်ရီဂွန်မြန်မာလူငယ်များနဲ့ ကိုထွန်းထွန်း (ယာအစွန်) ကို တွေ့ရစဉ်)
ကိုသီဟတင့်ဆွေ၊ ၀ါရှင်တန်ပြည်နယ်
၈၈ အရေးတော်ပုံကာလ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့အရေးလှုပ်ရှားနေသူ တဦး
            မြန်မာပြည်သူတရပ်လုံးနဲ့အတူ ကျနော်တို့ ပြည်ပရောက် မြန်မာတွေအားလုံး ၀မ်းမြောက်ကြရပါတယ်။ ကျနော်တို့ ထောင်ထဲမှာ ၁၄ နှစ် နေခဲ့စဉ်တုန်းက ဆရာဦးဝင်းတင်ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် သဘောတူခဲ့ကြတဲ့ စုလွှတ်တွေ့ ဆိုတဲ့ အတိုင်း – ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအာလုံး လွတ်မြောက်ရေး၊ ပြည်သူ့လွှတ်တော်တရပ် ခေါ်ယူကျင်းပနိုင်ရေး နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို ဖော်ဆောင်ကြဖို့ ဆိုတဲ့နေရာမှာ ယခုကြုံတွေ့နေကြရတဲ့ နိုင်ငံရေးအခြေခံအသစ်တွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားကြလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။
            ပြည်ပက မြန်မာတွေအနေနဲ့ တိုက်တွန်းချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေကို တယောက်တလက် ၀ိုင်းဝန်းပံ့ပိုးကြပါလို့ ပြောလိုက်ချင်ပါတယ် ခင်ဗျာ။
ကိုမိုးကျော်၊ ကယ်လီဖိုးနီးယားပြည်နယ်
၈၈ အရေးတော်ပုံကာလ သုံးရောင်ခြယ် အဖွဲ့၊ အင်န်အယ်ဒီ ဗဟိုလူငယ်၊ အင်န်အယ်ဒီ (LA) (USA)၊ မြန်မာအရေးလှုပ်ရှားနေသူ တဦး
            ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီနိုင်ငံရေးအင်အားစုတွေ အားလုံးအတွက် မြန်မာပြည်ကြီးရဲ့ အဖြေရှာနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်အစိုးရကတော့ အင်န်အယ်ဒီပါတီကို တရားမ၀င်ပါတီလို့ ဖျောက်ဖျက်ပစ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍကို ပျောက်ကွယ်သွားအောင် လုပ်ချင်တယ်။ ဒါပေမယ့် ဒီနေ့မှာ ဘာက ထင်ရှားစေသလဲဆိုတော့ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အသိအမှတ်ပြုနေတယ်။ တခဲနက် ယုံကြည်ထောက်ခံမှုတွေ ရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။
            ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ရှိကို ရှိမှ ဖြစ်မယ်။ ပြည်သူတွေနဲ့ မြန်မာပြည်ကြီးနဲ့ ခွဲခြားလို့မရအောင် တသားတည်း ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးရဲ့ ခေါင်းဆောင်ဖြစ်တယ် ဆိုတာ ပါပဲ။
            ပြည်ပက ကျနော်တို့ မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ဒီမိုကရေစီအင်အားစုတွေကို တတ်နိုင်သလောက် ထောက်ခံအားပေးမှုတွေ ပြသကြပါ။ မြန်မာပြည်သူတွေက ပြည်တွင်းမှာ မကြောက်မရွံနဲ့ လမ်းပေါ်မှာ ထွက်ပြီးတော့ ဒေါ်စုကို ကြိုဆိုနေသလိုပဲ ကျနော်တို့တတွေကလည်း အဝေးရောက်နေသည့်တိုင်အောင် မိမိတို့ဆန္ဒတွေ ထောက်ခံမှုတွေကို ထုတ်ဖော်ပြသကြပါလို့ တိုက်တွန်းချင်ပါတယ်။
(ဓာတ်ပုံ – နို ၅၊ ၂၀၁၀၊ ဆန်ဖရန်၊ ဒေါ်စု ဆုတောင်းပွဲမှာ ကိုမိုးကျော် (၀ဲ) ကို ကိုတိုးလွင် (ယာ) နဲ့ တွေ့ရစဉ်၊)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts