ဟံသာဝတီ ဦးဝင်းတင်

Aung San Suu Kyi still going strong to free Burma – Interview with U Win Tin, MoeMaKa

>

ခွန်အားအပြည့် အားမာန်အပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၁၄၊ ၂၀၁၀
ယမန်နေ့  ညနေပိုင်းက မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရက်စေ့ပြီး ပြန်လည် လွတ်မြောက်လာပါတယ်။ နိုင်ငံတကာနဲ့ အများပြည်သူတရပ်လုံးက မျှော်လင့် ထောက်ခံတဲ့ ဒီမိုကရေစီခေါင်းဆောင်တဦး အကျဉ်းကျနေရာက လွတ်မြောက်လာတဲ့အတွက် အားလုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ အဲသည်နေ့ မြင်ကွင်းနဲ့ အခြေအနေကို ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ (နိုဝင်ဘာ ၁၃ ရက် ညပိုင်း ၁၀ နာရီ ခန့်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်) (Photo – 13th Nov 2010, Rangoon, NLD HQ, Burmese child with Suu’s wall poster before her release in the afternoon – MoeMaKa)

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီ ဆိုတော့ ဘာအစီအစဉ်တွေ ရှိသလဲ ဆရာ

            နက်ဖြန်အတွက် အစီအစဉ်တွေ စဉ်းစားကြတာပေါ့။ နက်ဖြန် နေ့ခင်း ၁၁ နာရီမှာ သံတမန်တွေနဲ့ တွေ့မယ်။ ၁၂ နောက်ပိုင်းမှာ လူထုနဲ့ တွေ့ပြီး စကားပြောမယ်။ နောက် နေ့လည် ၁ နာရီ၊ ၁ နာရီ ခွဲလောက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ အဲသလိုမျိုးတော့ အကြမ်းအားဖြင့် စဉ်းစားထားတာ ရှိတယ်။
ပြည်သူတွေက ဆရာတို့ဆီမှာ အပြည့်ပဲနော် ဆရာ
            လူတွေက ထောင်ချီပြီး ရှိမယ်။ ရွှေဂုံတိုင် ရုံးချုပ်မှာကော၊ တက္ကသိုလ်ရိပ်သာလမ်းနားမှာကော။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီးတော့ ညနေ ၅ နာရီ ခွဲသာသာလောက်မှာ ခြံထိပ်ကို ထွက်ပြီးတော့ လူထုကို စကားပြောတယ်။ ကျနော်တို့က ခြံထဲကို ၆ နာရီ ၀န်းကျင်မှာ ရောက်တယ်။ တွေဆုံစကားပြောကြပြီးတော့ ည ၉  နာရီခွဲ ကျော်ကျော်လောက်မှာ ပြန်လာတော့ လူတွေက ရှိနေတုန်းပဲ။ ကျနော်တို့ မနည်းတိုးကြိတ်ပြီးထွက်လာရတယ်ဗျာ။ လူတွေက ထိုင်နေတုန်းပဲ။
ဘာတွေ ထူးသလဲဆရာ၊ ဘာတွေ ပြောဖြစ်သလဲ ဆရာ
            ပါတီကိစ္စတွေ၊ လူငယ်ကိစ္စ၊ အမျိုးသမီးကိစ္စ ဒါတွေ ပြောကြတာပါပဲကွာ။ ရှေ့ရေး၊ နောက်ရေး လုပ်ငန်းစဉ်တွေ၊ စသည်ဖြင့် ပြောဖြစ်ကြတာပါပဲ။ နက်ဖြန်လာမယ့် သတင်းစာရှင်းလင်းပွဲမှာတော့ ဒါတွေက အကျယ်တ၀င့် သိကြရမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်က ဆရာကိုယ်တိုင်တွေ့ရတော့ အားမာန်အပြည့်နဲ့ပဲလား ဆရာ။
            ကျန်းကျန်းမာမာ၊ ရွှင်ရွှင်လန်းလန်း၊ တက်တက်ကြွကြွ၊ ဖြတ်ဖြတ်လတ်လတ်ပဲ။
ဆရာတို့ လက်ရှိ အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုရှိသလား ဆရာ။
            ကျေနပ်မှု ရှိပါတယ်။ ဘာမှ ပြောစရာသိပ်မရှိပါဘူး။ အင်န်အယ်ဒီနဲ့ အတူ စီအာရ်ပီပီ အဖွဲ့ဝင်တွေ၊ စီအီးစီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခု တွေ့ခဲ့ကြတာပေါ့ကွာ။  သူ့အနေနဲ့ အင်န်အယ်ဒီပါတီ လှုပ်ရှားမှုတွေ သတင်းတွေကို အမြဲတမ်း ကြားသိနေတဲ့အတွက် သူ့အနေနဲ့ ကျေနပ်မှု ရှိပါတယ်။
အမေရိကန်ဘက်က မြန်မာကွန်မြူနီတီတွေ၊ မိသားစုတွေအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မမြောက်ခင်ကတည်းက လှုပ်ရှားမယ်၊ တောင်းဆိုမယ် စသည်ဖြင့် ပြောကြတယ် ဆရာရယ်။ ပြီးတော့ ဒေါ်စု အတွက် ဆုမွန်ကောင်းတောင်းတဲ့၊ လွတ်မြောက်ရေးပို့စကဒ်တွေ စာတိုက်တွေကနေ ပို့ကြမယ်လို့ ပြင်ဆင်နေကြတာမျိုးတွေ ရှိတယ်။ ဆရာ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခြေအနေအပေါ်မှာ ပြောချင်တာတွေ ပြောပြပေးပါ ဆရာ။
အဲသလိုမျိုး လုပ်တာ အလွန်ကောင်းတဲ့ကိစ္စပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ခေါင်းဆောင်ကောင်း၊ စည်းရုံးရေးမှူးကောင်းဖြစ်တယ်။ ဘယ်တော့မှ သူများရဲ့ ကျေးဇူးကို မမေ့ဘူး။ လူထုတရပ်လုံးက သူ့ကိုထောက်ခံနေတာ၊ သူ့ပါတီကို ထောက်ခံနေတာကို ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ လူတဦးချင်း၊ တနိုင်ငံချင်းအလိုက်တွေကိုလည်း ကျေးဇူးတင်ကြောင်း စာရေးဖို့ အစီအစဉ်တွေရှိတယ်။ မြန်မာပြည်အရေးကို စဉ်ဆက်မပြတ်ထောက်ခံတဲ့ နိုင်ငံခေါင်းဆောင်တွေဆီကိုလည်း စာရေးမယ်လို့လည်း ဆရာတို့ ပြောဖြစ်ကြတယ်။ နောက်ပြီးတော့ နိုင်ငံပေါင်းများစွာမှာ ရှိနေတဲ့ လူငယ်တွေ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့တို့၊ စကားပြောဆိုကြဖို့ ဆိုတဲ့ ကိစ္စတွေလည်း ပြောဖြစ်ကြပါတယ်။
အဓိက အချက်ကတော့ ၊ အဓိက သူ့ရဲ့ ဖလော်ဆော်ဖီက ဘာလဲဆိုတော၊့ သူက ရှေ့ဆက်လျောက်ပြီး လုပ်မယ့်ဟာက ဘာလဲဆိုတော့၊ ပြည်သူတွေရဲ့ အသံကို နာခံချင်ပါတယ်။ ပြည်သူလူထုရဲ့ အခြေအနေမှန်ကိုလည်း သိချင်ပါတယ် တဲ့။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်တွေကိုလည်း နားထောင်ချင်ပါတယ် တဲ့။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း သူကိုယ်တိုင် ပါဝင်လိုပါတယ် တဲ့။ ဒါကတော့ ပြည်သူတွေအတွက်ကတော့ သည်လို သဘောရှိတယ်လို့ ပြောချင်ပါတယ်။
ဆရာတို့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေက သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကော ဆရာရယ် သူ့အနေနဲ့ အကြမ်းအားဖြင့် ဘယ်လို မြင်တယ်လို့ ထင်သလဲ။
ရွေးကောက်ပွဲကိစ္စကို သုံးသပ်တာနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲမှာ မတရားမှုတွေ ဖြစ်တာတွေ ရှိတယ်ပေါ့ကွာ။ ကျနော်တို့က ရွေးကောက်ပွဲမ၀င်တဲ့အတွက် ငါတို့နဲ့ မဆိုင်ဘူး၊ မပတ်သက်ဘူးလို့ ဆိုတာမျိုး မစဉ်းစားဘဲနဲ့ ကျနော်တို့အနေနဲ့က ရွေးကောက်ပွဲမတရားမှုတွေကို မတရားတာတွေကို ဖော်ထုတ်ရမယ်၊ ကန့်ကွက်သင့်တာတွေကို ကန့်ကွက်ရမယ်လို့ သဘောထားတယ်လို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ဆရာတို့ပြောထားတဲ့ နိုင်ငံရေးပေါင်းစည်းမှု အင်အားအဖြစ် ရပ်တည်ကြမယ် ဆိုတဲ့ သဘောထားကိုကော ဘယ်လိုသဘောထားသလဲ။
ဒါကို သဘောတူပါတယ်။ အခု နိုင်ငံရေးအင်အားစုတွေကို မပစ်ပယ်ဘူး၊  ကျနော်တို့ကိုယ်တိုင်လည်း တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ဆုံ စကားပြောတယ် ဆိုတဲ့ အချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံပါတယ်။
ဒုတိယပင်လုံညီလာခံဆိုတဲ့ လုပ်ငန်းစဉ်ကိုကော မူအားဖြင့် ဘယ်လို သဘောထားပါသလဲ ဆရာ။
            ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က မူအားဖြင့် လက်ခံပါတယ်။ အသေးစိတ် ဘယ်လို အကောင်အထည်ဖော်ကြမယ်ဆိုတာ ဆက်ဆွေးနွေးကြရမှာပေါ့ကွာ။ ဒို့နိုင်ငံရေးနဲ့ ပတ်သက်လို့ကလည်း တွေ့ဆုံဆွေးနွေးရေးဟာ အဓိကပဲ။ ဒါက တွေ့ဆုံဆွေးနွေးရေး ခေါ်ခေါ်၊ ဒိုင်ယာလော့ ခေါ်ခေါ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါ်ခေါ်၊ ဒုတိယပင်လုံညီလာခံ ခေါ်ခေါ်ဒါက အဓိကပဲ ဆိုတာ သဘောတူတယ်။
၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆိုတဲ့ အချက်ကကော ဆရာ။
            အဲသလို တွေ့ဆုံဆွေးနွေးကြတဲ့ အခါကျတော့ အခုလိုမျိုး လွှတ်တော်တို့ အစိုးရယန္တယားတို့ဟာ ၂၀၀၈ အခြေခံဥပဒေကနေပြီး ချူပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ရေး၊ ပြောင်းလဲပြင်ဆင်ရေးကိုလည်း ဆက်ပြီး ဆောင်ရွက်သွားရမှာပဲ။ ဒါကိုလည်း သဘောတူပါတယ်။
ဆရာပြောသလို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ခွန်အားတွေ အားမာန်တွေ အပြည့်ပဲပေါ့နော် ဆရာ။
            ဟုတ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေတွေကို ဒေါ်စုက အသေးစိတ် သိရှိနားလည်ထားတယ်။ စဉ်းစားထားတာတွေ၊ အကြံသစ် ဥာဏ်သစ်တွေ အများကြီး ရှိနေတယ်။ တွေ့ဆုံခဲ့တဲ့ ၃ နာရီအတွင်းမှာလည်း အင်န်အယ်ဒီပါတီရဲ့ တလျောက်လုံး ဖြတ်သန်းခဲ့တာတွေကိုလည်း ပြောဖြစ်ကြတာတွေ ရှိတယ်။
            ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တင်မကဘူး၊ အင်န်အယ်ဒီပါတီဝင်တွေတင်သာ မကဘူး၊ တတိုင်းပြည်လုံးကုပြည်သူလူထုကြီးတရပ်လုံးကိုယ်တိုင်က အားမာန်တွေ အပြည့်နဲ့ ညီညီညွတ်ညွတ် တက်ကြွနေတာကို မြင်နေရတယ် လို့ ပြောချင်တယ်။ ပါတီရုံးခန်းတွေထဲမှာ လူ ၅၀၀ ကျော် ရှိတယ်။ ပလက်ဖောင်းပေါ်မှာ ဟိုဖက် ဒီဖက် အပြည့်ပဲ။ လူတွေက စည်းကမ်းတကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ၀မ်းသာအားရပဲ။ ကောင်းတဲ့ အခြေအနေကို မြင်နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သဘောထားတင်းမာတယ်ဆိုတဲ့ ပုံစံကော ရှိသလားဆရာ။
            ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ရယ်စရာတောင် ပြောကြပါသေးတယ်။ ရေဒီယိုအင်တာဗျူးတခုမှာ ကျနော့်ကို မေးတာတခုရှိတယ်လေ။ ဦးဝင်းတင်ဟာ ပါတီထဲမှာ သဘောထားတင်းမာတယ်ဆိုပြီး အမေးခံရတော့ ကျနော်က နိုင်ငံရေးရပ်တည်ချက်မှာ ပြတ်သားတဲ့ သဘောပဲ ရှိပါတယ်။ သဘောထားတင်းမာသူမဟုတ်ပါဘူး၊ ကျနော်က သဘောထား ပျော့ပြောင်းသူဖြစ်ပါတယ်လို့ ကျနော်က ဖြေခဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲဆိုတော့ – ဆရာက သဘောထားတင်းမာသူမဟုတ်ဘူး၊ ပျော့ပြောင်းသူ ဖြစ်တယ်လို့ ပြောလိုက်တော့၊ ကျမကလည်း ဆရာ့ထက် ပိုပြီး သဘောထားပျော့ပြောင်းသူ ဖြစ်ပါတယ်လို့ ပြောရမှာပေါ့ ဆရာရယ်လို့ သူက ပြောလိုက်ပါတယ်။
            သူက အသေးစိတ်တွေကအစ သိနေတာပဲ။ သတင်းတွေ နားထောင်ပြီးတော့ မှတ်သားထားတွေ အများကြီးရှိနေတာပဲ လို့ ပြောချင်ပါတယ်။ လူတွေ နံမယ်တွေကိုလည်း မှတ်မိတယ်။
            ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထဲမှာ ၇ နှစ်ခွဲကျော် နေခဲ့ရတယ်။ ဒါပေမယ့် အခု သူလွတ်မြောက်လာချိန်မှာ တွေ့ရတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခါတိုင်းလိုပဲ လန်းလန်းဆန်းဆန်း၊ ရွှင်ရွှင်ပြပြ၊ ထက်ထက်သန်သန်နဲ့ မြန်မာ့အခြေအနေသာမကဘူး၊ ကမ္ဘာအခြေအနေအားလုံးကို ခြုံငုံသိပြီးတော့ ထက်ထက်သန်သန် ပြောနိုင်တယ်။ ဆွေးနွေး လမ်းညွှန်တာတွေလည်း အများကြီး လုပ်နိုင်တယ်။ ကျနော်တို့လို အဖိုးကြီးတွေပေါ့ကွာ၊ အိုမင်းမစွမ်း ဖြစ်နေကြသူတွေအနေနဲ့တော့ အတော်ကို အားရစရာ ကောင်းတယ်။ ဒီလိုမျိုးတွေ့ရတာဟာ အင်န်အယ်ဒီပါတီအတွက် ရှေ့အလားအလာကောင်းလို့ ပြောချင်ပါတယ်။
            ပါတီခေါင်းဆောင်ပိုင်းမှာ ရှိနေတဲ့ လူကြီးတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အိုမင်းမစွမ်းဖြစ်ခြင်း ဆိုတဲ့ လက္ခဏာတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီမှာ လုံးဝ မတွေ့ရဘူးလို့ ပြောချင်ပါတယ်။
ဆရာတို့က ည ၉  နာရီမှာ ပြန်လာခဲ့တယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဘယ်သူတွေ ကျန်ရစ်ခဲ့သလဲ ဆရာ။
            ကျန်ရစ်ပါတယ်။ လူငယ်တွေ ကျန်ရစ်တယ်။ ဆွေးနွေးစရာတွေ ကျန်သေးတယ်။ မိုးကုတ်က မနီတို့ ကျန်ရစ်ခဲ့တယ်။ သခင်အုန်းမြင့်ရဲ့ သား ကိုနီတို့ ကျန်ရစ်တယ်။ ခြံထဲမှာ လာစောင့်နေတဲ့ လူငယ်တွေနဲ့ စကားတွေ ဆက်ပြောပြီ ကျန်ရစ်တယ်။ ညစာစားကြဖို့ ပြင်ဆင်ပြီးတော့ ကျန်ရစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခွန်အားအပြည့်၊ အားမာန်တွေ အပြည့်နဲ့ အများကြီး အလုပ်တွေ ဆက်လုပ်ဦးမှာလို့ ပြောချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts