Uncategorized

Dama Bayyi Ashin Wiyiya (Taung Saung) – Articles

နမောဗုဒ္ဓဿ
ပန်းကောင်းမှန် ပန်တိုင်းမွှေး
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
ဇွန် ၂၊ ၂၀၁၃


ဒီကလေးက မိမိရဲ့တူနဲ့ ခင်မင်မှုကို အကြောင်းပြုပြီး ကျောင်းကို မကြာ မကြာရောက်လာလေ့ရှိတဲ့အတွက် ကျောင်းရှိဦးဇင်းကိုရင်အားလုံးနဲ့လည်း ရင်းနှီးခဲ့တာ ကြာကြာလှပြီ။ ကြာဆို နယ်မှာ လေးတန်းအောင်ပြီးလို့ တောင်စွန်းကို ငါးတန်းဆက်တက်ဖို့ ရောက်လာကတည်းက သူတို့ချင်း ခင်မင်ခဲ့တာ အခုဆို ရှစ်တန်းတောင် ရောက်ကြပြီ။
မိမိတူကလည်း နတ်မောက်နယ်က လေးတန်းအောင်ပြီးလို့ ရွာမှာ ပညာဆက်လက် သင်စရာမရှိတဲ့အတွက် မိမိနေတဲ့တောင်စွန်းကို ရောက်လာခဲ့တာ။ ဒီကလေးကလည်း အလားတူပဲ သူ့ရွာမှာ လေးတန်းအောင်ပြီးလို့ ပညာဆက်သင်ချင်တာနဲ့ ဆွေမျိုးအဆက်အသွယ်ရှိရာ တောင်စွန်းကို ရောက်လာခဲ့တာဆိုတော့ မိဝေး၊ ဖဝေး၊ ရပ်ဝေးက လာရတဲ့ ဘဝတူချင်း ဖြစ်လို့လည်းပိုပြီး သံယောဇဉ်ဖြစ်ကြသလားတော့ မသိပါဘူး။ သူတို့နှစ်ယောက်က သူငယ်ချင်း ကျောင်းနေဘက်ဆိုတာထက် ပိုပြီး ရင်းနှီးသလိုထင်ရပါတယ်။ ပြီးတော့ ကျောင်းမှာ သင်္ချာ ဝါသနာပါတာ၊ သင်္ချာဘာသာမှာ ထူးချွန်ကြတာချင်းလည်း တူတယ်လို့ ဆိုပါတယ်။
ဒီကလေး တည်းခိုနေတဲ့ သူ့ဆွေမျိုးတွေအိမ်က တောင်စွန်းနဲ့တစ်မိုင်ခွဲလောက် ဝေးတယ်။ မိမိနေတဲ့ကျောင်းက သူတို့ပညာသင်တဲ့ အထကကျောင်းနဲ့အကျဉ်းဦးစီးဌာနဝင်းတစ်ခုပဲခြားတာဖြစ်လို့ ငါးမိနစ်ခရီးလောက်ပဲ ရှိပါတယ်။ ဒါကြောင့်လည်းနေ့လည်ကျောင်းဆင်းချိန်မှာ ဒီကလေးက မိမိတူနဲ့အတူ ကျောင်းကို ပါလာလေ့ရှိတယ်။ အစကတော့ ဘာသာချင်းမတူလို့ထင်ပါရဲ့ ရှိုးတိုးရှန့်တန့် ရှိသေးတယ်။ နောက်တော့ မိမိက “ကလေး မင်းဘာမှ ရှိုးတိုးရှန့်တန့် မဖြစ်နဲ့၊ မင်းနေတတ်သလို လွတ်လွတ်လပ်လပ် ကြိုက်သလိုနေပါ။ တို့ကျောင်းမှာ ဘာသာရေးနဲ့ပတ်သက်ရင် မခန့်လေးစား ပြစ်မှားတာမျိုး မလုပ်ဖို့သာလိုတယ်။ ရိုသေတာ ပူဇော်တာက ကိုယ့်သဘောဆန္ဒအတိုင်းပဲ’’ ဆိုမှ ဝင်ရဲ ထွက်ရဲ၊ နေရဲ ထိုင်ရဲ ဖြစ်သွားတယ်။
မိမိက တောင်စွန်းမှာ ပုံမှန်မနေဖြစ်ဘဲ ရန်ကုန်မှာသာ အနေများပြီး အကြောင်းကြီးငယ်ရှိမှသာ တောင်စွန်းကို ရောက်လေ့ရှိတာ သုံးနှစ် လောက်ရှိပြီ။ ဒီတစ်ခေါက်ခရီးကြုံလို့ တောင်စွန်းမှာ တစ်နေ့ဝင်ပြီး နားတဲ့နေ့မှာ ဒီကလေးကလည်း ကျောင်းကိုရောက်လာပြန်တယ်။ ဆွမ်း စားပြီးလို့ မိမိက နားနေကျဖြစ်တဲ့ သိမ်ကျောင်းဆောင်ဘက် ကူးလာတဲ့အချိန်မှာ ဒီကလေးနဲ့မိမိတူတို့လည်း နောက်ကနေ ကပ်လိုက် လာ ကြပါတယ်။တစ်စုံတစ်ခု လျှောက်ထားစရာ အကြောင်းထူးရှိဟန်တူရဲ့လို့ အကဲခတ်မိတဲ့အတွက် “ဘာကိစ္စရှိလို့လဲ၊ လာကြလေ’’ဆိုတော့ နှစ်ယောက်လုံး သိမ်ထဲအထိ လိုက်လာတယ်။ နေရာမှာ ထိုင်မိတော့ “ကဲ .. လူကြီးမင်းတို့က ဘာများ မြွက်ကြားကြမလို့လဲ’’လို့ မိမိက ရယ် ရယ်မောမောနဲ့ ရင်းရင်းနှီးနှီး မေးလိုက်တော့ စောစောက အနားယူချိန်မှာ အနှောက်အယှက်ပေးသလိုဖြစ်နေမလားဆိုပြီး မဝံ့မရဲ ဖြစ်နေပုံ ရတဲ့ သူတို့နှစ်ယောက်လုံး ပျော်သွားကြပုံရပါတယ်။
မိမိတူကပဲ စပြီး “သူက ဘုန်းဘုန်းကို နည်းနည်းမေးစရာရှိလို့တဲ့’’ ဆိုပြီး စကားစဖော်ပေးလိုက်တယ်။ “ကဲ .. ဆို ..ဘာကိစ္စ’’ လို့ မိမိက ထပ် ဆင့်တိုက်တွန်းလိုက်တော့ အဲဒီကလေးက “ကျွန်တော်က .. အဲ .. တပည့်တော် ..’’ ဆိုပြီး ထစ်နေလို့ “ကလေး ပြောတတ်သလို ပြော၊ ဘာ မှ မကြောက်နဲ့’’လို့ ထောက်ပေးလိုက်ရသေးတယ်။
“ကျွန်တော်က ဘုန်းဘုရားတူနဲ့၊ နေရပ်လည်း မတူဘူး၊ လူမျိုးလည်း မတူဘူး၊ ဘာသာချင်းလည်း မတူဘူး၊ ဒါပေမဲ့ကျွန်တော်ကရော သူကရောပဲ၊ ကျွန်တော်တို့ ညီအစ်ကိုအရင်းလို သိပ်ခင်ကြပါတယ်။ အဲဒါ …အခု တချို့နေရာတွေမှာ လူမျိုးချင်း၊ ဘာသာချင်းမတူကြလို့ဆိုပြီး ဘာဖြစ်လို့ ရန်ဖြစ်နေကြတာလဲ’’ ဆိုပြီး စဉ်းစားသလိုလိုနဲ့ စကားရပ်သွားပြန်တယ်။ 
“ဘာလဲ .. အခု သတင်းတွေထဲမှာ ပြန့်နှံ့နေတဲ့ မိတ္ထီလာတို့ ဘာတို့မှာ ဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မင်းတို့ကိုလည်း ပတ်ဝန်းကျင်က သတင်းတွေ ကြားနေရလို့လား’’ လို့ စကားထောက်ပေးလိုက်တော့မှ “အဲ … အဲဒါ ဟုတ်ပါတယ်။ အဲဒါဘာဖြစ်တာလဲ’’ တဲ့။ 
“ဘယ်လို ဘာဖြစ်တာလဲတုံးဟ၊ ဘာပြောချင်တာတုံး’’ ဆိုတော့ …“အော် .. ကျွန်တော်တို့ ဘာဖြစ်လို့ အခုလိုကြီးမှတွေ့ကြပြီး ညီအစ်ကိုလို ခင်မင်ရတာလဲ။ ဘာဖြစ်လို့ လူမျိုးချင်း၊ ဘာသာချင်း မတူကြတာလဲ။ ဘာသာချင်း လူမျိုးချင်း မတူဘဲခင်မင်ရင်းနှီးရင်ရော ဘာဖြစ်လဲ …၊ ပြီးတော့ ဟိုမှာ ဘာဖြစ်လို့ ငယ်ငယ်ကတည်းက တစ်ရပ်တည်း အတူ နေကြသူတွေဖြစ်ရက်နဲ့ အချင်းချင်း ရန်ဖြစ်နေကြတာလဲ။ အဲ .. ဘယ်လိုပြောရမလဲ .. အဲ .. အဲဒါ ဘုန်းဘုရားကို မေးချင်တာ’’ ဆိုပြီး ပြေ ပြစ်တဲ့ဝေါဟာရ ရှာမရသလို ခပ်ထစ်ထစ်နဲ့မေးလာပါတယ်။
“အေး … မင်းမေးလိုရင်းကို ငါသဘောပေါက်ပါတယ်ကွ။ ဒီကိစ္စတွေ ငါလည်း နည်းနည်းပါးပါး ကြားနေတာပါပဲ’’ ပထမဆုံး မင်းတို့ချင်း ကြီးမှ တွေ့ကြပေမဲ့ ငယ်ပေါင်းရောင်းရင်းလို၊ ညီအစ်ကိုအရင်းလို သံယောဇဉ် ဖြစ်ကြတယ်ပေါ့ကွာ။ အဲဒီလို ခင်မင်ကြတာကတော့ အရင့် အရင်ဘဝတွေ အများကြီးတုန်းကတည်းက ဒီလိုခင်မင်ဆက်ဆံခဲ့တာတို့၊ ဆွေမျိုးသားချင်းတော်စပ်ခဲ့တာတို့စတဲ့ သံယောဇဉ်ဓာတ်ခံ ခေါ် တာပေါ့ကွာ၊ တို့ ဗုဒ္ဓဘာသာအလိုအရဆိုရင်တော့ ရှေးရေစက်လို့လည်းခေါ်တာပေါ့။ အဲဒါ ရှိခဲ့လို့လို့ပဲတဲ့ကွ။
အဲ .. “ဘာဖြစ်လို့ လူမျိုးချင်း၊ ဘာသာချင်းကျတော့ မတူကြတာလဲ’’ဆိုတာကတော့ ပြောရတာ နည်းနည်းခက်မယ်ကွ။
မင်းတို့ .. ဟိုး .. ဒုတိယကမ္ဘာစစ်တွင်းနဲ့စစ်ပြီးကာလလောက်တုန်းက အင်္ဂလန်က နာမည်ကြီး ခေါင်းဆောင်ကြီးကွာ၊ ဝန်ကြီးချုပ် ဆာ ဝင်စ တန်ချာချီ’’ ဆိုတာ ကြားဖူးလား။ သူက အင်္ဂလန်နိုင်ငံရဲ့ခေါင်းဆောင်ကြီးပေါ့။ သူ စစ်ကြီးပြီးလို့ အမေရိကန်ကိုရောက်သွားတဲ့အခါ အမေရိ ကန်မှာ သူ့ကိုမကျေနပ်ကြလို့ ဆန္ဒပြမယ်ဆိုတဲ့လူတွေလည်း ရှိတယ်။
အမှန်ကတော့ အခု အမေရိကန်နိုင်ငံသားတွေဆိုတဲ့ လူတွေက မူလအမေရိကန်လူမျိုးတွေ မဟုတ်ဘူးလေ။ မူလတိုင်းရင်းသားတွေက ရက်အင်ဒီယန်ဆိုတဲ့ လူမျိုးတွေပဲ။ အခု အမေရိကန်ဆိုပြီး ချယ်လှယ်နေကြသူတွေက အင်္ဂလိပ်လူမျိုးတွေပဲ။ အမေရိကန်ကို ပြောင်းရွှေ့အ ခြေချလာကြလို့ သူတို့ကိုယ်သူတို့ အမေရိကန်သားတွေလို့ ပြောနေကြတာ။ အဲဒီ နောက်မှလာပြီး “ငဦး’’ လို့ အမည်ခံထားတဲ့ အမေရိ ကန် တွေကပဲ သူတို့ရဲ့မူရင်းဇာတိ အင်္ဂလန်အပေါ်မကျေနပ်ကြလို့ မစ္စတာချာချီလာတုန်းမှာ ဆန္ဒပြကြဖို့ စီစဉ်ကြတာတဲ့။
ဒါကို အင်္ဂလန်ခေါင်းဆောင်ကြီး ချာချီကလည်း သိထားတာပေါ့။ ဒါနဲ့ပထမဆုံး သူက အမေရိကန်ပြန်သူတွေကို နှုတ်ခွန်းဆက်စကား ပြော တဲ့အခါမှာ “အမေရိကန်နိုင်ငံသူ နိုင်ငံသားများခင်ဗျား … ခင်ဗျားတို့ရဲ့ ဘိုးဘွားမိဘတွေက အမေရိကန်မှာ အခြေချနေထိုင်လာကြတဲ့အတွက် ခင်းဗျားတို့ဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်နေကြပါတယ်။ ကျွန်တော်ရဲ့ ဘိုးဘွားမိဘတွေကတော့ အင်္ဂလန်မှာပဲ အခြေချနေထိုင်ခဲ့ကြလို့ ကျွန်တော် အခု အင်္ဂလန်နိုင်ငံသားဖြစ်နေပါတယ်။ တကယ်လို့သာ ကျွန်တော့်ရဲ့ ဘိုးဘွားမိဘတွေကလည်း ခင်ဗျားတို့ရဲ့ ဘိုးဘွားမိဘများ နဲ့အတူ ဒီအမေရိကန်မှာ အခြေချနေထိုင်ခဲ့ကြမယ်ဆိုရင်တော့ ကျွန်တော်လည်း အခုဆို အမေရိကန်နိုင်ငံသားဖြစ်နေမှာပါပဲ’’ လို့လည်း ပြောလိုက်ရော စောစောက သူ့ကို ဆန့်ကျင့်ဆန္ဒပြမယ်ဆိုသူတွေကပါ လက်ခုပ်တွေ တဖြောင်းဖြောင်းတီးပြီး “မှန်တယ်၊ မှန်တယ်’’ နဲ့ ထောက်ခံကုန်ကြသတဲ့ကွ။
မင်းတို့ အခု ရှစ်တန်းအရွယ်တွေပဲ ဘုန်းဘုန်းပြောတာ သဘောပေါက်တယ်မို့လား။ ဘာဖြစ်လို့ လူမျိုးချင်း ဘာသာချင်းကွဲကြသလဲဆိုတော့ ဘိုးဘွားမိဘတွေ မတူကြလို့လို့ပဲ ပြောရမှာပဲကွ။ မင်းတို့ ဘိုးဘွားမိဘတွေသာ ဗုဒ္ဓဘာသာတွေဆိုရင် မင်းလည်း ဗုဒ္ဓဘာသာဖြစ်နေမှာပဲ။ အဲ .. ငါ့တူ မင်းသူငယ်ချင်းပေါ့လေ။ အေး .. သူ့ဘိုးဘွားမိဘတွေက မင်းတို့လူမျိုး မင်းတို့ ဘာသာဝင်ဖြစ်နေခဲ့မယ်ဆိုရင်လည်း သူဟာ မင်း နဲ့ဘာသာတူပဲ ဖြစ်မှာပေါ့။ ဟုတ်တယ်မို့လား’’ ဆိုတော့ ကလေးကအတော်လေး ကျေနပ်သွားသလိုပြုံးပြီး ခေါင်းတဆတ်ဆတ်ညိတ် နေ ပါတယ်။
—xxx—-
“ပြီးတော့ “ဘာသာချင်း၊ လူမျိုးချင်းမတူရင် ဘာဖြစ်လဲ’’ ဆိုတဲ့ကိစ္စပေါ့နော်။ ဒါကလည်း သဘောထားကြီးတဲ့ပုဂ္ဂိုလ်၊ အသိညဏ်အဆင့် အ တန်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဆိုရင် သဘောပေါက်တတ်ကြပါတယ်။
ဘုန်းဘုန်းနားမှာ အမေရိကန်က ဘာသာရေးအတွေးအခေါ်ပညာရှင် ဘဂဝန်ရှရီ ရာဂျနီး (Bhagwan Shree Rajneesh) ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးရေးတဲ့ THE BOOK An Introduction to the Teachings of Bhagwan Shree Rajneesh ဆိုတဲ့စာအုပ်တစ်အုပ်ရှိတယ်။ အဲဒီ စာအုပ်မှာ ဆွေးနွေးထားတဲ့ အချက်တစ်ချက်က သူ့မူရင်း အင်္ဂလိပ်လိုလည်း မင်းဝါသနာပါရင်ကူးချင်ကူးထားလေ … ဟောဒီမှာ –
DIVISION The divisions are not needed; that is human stupidity. if you love the rose,good; there is no question of fighting with you. I love the lotus and you love the rose,but we both are lovers of flowers. That’s where the meeting ground is: that we both loveflowers.You love Christ; that is one flower. I love Buddha; that is another flower. Somebody eles loves Lao Tzu; that is another flower. we are all friends because we loveflowers, and I can appreciate your rose, you can appreciate my lotus. There is no needto create any division. (page – 377)
မြန်မာလိုကတော့၊ အဲ .. မြန်မာလိုဆိုလို့ ဘုန်းဘုန်းက အတိအကျ ဘာသာပြန်တတ်တာ မဟုတ်ပါဘူး။ ဟိုတစ်လုံး ဒီတစ်လုံးလောက် ဖတ် ကြည့်တတ်တာပါ။ သဘောကျသလိုလိုရှိတဲ့ အပိုဒ်ကျတော့ ပိုပြီးကျွမ်းကျင်တဲ့လူကို အတိအကျ ဘာသာပြန်ခိုင်းရတာပေါ့။ အခုလည်း ဂျပန်သံရုံးမှာလုပ်နေတဲ့ ဘုန်းဘုန်းရဲ့မိတ်ဆွေ ဘာသာပြန်ဆရာ ဦးချိုထွန်းက မြန်မာပြန်ပေးထားတာပါ။ သူ့ဘာသာပြန်တာက –
ခွဲခြားမှုဆိုတာ မလိုအပ်ပါ။ ဒါဟာ လူသားရဲ့ မိုက်မဲမှုပဲ။ ခင်ဗျားက နှင်းဆီကိုချစ်ရင် ကောင်းပါတယ်။ ခင်ဗျားနဲ့ကျွန်တော် ရန်ဖြစ်ရမယ့်ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်က ကြာပန်းကို ချစ်တယ်။ ခင်ဗျားက နှင်းဆီကို ချစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပန်းချစ်သူများ ဖြစ်ကြပါ တယ်။ ဒါ ကျွန်တော်တို့ရဲ့ဆုံရပ်ဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော်တို့နှစ်ဦးစလုံး ပန်းချစ်သူများဖြစ်လို့ပါပဲ။ ခင်ဗျားက ခရစ် တော်ကို ချစ်တယ်။ ဒါက ပန်းတစ်ပွင့်။ ကျွန်တော်က ဗုဒ္ဓကိုချစ်တယ်။ ဒါက အခြားပန်းတစ်ပွင့်။ အခြားတစ်ယောက်က လောက်ဇူးကို ချစ် တယ်။ ဒါကလည်း အခြားပန်းတစ်ပွင့်။ ကျွန်တော်တို့ဟာ ပန်းချစ်သူများဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ မိတ်ဆွေများဖြစ်ကြပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့နှင်းဆီကို တန်ဖိုးထားလေးစားနိုင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော်ရဲ့ကြာပန်းကို တန်ဖိုးထားလေးစားနိုင်ပါတယ်။ ခွဲခြားခြင်းတွေကို ဖန်တီးဖို့မလိုအပ်ပါဘူး’’ တဲ့ကွ။
သူ့စာက တွေးပုံရော၊ ရေးပုံရော၊ ကြောင်းကျိုးယုတ္တိပေးပုံရော သိပ်ကိုရိုးရှင်းပီပြင်လွန်းတဲ့အတွက် မင်းတို့အရွယ်၊ မင်းတို့အတန်းပညာ လောက်ဆိုရင် ချက်ချင်းကို သဘောပေါက်လောက်ပါတယ်။ ဘာမှ အပိုချဲ့ပြီး ပြောစရာမလိုလောက်ပါဘူး။ ဒီမှာ အရေးကြီးဆုံးအချက်က “တစ်ဦးချစ်တဲ့ ပန်းကို တစ်ဦးက တန်ဖိုးထား လေးစားနိုင်ပါတယ်’’ ဆိုတဲ့ အချက်ပဲကွ။
ဒီသဘောထားမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော် အဲ .. ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း နှစ်ရာကျော်လောက်ကပေါ့ကွာ၊ မဇ္ဈိမဒေသလို့ခေါ်တဲ့ အခုအိန္ဒိယနိုင်ငံမှာပေါ့ကွာ။ အဲဒီခေတ်ကတော့ “တစ်မိုးအောက် တစ် မင်း’’ လို့ အသိအမှတ်ပြုခြင်းခံရတဲ့ “အသောက မင်းတရားကြီး’’ ဆိုတာ ရှိခဲ့ဖူးတယ်။ သူက ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ဘုရင်တစ်ပါးပဲ။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတို့နဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားအမြင်တွေ၊ အုပ်ချုပ်ရေးစနစ်တွေ၊ အမိန့်တော်ပြန်တမ်းတွေကို ကျောက်စာတွေနဲ့ အခိုင်အမာရေးထိုးခဲ့တယ်။
သူရေးထိုးခဲ့တဲ့ ကျောက်စာအမှတ် (၇) မှာ ဘာသာရေးနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားအမြင်ကို ထုတ်ပြန်ကြေညာရာမှာ သူနဲ့အယူဝါဒ ချင်း မတူကြသူများပင် ဖြစ်ကြပါစေ သူ့နိုင်ငံတော်ဝန်းကျင်မှာနေထိုင်ကြတာကို လိုလားနှစ်သက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အယူ ဝါဒ တစ်ခုခုကို ယုံကြည်တယ်ဆိုကတည်းက မကောင်းမှုကိုမပြုမိအောင် စောင့်စည်းခြင်း၊ ဘဝရဲ့ စင်ကြယ်မြင့်မြတ်မှုကို လိုလားခြင်းဆိုတဲ့ စည်းကမ်းလိုက်နာတတ်မှု အခြေခံအသိတရားရှိကြလို့ပါပဲဆိုတဲ့ သဘောမျိုးကိုရေးထိုးထားတယ်။ ဘာသာတရားကို ယုံကြည်ကိုးကွယ်ရ ကောင်းမှန်း သိတယ်ဆိုရင် ပန်းချင်းမတူပေမဲ့ ပန်းချစ်သူတိုင်းရဲ့အခြေခံ စိတ်ထားဖြစ်တဲ့ “သူချစ်တဲ့ပန်းကိုလည်း လှမ်းမချွေနဲ့၊ ကိုယ်ချစ်တဲ့ ပန်းကိုလည်း မနွမ်းစေနဲ့’’ ဆိုသလို “သူ့စည်းကိုလည်း မနှောက်၊ ကိုယ့်စည်းကိုလည်း မဖောက်’’ တဲ့ လူသားအခြေခံစိတ်ထားရှိကြတဲ့အတွက် ဘာသာတရားတစ်ခုခု ယုံကြည်တယ်ဆိုရင်ပဲ သူ့နိုင်ငံမှာနေခြင်းကို နှစ်သက်လက်ခံပါတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။
ပြီးတော့ ကျောက်စာအမှတ် (၁၂) မှာလည်း –
ဘယ်သူမဆို မိမိယုံကြည်တဲ့ ဘာသာဝင်တို့ကိုသာ ချီးမြှောက်ပူဇော်ပြီး သူတစ်ပါးဘာသာဝင်တို့ကို ကဲ့ရဲ့ရှုတ်ချလုပ်မယ်။ အဲဒီလို သူတစ် ပါးကိုနှိပ်ကွပ်ပြီး ကိုယ့်ဘာသာတရား ပေါ်လွင်မှုကိုလုပ်ဆောင်တဲ့သူဟာ ကိုယ်ယုံကြည်ကိုးကွယ်တဲ့အယူဝါဒကို အကြီးအကျယ် ပုတ်ခတ် ဖျက်စီးရာ ရောက်တယ်။ (သူတစ်ပါးကို ရန်လိုတာဟာ ကိုယ့်အပေါ် ရန်ပိုအောင် ပြုရာကျတယ်လို့ ဆိုလိုတာပေါ့)။
အမှန်တကယ် လုပ်သင့်တာက၊ အယူဝါဒရှင် အချင်းချင်း တစ်ဦးရဲ့ဝါဒကို တစ်ဦးက နားလည်သဘောပေါက်ပြီးလေးစားကြဖို့သာ ဖြစ်တယ်’’ တဲ့။ ရှေးလူကြီးတွေ ပြောပြောနေတဲ့ “ရန်လိုရင် ရန်ပိုမယ်၊ ရန်မလိုမှ ရန်ပြိုမယ်’’ ဆိုတာ ဒီသဘောမျိုးပြောရတာပေါ့။ အဲဒါ မင်းတို့ လူငယ် တွေ အလေးအနက်သဘောပေါက် ကျင့်သုံးကြဖို့ သိပ်ကိုအရေးကြီးတယ်။ မှတ်ထားနော် … ဆိုတော့ ကလေးက သဘောပေါက် လက်ခံတဲ့ သဘောနဲ့ခေါင်းညိတ်ပြီး ကတိပြုပါတယ်။
—-xxx—-
အဲ .. နောက်ထပ် မင်းသိချင်တာက ဘာတဲ့၊ “သာသာချင်း၊ လူမျိုးချင်း မတူကြသူတွေ ခင်မင်ရင်းနှီးတာ ဘာဖြစ်သလဲ’’ တဲ့… ဟုတ်လား’’
ဒါနဲ့ပတ်သက်လို့တော့ “ခင်မင်ရင်းနှီးတာ ဘာဖြစ်သလဲ’’ ဆိုတာထက် “မခင်မင် မရင်းနှီးကြရင် ဘာဖြစ်မလဲ’’ ဆိုတာကို အရင်စဉ်းစားကြည့် ရင် ပိုပြီး အမြင်ရှင်းမယ်ထင်တယ်ကွ။
မင်းအခု ကမ္ဘာ့သတင်းတွေထဲမှာ ဟိုး .. နှစ်ပေါင်းရာစု ထက်ဝက်နီးပါးလောက်ကတည်းက တကျက်ကျက်ရန်ဖြစ်နေကြပြီး နှစ်စဉ်မပြတ်လို စစ်ပွဲတွေ ဆင်နွှဲနေကြတဲ့ ပါလက်စတိုင်းတို့၊ အစ္စရေးတို့ဆိုတာ ကြားဖူးတယ်နော်။ အရှေ့အလယ်ပိုင်းတို့၊ အာရပ်ကမ္ဘာတို့ဆိုတဲ့ အမည် တွေနဲ့ ထင်ရှားတဲ့ဒေသလေ။ အဲဒီဒေသ။ အထူးသဖြင့်တော့ ပါလက်စတိုင်းနဲ့အစ္စရေး ဂျူးလူမျိုးတို့ရဲ့ “ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်’’ သမိုင်းနောက်ခံစာအုပ်တွေကို ဖတ်ကြည့်တဲ့အခါ ဒီလူတွေဟာ လူမျိုးချင်းကိုးကွယ်တဲ့ ဘာသာချင်းမတူကြပေမယ့် သဘာဝဘေး အန္တရာယ်တွေ၊ အခက်ခဲတွေ များပြားထူပြောတဲ့ ဒီဒေသမှာ ဆိုးတူကောင်းဖက် လက်တွဲရင်ဆိုင်ကြရင်း ညီနောင်သားချင်းတွေလို နေခဲ့ကြ တာတဲ့။
အဲ .. ခရစ်ယာန်ကိုးကွယ်ကြတဲ့ ဂျူးလူမျိုးတွေက “အစ္စရေးနိုင်ငံ’’ ဆိုတာကို တည်ထောင်ကြေညာလိုက်တဲ့ အချိန်မှာတော့ မူစလင်နိုင် တွေဖြစ်တဲ့ အာရပ်ကမ္ဘာနိုင်ငံတွေက မကျေမနပ်ဖြစ်ရာကနေ နောက်ဆုံးတော့ တမြေတည်း၊ တရေတည်းလို အနီးကပ်ဆုံးနေခဲ့ကြတဲ့ ပါလက် စတိုင်းတွေနဲ့ ဂျူး (အစ္စရေး) တွေက အနီးကပ်ရန်သူတွေ အဖြစ်နဲ့ အမြဲတမ်း ခေါင်းချင်းတေ့ဆတ်နေကြရတော့တာ။ အရင်ကဆိုရင် အဲဒီဒေသမှာ ပါလက်စတိုင်းမိသားစုကပဲဖြစ်ဖြစ်၊ ဂျူးမိသားစုကပဲဖြစ်ဖြစ် လူဦးရေတစ်ဦးတိုးပွားတာဟာ ဒီမျိုးနွယ်စုနှစ်ဦး နှစ်ဖက်လုံး အတွက် ခွန်အားတစ်ခုတိုးသလိုဖြစ်ခဲ့ကြလို့ “အဇာတမိတ္တ = မမွေးမီက မိတ်ဆွေများ’’ ဖြစ်ခဲ့ကြတာပေါ့။
ကဲ .. ခုတော့ လူမျိုးမတူ၊ ဘာသာမတူကြသူချင်းဖြစ်လို့ ရန်သူလိုသဘောထား သတ်မှတ်လိုက်တဲ့အချိန်ကစပြီး ဂျူးလူမျိုးမှန်သမျှဟာလည်း အာရပ်တွေ(အထူးသဖြင့် ပါလက်စတိုင်းတွေပေါ့လေ) အတွက် “အဇာတသတ္ထု = မမွေးမီကတည်းက ရန်သူတွေ’’ ဖြစ်နေကြရသလို အာ ရပ် (ပါလက်စတိုင်း)ဟူသမျှဟာလည်း ဂျူးတို့အတွက် “အဇာတသတ္ထု = မမွေးမီက ရန်သူတွေ’’ ဖြစ်ကုန်ကြတော့တာပေါ့။ အဲဒီတော့ ဘာ ဖြစ်သလဲ။ လူ့ဘုံလူ့ဘဝဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမအရ ပြောရမယ်ဆိုရင် “သုဂတိ လူ့ဘုံသား’’ခေါ်တယ်။ “သုဂတိ’’ ဆိုတာ ကောင်း တဲ့ ကုသိုလ်ကံရှိသူတို့ ဖြစ်တည်ခွင့်ရတဲ့ ဘုံ’’ လို့ ဆိုလိုတာပေါ့။
“ကောင်းတဲ့ ကုသိုလ်ကံ’’ဆိုတာ အပြစ်ကင်းခြင်း၊ ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံခြင်းဆိုတဲ့ အကျိုးထူးတွေကို တွေ့ကြုံခံစားခွင့်ဆိုတဲ့ အခွင့် ထူးကို ပေးတတ်တဲ့ကံပေါ့။ အတိုချုပ်ကတော့ “လူ့ဘုံက လူသားဆိုတာ အပြစ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာနေထိုင်ခွင့်ရတဲ့ ဘုံသားမျိုးဖြစ် တယ်’’လို့ ဆိုလိုတာပါပဲ။
အဲ .. အခု အဲဒီမမွေးမီကတည်းက အချင်းချင်းရန်သူလို သတ်မှတ်နေထိုင်ကြတဲ့ဒေသကလူတွေမှာ အဲဒီလို သုဂတိလူ့ဘုံနဲ့တန်တဲ့ အခွင့် အရေးတွေ ရနိုင်ကြရဲ့လား။ မင်း “ငရဲကြီးတယ်’’ ဆိုတာ ကြားဖူးလား။ “ငရဲ’’ ဆိုတာ ပါဠိစကားနဲ့ဆိုရင် ”နိရယ’’လို့ ခေါ်တယ်ကွ။ မြန်မာ လိုတော့ “ချမ်းသာခြင်းတွေအားလုံး ချို့တဲ့နေတဲ့ဘဝ’’ လို့ ဆိုတာပေါ့။ အဲဒီတော့ ပတ်ဝန်းကျင်ကိုရန်သူလို သတ်မှတ်နေထိုင်ကြသူတွေဆို တာ ဘယ်လိုစိတ်ထားတွေနဲ့ဘယ်လိုနေထိုင်ကြမလဲ။ မင်းတို့စဉ်းစားကြည့်လေ၊ အိပ်ရာက နိုးပြီဆိုကတည်းက ရန်လိုတဲ့စိတ်တွေမွေး။ ကြုံလာရင် နှုတ်ကြမ်း၊ ကိုယ်ကြမ်းတွေနဲ့ထိပါးပုတ်ခတ်ကြ၊ ညှဉ်းဆဲသတ်ဖြတ်ကြဆိုတာမျိုးတွေ အမြဲလုပ်နေကြရပြီဆိုကတည်းက ဒီလူ တွေမှာ ချမ်းသာခြင်းတွေ အားလုံးချို့တဲ့ မနေကြပေဘူးလား။
“လူမျိုးမတူ၊ ဘာသာမတူတာကို အကြောင်းပြုပြီး မခင်မင်မရင်းနှီးကြရင် ဘာဖြစ်မလဲ’’ ဆိုတဲ့ မေးခွန်းအတွက် ဒါဟာ အဖြေမှန်ပဲ။ အဲ .. “အဇာတသတ္ထု’’ဆိုလို့ မင်း “အဇာတသတ်မင်း’’ ဆိုတာတော့ ကြားဖူးတယ်မို့လား။ အေး ကြားဖူးတာလည်း ကြားဖူးတာပေါ့ကွာ။ သူ့ဖြစ်ရပ် မှာ အများနားမလည်မိခဲ့တဲ့ ဖြစ်ရပ်ကလေးတွေရှိတယ်ကွ။ အဲဒီမင်းသားက ဗိမ္ဗိသာရမင်းကြီးရဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ဝေဒေဟီမိဖုရားကြီး ဝမ်းမှာ ပဋိသန္ဓေတည်နေတာပေါ့။
မိဖုရားကြီးမှာကိုယ်ဝန်ရှိလာတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာဖြစ်တတ်တဲ့ ဓမ္မတာလို့ဆိုတာပဲကွာ၊ တစ်ခုခုကို စားချင်သောက် ချင်တဲ့ “ချင်ခြင်း’’ဆိုတာ ဖြစ်လေ့ရှိတဲ့အတိုင်း အဲဒီမိဖုရားကြီးမှာ ကလေးရဲ့ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးရဲ့လက်ရုံးသွေးကို သောက်လိုတဲ့ ချင်ခြင်း အပြင်းအထန်ဖြစ်တဲ့အတွက် အိပ်မပျော်၊ စားမဝင်၊ စိတ်လည်း မရွှင်ဆိုတာလိုဖြစ်ပြီးရုပ်ရည်ရော မျက်နှာအဆင်းပါ သိသိသာသာ ကြီး ယိုယွင်းလာသတဲ့။
ဒါနဲ့စုံစမ်းမေးမြန်းကြည့်လို့ အကြောင်းစုံသိတဲ့အခါ မင်းတရားကြီးက “ဒါလေးများ ခဲရင်းတဲ့ကိစ္စမှတ်လို့’’ ဆိုပြီး သူ့ရဲ့ သမားတော်ကြီးကိုခေါ် လက်ရုံးသွေးအဖောက်ခိုင်းပြီး မိဖုရားကြီးကိုတိုက်လိုက်တာပေါ့။ ဒီအထိကလေးဖခင်ရော၊ မိခင်ရောဝမ်းထဲကကလေးရော အားလုံး ကျေ ကျေနပ်နပ် ပြေပြေလည်လည်ပါပဲ။ ပြဿနာက ဘယ်ကနေစလာလဲဆိုတော့ – ဒီအကြောင်းကို ဟူးရာပုဏ္ဏားတွေကြားသိတဲ့အခါ “ဧကန္တ .. ဒီကလေးမွေးဖွားလာလို့ အရွယ်ရောက်လာခဲ့ရင်၊ အဖကိုသတ်မယ့်ရန်သူဖြစ်လာမယ်’’ ဆိုပြီး ဟောချလိုက်ပါရော။ ဒါနဲ့ပဲ အမေ့ဝမ်းထဲ မှာလူပုံစံတောင် အပြည့်အစုံပေါ်ပုံမရသေးတဲ့ ကလေးငယ်ကို “အဇာတသတ္ထု = မမွေးဖွားမီက အဖရဲ့ရန်သူ’’ ဆိုပြီး ဝိုင်းသမုတ်လိုက်ကြ တော့တာ။ အမှန်ကတော့ ကလေးက မမွေးမီက အဖရဲ့ရန်သူဖြစ်တာမဟုတ်ဘူး။ ကလေးကို “မမွေးမီက အဖေ့ရဲ့ရန်သူ’’ (အဇာတသတ္ထု = အဇာတသတ်) ရယ်လို့ ဝိုင်းပြီး သတ်မှတ်လိုက်ကြတာ။
အမည်အရသာ သတ်မှတ်တာမဟုတ်ဘူး။ စိတ်ထဲကကို စိတ်ပါလက်ပါဆိုသလို ခံယူသတ်မှတ်လိုက်ကြတာ။ ဒါကြောင့် အမိဝမ်းတည်းမှာ ကတည်းက ဒီကလေးက မေတ္တာငတ်လာခဲ့တာ။ ဒေါသနဲ့ဖျက်ဆီးပစ်ဖို့အထိ အကြိမ်ကြိမ်ခံခဲ့ရဖူးတယ်။ ဗိမ္ဗိသာမင်းကြီးက ဒီအကြောင်းသိ တော့မှ အာဏာစက်နဲ့အပြင်းအထန် အမိန့်ထုတ်တားမြစ်လိုက်လို့သာ ဒီကလေးက လူဖြစ်ခွင့်ရလိုက်တာ။
လူရယ်လို့ ဖြစ်လာပြန်တော့လည်း အထိန်းတော်၊ အချော့တော်ဆိုသူတွေကအစ “သူတို့ရဲ့ကျေးဇူးရှင် မင်းတရားကြီးကိုသတ်မဲ့ကလေး’’ဆိုတဲ့ ဟူးရားတစ္ဆေကြီးက အမြဲတမ်းချောက်လှန့်နေလေတော့ မေတ္တာမထားနိုင်ခဲ့ကြဘူး။ စိုးရိမ်၊ ကြောက်ရွံ့၊ ရန်လိုတဲ့မျက်နှာထားတွေက မဖုံးနိုင်၊ မကွယ်နိုင် ပေါ်လွင်နေကြတော့တာ။ “မိုးခေါင်ရေရှားရပ်ဝန်းမှာ ဆူးထူတဲ့အပင်များသာပေါက်လေ့ရှိသလိုပေါ့ကွာ၊ မေတ္တာမိုးခေါင်နေ တဲ့ အဇာတသတ်မှာလည်း ဒေါသဆူးတောင်တွေ ပေါက်လာမှာပေါ့။ ဒါနဲ့ပဲ နောက်ဆုံးတော့ တကယ့်အဖသတ်မင်းဖြစ်သွားတာ။
အဲဒီနောက်မှာ သူ့အမှား သူမြင်ပြီး မြတ်စွာဘုရားရှင်နဲ့သွားတွေ့တယ်။ မြတ်စွာဘုရားက ဆုံးမလိုက်တော့ စိတ်ထားတွေအားလုံး ပြောင်း ပြန်ဆိုသလို ပြောင်းလဲသွားတော့တာ။ အဲဒါ .. မြတ်စွာဘုရားရှင်က အဇာတသတ်မင်းရဲ့ အခုစိတ်ထားဟာပြောင်းလဲလာတဲ့ စိတ်ထားမ ဟုတ်ဘူး၊ ဒါကမှ ပင်ကိုယ်စိတ်ထား အစစ်တဲ့။ အဖကို သတ်ခဲ့တဲ့ စိတ်ထားကမှ မဆီမဆိုင်ပင်ကိုယ်စိတ်ထားနဲ့ပြောင်းပြန်ဖြစ်သွားတဲ့ စိတ်ထား။ဘာဖြစ်လို့လဲဆိုတော့ ဒီအဇာတသတ်မင်းဟာ အဖကို သတ်တဲ့ကံကြီးသာမထိုက်ခဲ့ရင် အဆင့်မြင့်လူသားတစ်ဦးလို့ဆိုရမယ့် သောတာပန်အရိယာဖြစ်နိုင်တဲ့ အမျိုးကောင်းသားတစ်ဦး ဖြစ်လို့ပဲတဲ့ဟုတ်လည်း ဟုတ်တယ်ကွ။ မြတ်စွာဘုရားနဲ့တွေ့ပြီးတဲ့ နောက်မှာ သူ့စိတ်ထားတွေ ပုံမှန်ဖြစ်သွားသလို သူ့ဘဝကလည်းသုဂတိလလူ့ဘုံသားတွေထဲက ဘုန်းရှင်ကံရှင်ဖြစ်တဲ့ ရှင်ဘုရင်တစ်ဦးပီပီ ထီးနန်း စည်းစိမ်ကိုလည်း ခံစားနိုင်သွားတယ်။ အရင်ကတော့ သူပြစ်မှားမိတဲ့ ကံကြီးက ဖိစီးနှိပ်စက်ပြီး စိတ်တွေ  ကယောက်ကယက်နဲ့အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ၊ စိတ်အေးကိုယ်ခိုင် နေထိုင်မရဆိုတဲ့ ဒုက္ခတွေခံစားနေရတာလေ။
အဲဒီနောက်ပိုင်းမှာ အဇာတသတ်မင်းကြီးရဲ့ ဆောင်ရွက်ချက်တွေကလည်း စောစောကပြောခဲ့တဲ့ အသောကမင်းတရားကြီးထက် စောလည်း စောသလို ရှေ့ပြေးလမ်းညွှန်တစ်ဦးလို့လည်း ဆိုနိုင်လောက်တယ်။ ဒီနေ့ ဗုဒ္ဓဘာသာ ဆက်လက်တည်တံ့ရေးအတွက် အဓိကအရေးပါတဲ့ မြတ်စွာဘုရားရှင် ဟောထားသမျှတရားတော်တွေ ပင်ရင်းမူလမပျက် .. အဲ .. မင်းတို့ ပြောပြောနေတဲ့ original အတိုင်းပေါ့ကွာ။ တည် ရှိနေတယ်ဆိုတာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး မကြာမီအတွင်းမှာပဲ အရှင်မဟာကဿပစတဲ့တပည့်ကြီးတွေက စုစည်းစီစဉ်တော်မူကြပြီး စုပေါင်းရွတ်ဆို မှတ်တမ်းတင်ခဲ့ကြလို့ပေါ့။ အဲဒီလို စုပေါင်းရွတ်ဆိုမှတ်တမ်းတင်တာကို “သင်္ဂါယနာတင်တယ်’’ လို့ ခေါ်တယ်။ ဘုရားရှင်ထံမှာ မျက်မြင်နားကြား နာယူမှတ်သားဖူးတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေငါးရာလောက်စုပေါင်း ရွတ်ဆိုတော်မူကြတာ အချိန်သုံးလလောက် ကြာ တယ်။ အဲဒီ ပထမဆုံး သင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်ရေးအတွက် အစစတာဝန်ယူဆောင်ရွက်တဲ့ သာသနာ့ဒါယကာ တာဝန်ကို အဇာတသတ်မင်းကြီးက ယူခဲ့တာပေါ့။ ဒါဟာသူ့ရဲ့ ပင်ကိုယ်သရုပ်မှန် အရည်အချင်းနဲ့စိတ်ဓာတ်ကို ပြလိုက်တာပဲ။
အဲ .. အခု အရှေ့အလယ်ပိုင်းဆိုတဲ့ ဒေသက အထူးသဖြင့် ပါလက်စတိုင်းလူမျိုး၊ ဂျူးလူမျိုးတွေထဲမှာလည်း အာခီးမီဒီးတို့၊အိုင်စတိုင်းတို့လို အံ့မခန်းပညာရှင်ကြီးတွေ ဖြစ်ကြမည့် အမျိုးကောင်းသားတွေ ဘယ်လောက်ရှိနေမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။ အခုတော့ အဇာတသတ်ဇာတ်လမ်းက မရပ်တန့်နိုင်သေးတဲ့အတွက် ကံကြမ္မာတွေဟာ တန်ရာနဲ့လွဲနေကြရတာပေါ့။ဒီဇာတ်လမ်းဆိုးကြီး ရပ်တန်းက ရပ်သွားပြီဆိုရင်တော့ အဇာတသတ်မင်းကြီးဟာ ဗုဒ္ဓဘာသာအတွက် အလွန်အရေးပါတဲ့တာဝန်ကြီးကို ထမ်းဆောင်ပြခဲ့သလို အဲဒီဒေသ သားတွေထဲကလည်း လောကတာဝန်ကို ထမ်းဆောင်ကြမယ့် လောကဝန်ထမ်းကောင်းများစွာ ပေါ်ထွက်လာမှာ မလွဲပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလူမျိုးတွေရဲ့ မူလအမျိုးအနွယ်တွေဆိုတာ ကမ္ဘာ့ပညာရေးသမိုင်းမှာ ခုချိန်ထိ တုဘက်ကင်း အနှိုင်းမဲ့တွေဖြစ်တဲ့ အာခီးမီဒီးတို့၊ အိုင်စတိုင်းတို့ရဲ့ ပင်ရင်းမူလအမျိုးအနွယ်တွေဖြစ်လို့ပဲပေါ့ကွာ။
—xxx—
အဲ .. နောက်ထပ် မင်းသိချင်တာ တစ်ခုက ဘာလဲ၊ အဲဒီလူတွေဟာ ငယ်ငယ်ကတည်းက တရပ်တည်းနေကြသူတွေဖြစ်ပြီး ဘာဖြစ်လို့ အခု လို ပဋိပက္ခခေါ်တာပေါ့ကွာ။ အမှန်ကတော့ မင်းပြောသလို ရန်ဖြစ်ကြတာပါပဲ။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ -အဲ .. တို့မြတ်စွာဘုရားက ရ ဟန်းတော်များ နေ့စဉ်မပျက်မကွက် ပွားများရွတ်ဖတ်ရမယ်လို့ ဟောညွှန်ထားတဲ့ ”မေတ္တသုတ်’’ ဆိုတာရှိတယ်ကွ။
မေတ္တသုတ်ဆိုတာ လူကောင်းသူကောင်းမှန်သမျှ အခြေခံထားရှိရမယ့် “မြင့်မြတ်စိတ်ထား’’ တွေကို ဟောညွှန်ဆုံးမထားတဲ့သုတ်တစ်သုတ်ပါ။ အဲဒီသုတ်မှာ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို သုဂတိလူ့ဘုံသားပီပီ စိတ်အေးကိုယ်ခိုင် ချမ်းချမ်းသာသာနေထိုင်နိုင်ဖို့အတွက် ထားရှိရမယ့်စိတ်ဓာတ်ကို ညွှန်ပြထားတာရှိတယ်။
(၁) န ပရော ပရံ နိကုဗ္ဗေထ = တစ်ဦးပေါ်တစ်ဦး စဉ်းလဲလှည့်ပတ် မပြုပါစေလင့်။ (လူအချင်းချင်း၊ လှည့်ပတ်ချင်း၊ကင်းရှင်းကြပါစေ)။
(၂) နာတိ မညေထ ကတ္ထစိ နကိဉ္စိ = ဘယ်အရပ်မှာမဆို၊ ဘယ်သူ့အပေါ်မှာမဆို၊ မောက်မာထောင်လွှား၊ ရမ်းကားသမှု၊မထီမဲ့မြင် မပြုပါစေ လင့်။ ( အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ)
(၃) ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမစ္ဆေယျ = ကိုယ်နှုတ်အားဖြင့် နှိပ်စက်စော်ကားခြင်း၊ အမျက်ရှေ့ထား၊အချင်းချင်း ဒုက္ခ ပွားစေခြင်းကို မလိုလားပါစေလင့်။(ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ) တဲ့ ။
ဒီစိတ်ထားသုံးမျိုးဟာ ဂေါတမမြတ်စွာဘုရားရှင်က ဟောညွှန်ခဲ့တာဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမဟုတ်ပါဘူး။ သုဂတိလူ့ဘုံမှာ လူဖြစ်ရခိုက် လူ့အခွင့်အရေးအပြည့်နဲ့လူဖြစ်ကျိုးနပ်လိုသူတိုင်း ထားရှိရမည့် အထက်တန်းစားစိတ်ဓာတ်ပါ။ဒီလို အထက်တန်းစား စိတ် ဓာတ်မျိုးရှိမှသာ ပန်းချစ်သူတိုင်း ပန်းရနံ့သင်းပြီး “ပန်းသတင်း ပန်းချင်းဆောင်’’ ဆိုသလို အပြန်အလှန်တန်ဖိုးထား လေးစားကြမှာ ဖြစ်ပါ တယ်။
ဒီနေ့ မင်းတို့ ကြားသိနေရတဲ့ မိတ္ထီလာကစတဲ့ ကိစ္စတွေဆိုတာ ဘာသာရေးအတွက် သက်သက်ဖြစ်ကြတဲ့ အဓိကရုဏ်းတွေ မဟုတ်ကြပါဘူး။ အခုပြောခဲ့တဲ့ အထက်တန်းစား စိတ်ဓာတ်တွေ ချွတ်ခြုံကျနေကြသူတွေက နေရာရဖို့အတွက် ဖျာခင်းနိုင်ဖို့ပွဲလန့်အောင် တမင်ဖန်တီးလှုံ့ ဆော်မှုတွေလည်း ပါတယ်တဲ့။ အဲဒါပြီးတော့ ဆိုးဆိုးဝါးဝါးတွေအထိ ဖြစ်အောင်စပြီးလုပ်ကြတဲ့လူတွေကလည်း မင်းတို့ထင်သလို အဲဒီ ဒေသသား အတူတူနေဖက်တွေ မဟုတ်ဘူးတဲ့ကွ။ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ မျက်နှာစိမ်းတွေက အဓိကရှေ့ဆောင် လှုံ့ဆော်ပြီး လုပ်ကြတာတွေတဲ့။ ရဟန်းရှင်လူ လေးစားရတဲ့ဆရာတော်ကြီးများအပါအဝင် ဘာသာကြီးလေးခုလုံးရဲ့ တာဝန်ရှိသူ ခေါင်း ဆောင်တွေအားလုံး သိကြပါတယ်။ ဂျာနယ်တွေထဲမှာလည်း ဟောထား ရေးထားတာတွေ ပါနေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ကွာ .. အဓိက ကတော့ အခုပြောခဲ့တဲ့ လူကောင်းသူကောင်းတို့ရဲ့ အခြေခံ မြင့်မြတ်စိတ်ထားတွေ ချို့တဲ့ကြလို့လို့သာ ဆိုရမှာပါပဲ။
လူတိုင်းလူဖြစ်ကျိုးနပ်ဖို့ .. အဲ … ပန်းချစ်သူတိုင်း ပန်းနံ့သင်းစေဖို့ ဆိုပါတော့ကွာ၊ အရေးအကြီးဆုံးဖြစ်တဲ့ အထက်တန်းစား စိတ်ဓာတ်သုံးမျိုး ကိုတော့ ဘယ်တော့မှ လက်မလွှတ်မိစေနဲ့နော်။ အထက်တန်းစိတ်ကို လက်လွှတ်လိုက်ရင်တော့အောက်တန်းကျသွားမယ် ကြားလား … ဆိုတော့ ကလေးက မျက်ရည်ဝိုင်းတဲ့အပြုံးတွေနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြပါတယ်။ စကားတော့ ပြောထွက်ဟန်မတူပါဘူး။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ …။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။

ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts