>The Election & The Constitution of Burmese Regime caused Civil Unrest & Civil War in Burma

>

စစ်အစိုးရ၏ အခြေခံဥပဒေ၊ ရွေးကောက်ပွဲရလဒ်များက ပြည်ထောင်စုပြိုကွဲရေးနဲ့ ပြည်တွင်းစစ်ကို ဦးတည်နေပြီ – အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ ၂ ဦး ၏ အမြင်
မိုးမခအင်တာဗျူး
နိုဝင်ဘာ ၈၊ ၂၀၁၀
နိုဝင်ဘာ ၇ ရက် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကာလအတွင်းမှာပဲ မြန်မာပြည်တွင်းမှာ ဆန္ဒမဲ မသမာမှုများ၊ မဲရလဒ်များကို လုပ်ကြံမှုများ တနိုင်လုံးအတိုင်းအတာနဲ့ ဖြစ်ပွားခဲ့ပြီး စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်များက အနိုင်ရနေပြီလို့ တဖက်သတ်ကြေညာချက်များကို မြန်မာစစ်အစိုးရ သတင်းစာနဲ့ ရုပ်သံများက ထုတ်ပြန်နေပါတယ်။ တပြိုင်နက်တည်းမှာပဲ မဲပေးသူတွေနဲ့ ပြိုင်ဖက်ပါတီတွေကလည်း မဲမသမာမှုများ ရွေးကောက်ပွဲလုပ်ကြံမှုများကို ပြန်လှန်အငြင်းပွားကြရင်း စစ်အစိုးရနဲ့ ကြံ့ဖွံ့ပါတီများက တဖက်၊ မကျေနပ်သူ မဲဆန္ဒရှင်များ၊ ပြိုင်ဘက်ပါတီများက တဘက် နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်မှာပဲ မြန်မာထိုင်း နယ်စပ်မြို့ မြ၀တီမှာ ကြံ့ဖွံ့အမတ် ဦးသိန်းဦးက ပြိုင်ဖက်မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ကြောင်း မြန်မာ့အသံက ထုတ်ပြန်နေချိန်မှာ စစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု ဖြစ်တဲ့ ဒီကေဘီအေတို့ စစ်ရေးတင်းမာမှုဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြပါတော့တယ်။ အဲသည် ပစ်ခတ်မှုတွေကြောင့် မြ၀တီမြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာက မြန်မာတိုင်းရင်းသားဒုက္ခသည် သောင်းနဲ့ချီပြီး တဖက်နိုင်ငံ ထိုင်းနိုင်ငံထဲအထိ စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်လာလျက် ရှိပါတယ်။
အခုလို ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ မိုးမခက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာအရေးလှုပ်ရှားသူ လူငယ်အချို့ကို ဆက်သွယ်ပြီး သဘောထားကို တောင်းခံခဲ့ပါတယ်။

 

ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ ရောက်ရှိနေတဲ့ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) ယူအက်စ်အေရဲ့ အတွင်းရေးမှူးအဖြစ် လက်ရှိ ဆောင်ရွက်နေသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၂၀၀၃ ဒေါ်စုကို လုပ်ကြံရန် စစ်အစိုးရထောက်ခံသူများ ကြိုးစားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးရဲ့ မျက်မြင်သက်သေတဦးဖြစ်တဲ့ ကိုတိုးလွင်ကို မိုးမခက ဆက်သွယ်မေးမြန်းရာမှာ သူက ပြောကြားရာမှာ –
“အခုအချိန်မှာ သိသာထင်ရှားတဲ့ အဓိကအချက်ကတော့ ၂၀၀၈ အခြေခံဥပဒေသည်၎င်း၊ ၂၀၁၀ ရွေးကောက်ပွဲသည်၎င်း မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ သာယာဝပြောဖို့ကို ဦးတည်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတာကို ပြနေပြီလို့ ပြောချင်ပါတယ်။
အခုဆိုရင် မြန်မာပြည်တွင်းမှာလည်း ရွေးကောက်ပွဲရဲ့ အဆိုးရလဒ်အဖြစ်နဲ့ အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ဖြစ်ပွားလာတယ်။ ဒါက ဘာပြသလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေက ပြဿနာတွေ မဖြေရှင်းနိုင်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲကြီးက တရားမျှတလွတ်လပ်မှုကို အာမခံခြင်း မရှိဘူး။  အဲသည်လို ဆက်သွားနေရင် လွန်ခဲ့တဲ့ အနှစ် ၂၀ တုံးကလိုပဲ စစ်အစိုးရနဲ့ အပေါင်းအပါတွေဟာ တိုင်းပြည်ကို ဆက်ဖိနှိပ်ပြီး အုပ်ချုပ်နေဦးမှာပဲ ဆိုတာ မြင်နေရပြီ။
ဒါကြောင့်မို့လို့ နိုင်ငံတကာက မြန်မာပြည်သူတွေကော၊ နိုင်ငံတကာက အဖွဲ့အစည်းတွေ အားလုံးက အခုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြဖို့၊ ရွေးကောက်ပွဲက အတင်းအဓမ္မပေါ်ထွန်းလာမယ့် မည်သည့်အစိုးရယန္တယားမှန်သမျှကို ဆက်လက် ပိတ်ဆို့အရေးယူကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
နောက်အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီဟာ ဒီအချက်အလက်တွေ အဆိုးရလဒ်တွေကို ရှောင်ရှားချင်လို့ စစ်အစိုးရရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ ဖြစ်တယ်။ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ကလေးမြို့ ကြေညာချက်နဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ကြဖို့ တွေ့ဆုံဆွေးနွေးကြဖို့  လိုအပ်နေပြီ ဖြစ်တယ်ဆိုတာ သမိုင်းက တောင်းဆိုနေတယ် လို့ ပြောချင်တယ်။ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကျနော်တို့တတွေက ၀န်းယံကြရမယ်လို့ ယုံကြည်ပါတယ်။”
လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိ ထိုင်းမြန်မာ နယ်စပ်ဒေသမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေ၊ စစ်ဘေးသင့် မြန်မာတိုင်းရင်းသားတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး အိုးပစ် အိမ်ပစ် တဖက်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်နေရတာတဲ့ ပတ်သက်ပြီး 
 
လော့စ်အိန်ဂျလိစ် မက်ထရိုဒေသ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိတဲ့၊ ၈၈ အရေးအခင်းကာလ ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကော်မီတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်အစည်းအရုံးတို့မှာ ဦးဆောင်သူတဦးအဖြစ် ဆောင်ရွက်ခဲ့သူ၊ နိုင်ငံသားရေးအကျဉ်းသားဟောင်းဖြစ်တဲ့ ကိုကျော်ဌေးဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ –
 “စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ နေ့တောင်မကူးသေးခင်မှာဘဲ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီးတော့ နယ်ခြားစောင့်တပ်ဖွဲ့မယ်လို့ သဘောတူထားခဲ့တဲ့ ဒီကေဘီအေ ကိုယ်တိုင်နဲ့ စစ်အစိုးရ စစ်ရေးပဋိပက္ခတွေ စဖြစ်နေပြီ ဖြစ်တယ်။ ဒါက ဘာပြသလဲဆိုတော့ စစ်အစိုးရရဲ့ လမ်းစဉ်တွေ၊ လုပ်ရပ်တွေဟာ မှားယွင်းနေတယ်။ ငြိမ်းချမ်းစွာနဲ့ အဖြေရှာမပေးနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒီလိုမျိုး လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ ပြည်တွင်းစစ်မီးကြီး ပိုမိုတောက်လောင်လာအောင် တွန်းအားပေးနေသလို ဖြစ်နေတယ်။ စစ်အစိုးရဟာ တိုင်းပြည်ပြဿနာဟူသမျှကို မတရားဖြေရှင်းတယ်၊ အကြမ်းဖက် ဖြေရှင်းတယ်၊ လက်နက်ကိုင်ပြီး ဖြေရှင်းတယ်။ ဒါကို အခုစစ်ဖြစ်နေတာက သက်သေပြနေတယ်။ ဒါကို နိုင်ငံတကာက အချိန်မီ အရေးယူဆောင်ရွက်ခြင်းမရှိရင် တပြည်လုံး ပျံ့နှံ့သွားနိုင်တယ်လို့ ပြောချင်ပါတယ်။
ကျနော်တို့က သည်နေရာမှာ ပြောချင်တာက မြန်မာပြည်ရဲ့ ပြည်တွင်းရေး ပြဿနာတွေ၊ ပြည်တွင်းစစ်ပြဿနာတွေဟာ မြန်မာမိသားစုတွေ အချင်းချင်း ပြဿနာတင် မဟုတ်တော့ဘူး။ နယ်စပ်ပြသနာတင်မဟုတ်တော့ဘူး။ ဒေသဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတကာက ၀ိုင်းဝန်းဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ဒါကို ဒီတကြိမ်မှာလည်း ဥပက္ခာ ပြုမထားကြပါနဲ့လို့ မေတ္တာရပ်ခံလိုပါတယ်။
အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုယ်တိုင်၊ အာဆီယံကိုယ်တိုင်က ဒေသလုံးဆိုင်ရာပြဿနာအဖြစ် မြန်မာပြည်အရေးကို ဖြေရှင်းပေးပါ။ လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေကို အကာအကွယ်ပေးကြပါ။ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ယူအင်န်တွေ၊ ဥရောပသမဂ္ဂတို့၊ အမေရိကန်တို့လို နိုင်ငံကြီးတွေကလည်း ၀င်ရောက် ဖြေရှင်းပေးဖို့ အဆင့်ဆင့် အခုလိုအချိန်မှာ ထောက်ပြပြီး တိုက်တွန်းပေးကြပါလို့ ပြောချင်ပါတယ်။
ကျနော်တို့ မြန်မာတိုင်းရင်းသား မိသားစုတွေဟာ ပြည်တွင်းရေးပြဿနာတွေ ပြည်တွင်းစစ်ပြဿနာတွေကို ခါးစည်းပြီး ခံစားခဲ့ကြပြီးပြီ။ ခံစားနေရဆဲ ဖြစ်ပါတယ်။ ကျနော်တို့တတွေ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်တွေ အထွေထွေနိုင်ငံရေးပြဿနာတွေကို ဖြတ်သန်းခဲ့ကြတဲ့နေရာမှာ တဦးကိုတဦး မိသားစုစိတ်ဓာတ်၊ ညီအကိုမောင်နှမ စိတ်ဓာတ်တွေနဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တတ်စွမ်းသမျှ ကူညီစောင့်ရှောက်နေကြပါတယ်။ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေ အချင်းချင်း လူသားချင်း စာနာထောက်ထားပြီး အစွမ်းကုန် ကူညီကြဖို့၊ အားပေးထောက်ပံ့ကြဖို့ ကျနော်တို့တွေ တွေဝေ နောက်ဆုတ် တွန့်တိုနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာပြည်တ၀ှမ်းမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အသီးသီးကလည်း ညီအကိုမောင်နှမ သားချင်းတွေအချင်းချင်း ဆိုတဲ့အမြင်နဲ့ ညီညီညွတ်ညွတ် နားလည်မှုတွေနဲ့ လက်တွဲပြီး ပြည်တွင်းစစ်မီးကြီးကို တားဆီးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် မြန်မာပြည်သူ ပြည်သားတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြသနာတွေဟာ သာမန်လူမှုရေးဒုက္ခတွေလိုမျိုး အတွင်းကြိတ်ပြီး ကုစားရမယ့် ပြဿနာမဟုတ်ဘူး။ နိုင်ငံတကာက ထိရောက်တဲ့ ၀င်ရောက်စွက်ဖက် အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေတဲ့ ပြဿနာဆိုတာကို ပြောချင်ပါတယ်။
အခုချိန်မှာ မြန်မာပြည်တွင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးလမ်းစဉ်ဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကြီးနဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဖြေရှာဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကို အားလုံးက နိုင်ငံတကာက ၀ိုင်းဝန်း အားပေး ကြဖို့ တိုက်တွန်းချင်ပါတယ်။”
ဟု ၎င်းအမြင်ကို ပြောသွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts