>Toru Yamaji under arrest


>

ရွေးကောက်ပွဲသတင်းယူစဉ် မြ၀တီမြို့တွင် အဖမ်းခံရသူ ဂျပန် တဦး ပြန်မလွတ်သေး
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၈၊ ၂၀၁၀လွန်ခဲ့သည့် ၃ နှစ်က ရန်ကုန်လေဆိပ်တွင် တွေ့ရသည့် မစ္စတာ Toru Yamaji (ဓာတ်ပုံများ-getty images)


ယမန်နေ့ နံနက်က မြ၀တီမြို့တွင် အဖမ်းခံရသည့် ဂျပန် ရုပ်သံသတင်းသမား မစ္စတာ Toru Yamaji ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ ဂျပန်သံရုံးက သတင်းဌာနများကို ပြောသည်။

Toru Yamaji သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြစ်ကူးပြီး မြန်မာနိုင်ငံ မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးတို့က ပြည်ပသတင်းသမားများကို ရွေးကောက်ပွဲ ကာလတွင် မြန်မာပြည်အတွင်း ၀င်ရောက် သတင်းယူခွင့် ပြုမည် မဟုတ်ကြောင်း ကြိုတင် ကြေညာထားသည်။

အသက် ၄၉ နှစ်အရွယ် မစ္စတာ Toru Yamaji သည် APF ရုပ်သံဌာန အကြီးအကဲ ဖြစ်သည်။

၂၀၀၇ ခုနှစ်ကလည်း ထိုရုပ်သံဌာနမှ မစ္စတာ ခန်းဂျိနာဂအိသည် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ရန်ကုန်မြို့လယ်တွင် ပစ်သတ်ခံခဲ့ရသည်။

ဗိုလ်ချုပ်ကြီးတို့က သေဆုံးသူ၏ ရုပ်အလောင်းကို ဂျပန်နိုင်ငံသို့ ပြန်လည် သယ်ယူခွင့် ပြုသော်လည်း ရွှေဝါရောင် လှုပ်ရှားမှုအတွင်း မှတ်တမ်းရိုက်ကူးထားသော ကင်မရာကိုမူ ပြန်ပေးခြင်း မရှိပေ။

ယခု အဖမ်းခံနေရသည့် မစ္စတာ Toru Yamaji က ထိုကင်မရာ ပြန်ရရေးအတွက် ဆက်လက် ကြိုးစားလျက် ရှိသည်ဟု သတင်းထောက်တဦးက ပြောသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူက သတင်းလိုချင်တယ်။ နှစ်အချက်ကတော့ တကယ်လို့များ အခွင့်အရေး ရခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ရန်ကုန်မြို့မှာ သေသွားတဲ့ နာဂအိစံ ရဲ့ ကင်မရာကို သူတောင်းဆိုမယ် စုံစမ်းမယ်လို့ ကျနော့်ကို ပြောသွားပါတယ်” ဟု သတင်းသမား တဦးက RFA အသံလွှင့်ဌာနကို ပြောသည်။

ရွှေဝါရောင် လှုပ်ရှားမှုအတွင်း မှတ်တမ်းတင်စဉ် သေနတ်ကျည် ထိမှန်သဖြင့် APF သတင်းထောက် နာဂအိ လမ်းပေါ် လဲကျနေပုံ (၂၀၀၇ စက်တင်ဘာ ၂၇)


နာဂအိ ပစ်သတ်ခံရသည့် ရန်ကုန်မြို့လယ်တွင် လွမ်းသူ့ပန်းခြင်း ချနေသော မစ္စတာ Toru Yamaji (၂၀၀၇ အောက်တိုဘာ ၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts