>MoeMaKa – What’s up … Aung Moe Win

>

အောင်မိုးဝင်း … သူ အခု ဘာလုပ်နေသလဲ
မိုးမခအင်တာဗျူး
နိုဝင်ဘာ ၆၊ ၂၀၁၀
ကိုအောင်မိုးဝင်း ဆိုသူက နယူးယောက်မြို့တော်က မြန်မာတဦး၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်းဆရာ၊ မြန်မာ့အရေးလှုပ်ရှားသူ တဦး ဖြစ်ပါတယ်။ မြန်မာပြည်က လာခဲ့ပြီး အခုတော့ အမေရိကန်ပြည်၊ နယူးယောက်မှာ နေထိုင်တယ်။ မိုးမခက မိုးမခရဲ့မိတ်ဆွေ သူငယ်ချင်းတွေ၊ ပရိသတ်တွေ၊ မြန်မာကွန်မြူနီတီက မြန်မာတွေ “သူ အခု ဘာလုပ်နေသလဲ” ဆိုတဲ့ မေးခွန်းတွေ မေးဖြစ်တယ်။ မိုးမခပရိသတ်ကြီးနဲ့ တရင်းတနှီး ပြန်လည် တင်ဆက်လိုက်ပါတယ်။
ကိုအောင်မိုးဝင်း … အခု ဘာလုပ်နေသလဲ။
လွန်ခဲ့တဲ့ ၂ ပတ်က ကနေဒါကို သွားတယ်။ ရွှေဝါရောင်သံဃာတော်တွေဖြစ်တဲ့ ဦးပညာဇောတတို့နဲ့။ တက္ကသိုလ်မှာ မြန်မာပြည်အကြောင်း စကားပြောတယ်။ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အကြောင်းကို ပြောတယ်။ နောက်တော့ Canada Friends of Burma အသင်းရဲ့ အစီအစဉ်နဲ့ ကနေဒါက ပါလီမန်တို့ နိုင်ငံရေးရာ ရုံးတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ရှင်းလင်းခွင့်တွေ ရခဲ့တယ်။
နောက်ပြီးတော့ အရင်အပတ်က …
အောက်တိုဘာ ၂၉၊ ၃၀ မှာ မြန်မာကွန်မြူနီတီတွေ သဘောတူထားတဲ့အတိုင်း စစ်အစိုးရရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်။ ၀ါရှင်တန်နဲ့ နယူးယောက်မြို့တော်တွေမှာ။ လူ ၁၀၀ ကျော်စီ လာကြတယ်။ ဘတ်ဖဲလိုး၊ အယ်ဘနီ၊ ယူတီကာ စတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ လာကြတယ်။ ရွှေဝါရောင်သံဃာတွေရဲ့ ဘုန်းကြီးကျောင်း မေတ္တာပါရမီကျောင်းမှာ တည်းခိုကြတယ်။
ခင်ဗျားက ဘာတွေလုပ်သလဲ။
          ကျနော်က ဝေယျာဝစ္စလုပ်တယ်။ ပိုစတာတွေ ဆွဲတယ်။ ဒီဇိုင်းတွေ ဆွဲပေးတယ်။ ဧည့်သည်တွေကို ဧည့်ခံတယ်။ UN ကို စစ်အစိုးရ ရွေးကောက်ပွဲကို လက်မခံတဲ့အကြောင်း အများပြည်သူတွေစုပေါင်း လက်မှတ်ထိုးတဲ့ စာတွေ ပို့ပေးတယ်။
အဲသည်မှာ အတိုဆုံး ကြွေးကြော်သံက ဘာဖြစ်မယ် ထင်သလဲ။
          No Change in Burma after this Sham Election …
အခု ဘာလုပ်နေသလဲ။
          နက်ဖြန် နိုဝင်ဘာ ၆ ရက် နယူးယောက် မြန်မာစစ်ကောင်စစ်ဝန်ရုံးရှေ့မှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ရှုတ်ချကြောင်း မြန်မာတွေနဲ့ အတူတကွ သွားရောက် ဆန္ဒပြမယ်။ အဲဒီကို လူတွေ လာကြဖို့ ဆော်သြနေတယ်။
လူကိုယ်တိုင် ထွက်ပြီး လိုက်လုပ်နေသလို တခြားနည်းလမ်းတွေကော ဘာလုပ်သေးသလဲ။
          အင်တာနက် ဖေ့စ်ဘွတ် လူမှုကွန်ယက်ကနေ နိုင်ငံတကာက မြန်မာကွန်မြူနီတီတွေ အားလုံး ချိတ်ဆက်မိကြဖို့ လှုံဆော်ရေးတွေ လုပ်နေတယ်။ ပထမ လှုံ့ဆော်မှုက နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ မြန်မာပြည်က လူ ၅ ဦးကို ဖုံးဆက်ပါ ဆိုတဲ့ အက်ရှင်၊ လူ ၁၀၀ လောက်က လုပ်မယ်ပြောတယ်။ နောက်တခုက ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ပွဲတွေ လုပ်ကြဖို့ အက်ရှင်၊ နိုင်ငံတကာက မြန်မာမိတ်ဆွေတွေကို လက်တို့တာပေါ့နောက်။ လူ ၈၀ ကျော်က သူတို့တွေဆီမှာ ဘာလုပ်နေသလဲဆိုတာကို ၀ိုင်းပြီး သတင်းတွေ တင်တာတွေ မျှဝေတာတွေ လုပ်လာကြတယ်။ နေက်တခုကတော့ ဘားမားကန်ပိန်းပေါ့လေ။ မြန်မာ့အရေးလှုပ်ရှားမှုတွေကို ၀ိုင်း ရှယ်ကြဖို့ လှုံဆော်တာပေါ့။ လူ ၃၀၀ ကျော်က သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ အမြင်တွေကို ၀ိုင်းပြီး တင်ဆက်ကြတယ်။ ဒါမျိုး်ပေါ့။
အဲဒါ ခင်ဗျားနဲ့ မသိတဲ့သူတွေက ဘယ်လိုရှာဖွေလို့ ရမှာလဲ။
          ဒီမှာပေးလိုက်ပြီင်္လေ။ အီးမေးထဲမှာ ကြည့်လိုက်နော်။

ခင်ဗျားက အွန်လိုင်းထဲမှာ တကိုယ်တော်နိုင်ငံရေးသမား ဆိုတာမျိုး လိုက်လုပ်နေတာလား။
          မဟုတ်ရပါဘူး။ အွန်လိုင်းကနေ အဝေးက မိတ်ဆွေတွေ ရဲဘော်တွေကို ချိတ်ဆက် မျှဝေတာပါ။ အာလူးတွေ လုပ်နေတာ မဟုတ်ပါဘူး။ ရွှေဝါရောင်ဆရာတော် ဦပညာဇောတတို့တတွေနဲ့ တွဲပြီး ဆန္ဒပြပွဲတွေ၊ ဆွေးနွေးပွဲတွေ သွားနေတာပဲ။ သူငယ်ချင်းတွေ ရှိတယ်။ ဥပမာ – အနုပညာရဲဘော်တွေဆို ချောအိသိမ်း၊ မင်းကျော်ခိုင်၊ ဒီဇိုင်းကိုမျိုးတို့တွေ ရှိနေတယ်လေ။ အဖွဲ့တွေဆိုရင် 88GSE တို့ NLD-LA တို့တွေက မိတ်ဆွေတွေ ရှိတယ်။ ကိုနေတင်မြင့်၊ ကိုဖိုးခွား ကိုသောင်းထွန်း စသည် မိတ်ဆွေတွေ ရှိတယ်။ အင်န်စီဂျီယူဘီကလည်း ၀ိုင်းပြီး လုပ်စရာရှိ လုပ်ကြတာပဲ။ အားတွေ စုပေါင်းပြီး လုပ်နေကြတဲ့သဘောပါ။
တခြား ကွန်ယက်တွေ ကွန်မြူနီတီတွေ ကော မရှိဘူးလား။
          ရှိတာပေါ့ … ဥပမာ တလောက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရလဒ်တွေကို လက်မခံဘူး၊ ကန့်ကွက်တယ် ဆိုပြီး တစုတစည်းတည်း သဘောထား ထုတ်ပြန်နိုင်ခဲ့တဲ့ အမေရိကန် မြန်မာကွန်မြူနီတီလှုပ်ရှားမှုက မြို့နယ် ၁၄ မြို့နယ်ဆိုတာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေပဲပေါ့။ ခင်ဗျားတို့ ဆန်ဖရန်စစ္စကိုကတောင် အောက်တိုဘာ ၃၀ မှာ အတူတူ ဆန္ဒပြကြသေးတယ် မဟုတ်ဘူးလား။
အခု ဒါတွေ လုပ်ပြီးရင် ပြီးပြီပေါ့။ ဒါပဲလား။
          အခုအချိန်မှာ ကျနော်တို့တတွေ ပိုပြီးတော့ စည်းလုံး ညီညွတ်လာတယ်။ ပြောစရာ လုပ်စရာ စကားအသစ်တွေ၊ အလုပ်အသစ်တွေလည်း ပိုပြီး မြင်တယ်၊ ပြောတယ်၊ တိုင်ပင်ဖြစ်တယ် ထင်တာပဲ။ လူအဟောင်းတွေနဲ့ စကားအဟောင်းတွေချည်း မဟုတ်တော့ဘူးလေ။ လူအသစ်တွေ စကားအသစ်တွေ အလုပ်အသစ်တွေ ရှိလာနေပြီ ထင်တယ်။ ဥပမာ – ဝေနှင်းပွင့်သုန်တို့လို မျိုးဆက်သစ်တွေနဲ့ ကျနော်တို့တတွေ များများ လက်တွဲပြီး အလုပ်လုပ်ကြရမယ် ထင်တယ်။
တခြားဆန္ဒပြပွဲပုံသဏ္ဍန်တွေ စဉ်းစားမိသလား။
          ဥပမာ ဂျပန်က ဆန္ဒပြပွဲကို ကြည့်ပြီးပြီလား။ ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ကြတာမျိုးတွေမှာ လူငယ်တွေ၊ မျက်နှာသစ်တွေ တွေ့လာရတယ်။ မြန်မာ့အရေးကို လူတိုင်းက လုပ်နိုင်သလောက် လုပ်ကြတာမျိုးပေါ့။ သည်မှာ ကြည့်ကြည့်လေ။
ဒါတွေ လုပ်နေရုံနဲ့ ဘာထူးလာမှာမို့လို့လဲ။
          ပြည်ပက မြန်မာတွေရဲ့ နိုင်ငံရေးနိုးကြားမှု ပိုပိုပြီး မြင့်မားလာတယ်လို့ မြင်ပါတယ်။ သာမန်လူတွေကိုယ်တိုင်က သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြသတာကို ကမ္ဘာက မြင်ကြတယ်လေ။ မသိချင်ယောင်ဆောင်နေလို့ မရတော့ဘူးပေါ့။ ဖေ့စ်ဘွတ်တွေ အင်တာနက်တွေကနေ မြန်မာတွေအချင်းချင်းလည်း ဖုံးကွယ်ထားစရာ မလိုဘဲ ပိုပြန့်နှံ့လာမယ်။ ပြည်တွင်းက မြန်မာတွေကလည်း အပြင်က အဲသလို နိုးကြားနေတယ်၊ သူတို့အတွက် ပြောဆိုနေတယ်ဆိုရင် သူတို့တတွေကိုယ်တိုင်လည်း ပြည်သူ့ဆန္ဒတွေကို ထုတ်ဖော် ပြောဆို ပြသရဲလာမယ် ထင်ပါတယ်။
အစိုးရတွေ နိုင်ငံတကာက အာဏာပိုင်တွေကကော သာမန်မြန်မာတွေရဲ့ အသံကို ကြားချင်နာချင်ပါ့မလား။
          ကျနော်တို့က အမြဲတန်း တသွေးတည်း တသံတည်း ပြောနေရင် သူတို့လက်ခံရမှာပဲ။ ဥပမာ ကျနော်တို့ တက္ကသိုလ်တွေ၊ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေ သွားရင် ဘာတွေ့ရသလဲဆိုတော့ – စစ်အစိုးရဖက်က အလိုတော်ရိတွေ၊ စစ်အစိုးရလိုလားသူတွေက အမြဲတမ်း တသံတည်း ထွက်တယ်။ ရွေးကောက်ပွဲကို ထောက်ခံဖို့၊ ပိတ်ဆို့အရေးယူတာတွေကို ရုတ်သိမ်းဖို့၊ စစ်အစိုးရကို လက်ခံကြဖို့ ဒါတွေပဲ ပြောတယ်။ တခြားမပြောဘူး။ ကျနော်တို့ဖက်က လူတွေက တသံတည်း ပြန်ပြောမယ့်အစား အမျိုးမျိုးအထွေထွေ ပြောတယ်။ အခုဆိုရင် သူတို့ရွေးကောက်ပွဲကို လက်မခံဘူး၊ စစ်အစိုးရနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဆက်လက် ပိတ်ဆို့အရေးယူရမယ်၊ မြန်မာပြည်တွင်းက ဒေါ်စု၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့နဲ့ တိုင်းရင်းသားတွေရဲ့ ပင်လုံလှုပ်ရှားမှုကို လက်ခံကြရမယ် ဆိုတာမျိုး ကျနော်တို့က တခဲနက် ပြန်ပြောနိုင်ကြရမယ် ထင်တာပဲ။ အဲသလိုမဟုတ်ဘဲ တယောက်တပေါက်၊ တနေရာမှာ တမျိုးဆီ လျောက်ပြောနေကြရင် အစိုးရတွေ၊ နိုင်ငံတကာက အဖွဲ့တွေကလည်း ဘာလုပ်ပေးရမှန်း မသိဘဲနေမှာပေါ့။
ကျေးဇူးတင်ပါတယ် ကိုအောင်မိုးဝင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts