>Maung Thara – It is Burmese Voters’ Call for Burma, not anyone else ….

>

မဲဆန္ဒရှင်ပြည်သူကိုသာ စိတ်ဝင်စားပါတယ် …
မောင်သာရ
နိုဝင်ဘာ ၅၊ ၂၀၁၀
(၂၀၀၇၊ စက်တင်ဘာ ၂၃ ဆူးလေဘုရားလမ်းပေါ်က လူထု)

ကျုပ်တို့ ဗမာဒီမိုကရေစီအင်အားစုတွေ အမှတ်တရစုစည်းကျင်းပလေ့ရှိတဲ့ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေ အတော်များများ ရှိပါတယ်။ ပြည်တွင်းမှာကတော့ လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ အာဇာနည်နေ့တို့၊ အမျိုးသားနေ့တို့ … စသဖြင့်ပေါ့။ လွတ်မြောက်နယ်မြေ ပြည်ပနိုင်ငံတွေမှာကတော့ ဇူလိုင် ၇ ရက်တို့၊ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနေ့တို့၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း ၃ ထောင်ကျော်ကို ပစ်ခတ်နှိမ်နှင်းသတ်ဖြတ်ပြီး စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်တို့၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ရဲ့မွေးနေ့ … စသည်တို့ကို စဉ်လာမပျက် စုစည်းကျင်းပနေကြပါတယ်။
ဒါပေမယ့် အခု ကုန်ခဲ့တဲ့ အောက်တိုလာလ ၂၄ ရက် တနင်္ဂနွေနေ့ကတော့ … ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရပ်ဟောင်း အင်္ဂလန်နိုင်ငံတနေရာကလွဲပြီး ဘယ်မှာမှ ဘာလှုပ်ရှားမှုမှ အထိမ်းအမှတ်ကျင်းပကြတယ်လို့ မကြားမိ မတွေ့မိပါဘူး။ အမှန်က အဲသည်နေ့က ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချချုပ်နှောင်ခံထားရတာ ၁၅ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ နဝတ၊ နအဖ စစ်တပ်အစိုးရရဲ့ သက်တမ်း ၂၁ နှစ်ကျော်ကာလမှာ ၁၅ နှစ်တိတိ … လူ့အခွင့်အရေးဟူသမျှ အဆုံးရှုံးခံ အချုပ်အနှောင်ခံနေရတာ ဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်က ဂုဏ်ပြုချီးမြှင့်ခဲ့ကြတဲ့ ဆုပေါင်း ၆၀ ကျော် အပါအဝင် ကမ္ဘာကျော် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကြီးကိုလဲ တက်ရောက်လက်ခံခွင့် မရ …၊ မိမိရဲ့ခင်ပွန်း ကွယ်လွန်ရချိန်မှာတောင် အနားမှာ အားပေးပြုစုခွင့် မရ …၊ မိမိရဲ့သား အိမ်ထောင်ပြုလက်ထပ်တဲ့ မင်္ဂလာဆောင်အခမ်းအနားမှာလဲ တက်ရောက် အကန်တော့ခံ ကြည်နူးခွင့် မရ …၊ ယုတ်စွအဆုံး မြေးဦးကလေး မွေးဖွားလာတာကိုတောင် ပွေ့ပိုက်ချော့မြူနမ်းရှိုက်ခွင့် မရ …၊ လူ့ဘဝမှာ ဘယ်၍ဘယ်မျှ ရင်နာစရာ ကောင်းပါသလဲ။
အခု အဲသည် လူမဆန်တဲ့ စစ်အစိုးရ … ခေတ်မီလက်နက်မျိုးစုံ တပ်ဆင်ထားတဲ့ စစ်သားပေါင်း သုံးသိန်း သုံးသောင်းကျော် အင်အားရှိတဲ့ စစ်အစိုးရက အားနည်းတဲ့ မုဆိုးမ အဖွားအိုတယောက်ကို ခုထက်ထိ ကြောက်ရွံ့စွာ ချုပ်နှောင်ထားပြီး၊ ‘တယောက်တည်း အပြေးပြိုင်သလို’ ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ရယ်စရာကောင်းတာက အခုကျင်းပမယ့် ရွေးကောက်ပွဲပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ့မယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့တောင်းဆိုချက်ကို မလွဲမရှောင်သာ ပြန်ကြားထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုတော့ နက်ဖန်သဘက် ရောက်တော့မယ့် နိုဝင်ဘာလ ၇ ရက်လို့ ကျေညာထားပါတယ်။ ဒါပေမယ့် အခြေအနေတွေအပေါ်မှာ မူတည်ပြီး ရွေးကောက်ပွဲပြီးမယ့် ရက်စွဲကို မသိရသေးပါဘူး။ စစ်အစိုးရဘက်က အခြေအနေမလှရင် အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။
သိတယ်နော် …။ သည်ရွေးကောက်ပွဲကလဲ စစ်အစိုးရ စိတ်တိုင်းကျ ကုလားဖန်ထိုး ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပမှာဖြစ်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးမှာလဲ လွှတ်တော် အမတ်ဦးရေရဲ့ လေးပုံတပုံက ပြည်သူလူထုရဲ့ဆန္ဒမပါပဲ … စစ်တပ်ကသာ ရွေးချယ်ခန့်ထားမှာ ဖြစ်ပါတယ်။ သည်အမတ်ဦးရေက လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်စရာ လိုတဲ့အခါ တချက်လွှတ် ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ခွင့်ရှိတဲ့ အရေအတွက် အင်အားဖြစ်ပါတယ်။
ဆိုလိုတာက စစ်အစိုးရဘက်က ၂၁ နှစ်ကျော် အချိန်ယူပြီး အာဏာလက်မလွှတ်ရရေး ကြံ့ကြံ့ခိုင်ခိုင် စီစဉ်ပြင်ဆင်ထားတဲ့ ‘ရွေးကောက်ပွဲ’ ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရ (သို့မဟုတ်) တဖြစ်လဲ ကြံဖွံ့ပါတီပဲ အနိုင်ရဖို့သာ ရှိပါတယ်။ လွှတ်တော်တွေထဲမှာ အတိုက်အခံအမတ်တွေ လုံးဝ မရှိပြန်ရင် ဒီမိုကရေစီ မရှိဘူးဆိုတာ သိသာထင်ရှားသွားမှာ … ကမ္ဘာ့မျက်နှာစာမှာ အလိမ်ပေါ်သွားမှာဖြစ်တဲ့အတွက် တချို့ပြိုင်ပွဲဝင်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကိုတော့ အနိုင်ပေးကောင်း လွှတ်ပေးပါလိမ့်မယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပွဲကြည့်ပရိသတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် မျက်လှည့်ပြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောလို့ မရပါဘူး။ စစ်အစိုးရဘက်က ဘယ်လောက်ပဲ အကွက်စေ့အောင် ကြံဆောင် ပြင်ဆင်ထားသည်ဖြစ်စေ … ကျုပ်တို့ ဗမာပြည်သူလူထုရဲ့ နိုင်ငံရေးအတွေ့အကြုံရင့်ကျက်မှုကိုလဲ လျှော့တွက်လို့တော့ မရပါဘူး။ ခေါင်းဆောင် မရှိပဲ၊ လမ်းညွှန်ပါတီမရှိပဲ … ‘၈’ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကြီး ရုတ်တရက်ပေါ်ပေါက်လာပြီး အစိုးရ ၃ ဆက် ပြုတ်ကျစေနိုင်ခဲ့တဲ့ သာဓက ရှိပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာရဲ့ သတင်းမီဒီယာတွေရဲ့ ရှေ့မှောက်မှာသာ … လွတ်လပ်ပြီး … တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါစေ ….။ ကျုပ်တို့ ဗမာပြည်သူလူထုရဲ့ လက်တွေ့အဆုံးအမက … နအဖ စစ်အစိုးရ အတွက် ‘မှန်းချက်နဲ့ နှမ်းထွက်မကိုက်’ ဖြစ်သွားနိုင်ပါတယ်။
အခုပဲ ကြည့်လေ …။ ကျုပ်တို့ပြည်သူလူထုက နအဖ စစ်အစိုးရကို မျက်လှည့်ပြန်ပြနေကြပြီ။ သူတို့ အင်မတန် ချစ်မြတ်နိုးတဲ့ အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေ့ချင်ယောင်ဆောင်နေကြပြီ။ ၁၅ နှစ်ပြည့်မြောက် အချုပ်အနှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဘဝသမိုင်းကို သတိမထားမိဟန် ဆောင်နေကြပြီ။ သိတယ်နော် … နိုင်ငံရဲ့အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလဲ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီ၊ သပိတ်မှောက်ဆန္ဒပြတဲ့အနေနဲ့ ရဟန်းပြည်သူ တချို့လဲ ပြည်ပထွက်လာကုန်ကြပြီ။
ကျုပ်အနေနဲ့ကတော့ သည်ရွေးကောက်ပွဲကို စိတ်မဝင်စားလှပါဘူး။ ဒါပေမယ့် ကျုပ် စိတ်ဝင်စားတာ တခုတော့ ရှိပါတယ်။ တခုပဲ ရှိပါတယ်။ သည်တခါ ပြည်သူလူထုဘက်က အောင်ပွဲခံခဲ့ရင် နအဖ စစ်အစိုးရ ဘာလုပ်မလဲ ဆိုတာပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts