>Ni Lwin Thwe (Dathanika) – Paungde Poem

>

ပေါင်းတည်
နီလွင်သွေး (ဒဿနိက)
နိုဝင်ဘာ ၃၊ ၂၀၁၀

သာယာဝတီ ပေါင်းတည်တကြောမှာလှ
အာဇာနည်အပေါင်း တကယ်ပေါလှပါတယ်လို့
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖွဲ့ဆိုခဲ့တဲ့မြို့။

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့
မိုးညအိပ်မက်မြူဝတ္ထုထဲကမြို့။

စကားတခွန်းပြောတိုင်း
အလ ဆိုတဲ့အသံနဲ့ အဆုံးသတ်တဲ့မြို့။

လယ်သမားသူပုန်
ဂဠုန်ဆရာစံ
ပုန်ကန်တဲ့အခါ
ဂဠုန်တပ်သားအဖြစ် ပါဝင်ခဲ့တဲ့မြို့။

အင်္ဂလိပ် ဒီဝီဇံတပ်မကြီးတခုလုံးကို
မှုန်းမှုန်းချေလိုက်တဲ့
တပ်သားတွေထဲက
ပဲခူးရိုးမတောင်ခြေက ရွာကလေးတည်ရှိရာမြို့။

ဦးအောင်မေသု လေးစားခဲ့တဲ့
မှိုင်းရာပြည့်အရေးတော်ပုံ ခေါင်းဆောင်
ကိုမင်းအောင်ကို မွေးဖွားပေးရာမြို့။

ပဲခူးတိုင်းအနောက်ခြမ်းမှာ
ရှစ်လေးလုံးအရေးတော်ပုံကို လက်ဆင့်ကမ်းပေးတဲ့မြို့။

ပဲခူးရိုးမတောင်ကို နောက်ခံထားတဲ့
တောင်ညိုရွာလေးကို
ပြပြလေးမြင်ရပြီး
ရိုးမဖြတ်သန်းသွားရာမြို့။

ဆရာသော်တာဆွေ
မွေးဖွားရာဇာတိမြို့။

ကောက်ပဲသီးနှံ
ဆန်စပါး ပဲ ပြောင်း နှမ်း
ဝမ်းစာရှာတဲ့မြို့။

ထမင်းသုတ်
တို့ဖူးသုတ်
မုန့်ဖက်ထုပ် ရေမုန့် အကြော်
ခေါပြင်မှာ နာမည်ကျော်တဲ့မြို့။

တော်သလင်းလမှာ
မြတ်စွယ်တော်ပွဲတော်ကျင်းပရာမြို့။

မှိုင်းရာပြည့်အရေးတော်ပုံခေါင်းဆောင်
ကိုမင်းအောင်
ရှစ်လေးလုံးကြယ်ပွင့်
ကိုမြင့်ဌေးဦး
ကိုမြင့်သူ
ကိုအောင်သူ
အဲဒီလိုသူရဲကောင်းတွေ
မွေးဖွားခဲ့တဲ့မြို့။

ပေါင်းတည်မြို့
ပဲခူးရိုးမကဲ့သို့
ရဲမြနီခဲ့။ ။

အောက်တိုဘာ ၂၆၊ ၂၀၁၀ (အင်္ဂါနေ့)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts