ဟံသာဝတီ ဦးဝင်းတင်

From 2nd Pinlon Conference towards true Fedral United States of Burma

>

ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့ အပိုင်း ၁
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၂၊ ၂၀၁၀
လွန်ခဲ့သည့် စနေနေ့ မနက်ခင်းက မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်တဦး ဖြစ်သူ အင်န်အယ်ဒီပါတီ၏ ဦးဆောင်သူ၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည်။ အဓိကမေးခွန်းများမှာ –
တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေးပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့်အတူ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ထူထောင်နိုင်ရန်အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူလက်ခံကြောင်း ပြောဆိုခဲ့သည်။
ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေအတည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှုပေါ်ပေါက်လာသည့်အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သပိတ်မှောက်သည့် လှုပ်ရှားမှုများအပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။
ဆရာက ပြောကြားရာတွင် –
“ကျနော်တို့ အတိုက်အခံအင်အားတွေ၊ တိုင်းရင်းသားအင်အားစုတွေ ထုတ်ဖော်ပြောဆိုတဲ့ ဒုတိယပင်လုံညီလာခံခေါ်ဖို့ ကိစ္စဆိုတာက ရေရှည်ကိစ္စတခု ဖြစ်ပါတယ်။ ပေါ်ပင်လျောက်လုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် အပြီးလုပ်နိုင်တဲ့ အရာလည်း မဟုတ်ဘူး။ သမိုင်းရဲ့ အစဉ်အလာအရ လုပ်ကြမယ်ဆိုရင်လည်း ပြည်ထောင်စုနေ့ ပေါ်ပေါက်ခဲ့ရာ ဖေဖော်ဝါရီလလောက်မှာ လုပ်နိုင်ရင်လည်း လုပ်ကြရမယ် ဆိုတဲ့ သဘော။ နောက်ပြီးတော့ အခုရွေးကောက်ပွဲက အဖြေမဟုတ်ဘူး။ တကယ်အစစ်အမှန် အဖြေက အခုလိုမျိုး ဖယ်ဒရယ်ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းလာနိုင်ဖို့ ဆောင်ရွက်ကြရမယ့် ဒုတိယပင်လုံညီလာခံမျိုးက ၀ိုင်းလုပ်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာမျိုး ဖြစ်တယ်ဆိုတာ ပြောချင်တယ်။
ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ကျနော်တို့တတွေက မတရားတဲ့ ကိစ္စတခု၊ မှားယွင်းတဲ့ လုပ်ရပ်တခုအဖြစ် ကျနော်တို့အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက လက်မခံနိုင်ဘူး။ သပိတ်မှောက်ကြဖို့ ကျနော်တို့က ဆက်လုပ်နေကြမှာပဲ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အကျိုးရလဒ်တွေ ဆိုတာဟာလည်း အများပြည်သူတွေ လက်ခံတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့နဲ့အတူ အားလုံးက ပြောဆိုနေကြပြီဖြစ်တယ်။ အဲသည်လိုမျိုး ကျနော်တို့က ရပ်တည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီးခြား ဆောင်ရွက်နေတာဖြစ်တယ်။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ရလဒ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးစီးပွားမရှိဘူးဆိုတာကို ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင် သဘောပေါက်လာရင်လည်း အခုလိုမျိုး ဒုတိယပင်လုံညီလာခံ ခေါ်ယူတဲ့ဆီမှာ သူတို့တတွေလည်း ပါဝင်လာနိုင်တဲ့ အခြေအနေတရပ်လည်း ဖြစ်လာနိုင်တယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ အလွန်မှာ၊ စစ်အစိုးရ အလိုကျဖြစ်ပေါ်လာမယ့် လွှတ်တော်ဆိုတာရဲ့ အတွင်း၊ အပြင်မှာ ပါဝင်ခဲ့ကြသူတွေအချင်းချင်းမှာ ပဋိပက္ခတွေ မြင်တွေ့ရနေပြီ၊ ဒီထက်ပိုပြီး မြင်တွေ့လာရတော့မှာ ဖြစ်တယ်။ အဲဒါကို မျက်မြင်သက်သေဖြစ်နေရတဲ့ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူလူထုတွေကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတွေမှာ သူတို့အတွက် ကောင်းကျိုးချမ်းသာ မဖြစ်စေဘူး ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံတကာအပေါ်မှာလည်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုကလည်း စစ်အစိုးရက လိုချင်တဲ့ အကောင်းသက်ရောက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။
အဓိကကတော့ အခုချိန်ကတည်းက ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပါဝင်ပတ်သက်နေသူတွေ အားလုံးဟာ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဆိုတာနောက် တကောက်ကောက်လိုက်ပြီး အချိန်ကုန် လူပမ်း ဖြစ်နေကြမယ့်အစား၊ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလ လွှတ်တော်ပေါ်ပေါက်ရေး၊ မပေါ်ပေါက်ရေး၊ လွှတ်တော် အတွင်းအပြင် ဖြစ်ကြ ပျက်ကြတာတွေနောက် လိုက်ပြီးတော့ အချိန်ကုန်ပြီး အလဟသ ဖြစ်ကြမယ့်အစား၊ အခုကတည်းက ရွေးကောက်ပွဲနဲ့ တကွ ရလဒ်တွေကို လက်မခံဖို့ကို ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပြီးတော့လည်း တပါတည်းပဲ တကယ်ကို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို အာမခံပေးမယ့်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီးပေါ်ပေါက်ဖို့ ၀ိုင်းပြီး လုပ်ကိုင်ကြဖို့ကိုလည်း အခုအချိန်ကတည်းက သိမြင်နားလည်ကြဖို့ လိုပြီဆိုပြီး အခုလို ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှု ဖြစ်ပေါ်လာတယ် လို့ ပြောချင်တယ်။”
အဲသည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ မေးတဲ့မေးခွန်းက လက်ရှိပါဝင်နေကြသူတွေ တဦးချင်း၊ တပါတီချင်း၊ နေရာဒေသတခုချင်း အလိုက် သပိတ်မှောက်တာတွေ ရှိနေသလား၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကြီး တခုလုံးအနေနဲ့ သပိတ်မှောက်တာလား။ ပြီးတော့ ရွေးကောက်ပွဲအပေါ် ဝေဖန်ထောက်ပြရာမှ၊ ကန့်ကွက်ပြောဆိုရာမှာ မည်သည့်အချက်တွေကို မူတည်ပြီး ဝေဖန် ထောက်ပြ ကန့်ကွက်မှာလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော်တို့က လူတဦးချင်း၊ တပါတီချင်းကို လိုက်ပြီးတော့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းစနစ် မကျတဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံတဲ့ အာဏာရှင်စနစ်ကို တရားဝင်ပြုမယ့် လွှတ်တော်ကို ဖြစ်ပေါ်စေမှာ မို့လို့ ကျနော်တို့က သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်။ ဒီလိုပဲ ပြောမှာဖြစ်တယ်။ သို့သော်လည်း ပါတီတွေက၊ လူပုဂ္ဂိုလ်တွေကိုယ်တိုင်က မှားယွင်းတဲ့ အချက်အလက်တွေ၊ လုပ်ကြံဖန်တီးတဲ့ အပြောအဆိုတွေ၊ လုပ်ရပ်တွေ ဆောင်ရွက်လာရင်တော့ ဒါတွေကိုလည်း ကျနော်တို့က သီးခံမနေဘဲနဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်ရမှာ ဖြစ်တယ်။
ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြောဆိုထုတ်ပြန်တာမျိုး၊ အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ အထင်အမြင်လွဲမှားအောင် ပြောဆို ၀ါဒဖြန့်ချိတာမျိုးကိုတော့ ကျနော်တို့က အမှားကို လက်ခံနေမှာ မဟုတ်ဘူး၊ အမှန်အတိုင်း အရှိအတိုင်း ပြန်လည် ပြောဆို ထောက်ပြတာတွေ၊ အသိပေး ကြေငြာတာတွေ လုပ်မှာ ဖြစ်တယ်။ အဲသည်လို ပြောချင်တယ်။”
အဲသည်မှာ ဆက်ပြီးမေးတဲ့ မေးခွန်းကတော့ လက်ရှိ စစ်အစိုးရဖော်ဆောင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အာမခံထားတဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသားများ အခွင့်အရေးဆိုတာတွေနဲ့ ဒုတိယပင်လုံညီလာခံမှာ ဆွေးနွေးဖော်ဆောင်မှာနဲ့ ဘာကွာခြားမှာလဲ ဆိုတာ ဖြစ်ပါတယ်။
ပထမဦးဆုံးပြောချင်တာ ဒုတိယပင်လုံညီလာခံခေါ်ဖို့ ထုတ်ပြန်ချက်ထဲက အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအားလုံးအတူတူ သာတူညီမျှ ရရှိရမယ့် အခွင့်အရေးတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူညီမျှခွင့်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြစ်တယ်။ စစ်အစိုးရက ဘာပေးတာလဲဆိုတော့ – ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာမျိုးပဲ ပေးတယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မပေးဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေအားလုံး လိုချင်တာက နိုင်ငံရေးအရ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါအစား စစ်အစိုးရက အုပ်ချုပ်ရေးယန္တားထဲမှာ ပါဝင်ပတ်သက်ခွင့်တို့၊ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တို့တွေကိုပဲ ပေးထားတာ ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ခွဲခြားပြီး သိရမယ်။
သည်တော့ ပြည်ထောင်စုကြီးဆိုတာက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်တယ်။ တပြည်ထောင်စနစ် မဟုတ်ဘူး။ အထက်ပါ ကန့်သတ်တဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ပေးထားတာဟာ တပြည်ထောင်စနစ်လိုမျိုးဖြစ်တယ်။ တိုင်းရင်းသားတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ၊ လူဦးရေအလိုက် ကွဲပြားခြားနားမှုတွေ ရှိတဲ့ နိုင်ငံမှာ ကျနော်တို့တတွေက ရေရှည် ရပ်တည်သွားမယ် ဆိုရင် အားလုံးတန်းတူညီမျှမှုတွေ၊ နားလည်မှုတွေနဲ့ ပေါင်းစည်းပြီး နေကြမှသာ ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်တယ်။ အတင်းချုပ်ကိုင်ထားရင်တော့ အခုလိုမျိုးနဲ့ ရေရှည်ပြည်ထောင်စုကြီးအဖြစ် သွားနိုင်မှာ မဟုတ်ဘူးဆိုတာကို သိကြရမယ်။
ဒါတွေဟာ ခုမှ တိုင်းရင်းသားတွေက ပြောခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉ ၆၁ တို့၊ ၁၉ ၆၄ တို့မှာ ဖဆပလတို့၊ တော်လှန်ရေးကောင်စီတို့၊ မဆလတပါတီတို့ လက်အောက်မှာကတည်းက တိုင်းရင်းသားတွေက ပြောဆိုခဲ့ကြတယ်။ တောင်းဆိုတင်ပြခဲ့ကြပြီး ဖြစ်တယ်။ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်က တောက်လျောက် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတွေက လက်မခံခဲ့ကြဘူး။ အစိုးရတွေက တိုင်းရင်းသားတွေက ပြည်ထောင်စုထဲကနေ ခွဲထွက်ဖို့ လုပ်ကြံနေကြတယ်၊ ဖယ်ဒရယ်ပြည်ထောင်စုဆိုပြီး ခွဲထွက်ဖို့ ကြံစည်တယ်လို့ သူတို့က ပြန်ပြီ စွပ်စွဲခဲ့ကြတယ်။ ပြည်ထောင်စုဖြိုခွဲသူတွေအဖြစ် သမုတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။
အခုကျတော့ တိုင်းရင်းသားတွေ ပြောဆိုနေကြတာတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေ စွပ်စွဲသလိုမျိုး ပြည်ထောင်စုကနေ ခွဲထွက်ရေးမဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခု ပြည်ထောင်စုသားတွေ တန်းတူညီမျှ အတူတကွ ပေါင်းစည်းနေထိုင်ရေး ဆိုတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်တယ်ဆိုတာကို အခုအချိန်မှာ ထပ်မံပြီးတော့ အတည်ပြုပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိကြရမယ်။
ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်လိုမျိုးပေါ့ကွာ။ ပြည်ထောင်စု စစ်စစ်အဖြစ် ပေါင်းစည်းမယ်ဆိုရင် ပြည်နယ်တွေက လူဦးရေအလိုက် အမတ်တွေနဲ့ အောက်လွှတ်တော် ဆိုတာ ရှိတယ်။ ပြည်နယ်အလိုက် ပြည်ထောင်စုအလိုက၊်  တပြည်နယ်ကို အထက်လွှတ်တော်အမတ် ၂ ဦးစီ နဲ့ တိုင်းပြည်ကို ၀ိုင်းပြီး အုပ်ချုပ်ကြတယ်ပေါ့ကွာ။ ဒါမျိုး ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား … အားလုံးက စဉ်းစားကြရမယ်။ ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းရမယ့်အစား လူမျူိုးစုတို့၊ အမျိုးအစားတို့၊ လူတန်းစား တစုတဖွဲ့ကိုပဲ ဦးစားပေးပြီး စိတ်တိုင်းကျဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စုအစစ်အမှန် မဖြစ်ဘဲ တပြည်ထောင်စနစ် ဖြစ်သွားလို့ အရှေ့ဥရောပနိုင်ငံတွေ ပြိုကွဲသလိုမျိုး ပြိုကွဲတယ်ဆိုတာကိုလည်း သင်ခန်းစာ ယူကြရမယ်။ ပြည်ထောင်စုပုံသဏ္ဍန်နဲ့ တိုင်းပြည်ကို မထူထောင်ချင်ဘူးဆိုရင်တော့ စစ်အာဏာရှင်စနစ်တို့ ၊ နိုင်ငံရေးအာဏာရှင်စနစ်တို့နဲ့ တိုင်းပြည်ကို ချုပ်ကိုင်ကြရတော့မှာ ဖြစ်တယ်။ အများသဘောတူတဲ့ စနစ်နဲ့ မထူထောင်ကြရင်တော့ ရေရှည်မခံဘဲ ပြိုကွဲကြမှာ ဖြစ်တယ် ဆိုတာကို သိကြရမယ်။
အခုအချိန်မှာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အတူတကွ ဘယ်လိုမျိုး သဘောတူညီချက် ရသွားပြီလည်း ဆိုတော့ အခုလိုမျိုး စစ်အစိုးရရဲ့ အာဏာသုံးပြီး အုပ်ချုပ်တဲ့ တပြည်ထောင်စနစ်အစား နိုင်ငံရေးသဘောတူညီချက်တွေ ပေါင်းစည်းပြီးတော့ ထူထောင်ကြမယ့် ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ သွားကြမယ်လို့ ဖြစ်သွားကြပြီ။ ဒီလိုမျိုး သဘောတူညီချက်မျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ယခင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ သဘောတူညီတာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း သည်လို အခြေခံသဘောတူညီချက်တွေကို မူတည်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ကျနော်တို့အာလုံးက သဘောတူ ညီညွတ်ကြပြီးတော့ ဒုတိယပင်လုံညီလာခံတရပ်ကို ခေါ်ယူကြဖို့၊ ဆွေးနွေး တိုင်ပင်ကြဖို့၊ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတည်ပြုချက်တွေ ရရှိနိုင်ဖို့အတွက် အခုလိုမျိုး ဒုတိယပင်လုံညီလာခံမျိုး ပေါ်ပေါက်ဖို့ လိုတယ် လို့ ပြောတာ ဖြစ်တယ်။
(ဆက်လက်ဖော်ပြပါမည် … ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို ၁၉ ၈၈ ခုနှစ်ကတည်းက ချမှတ်ဆောင်ရွက်ခဲ့ဘူးသလား၊ မည်သို့သော အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရသလဲ။ စသည့် မေးခွန်းများနဲ့ ဆက်လက်ဖော်ပြပါမည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts