>Ashin Kaung – No Match to Burma

>

နှိုင်းသမျှ ရိုင်းလှချည့်
အရှင်ကောင်း (ရွှေဝါရောင်)
အောက်တိုဘာ ၂၅၊ ၂၀၁၀
 
CNN ကနေချီလီမိုင်းလုပ်သားတွေကို ကယ်ထှုတ်နေတဲ့  သတင်းတွေကို တိုက်ရိုက် လွှင့်ထုတ်နေတာ ကြည့်လိုက်ရတယ်။ ပေနှစ်ထောင်အနက်မှာ  ပိတ်မိနေရာက  အသက်ရှင်သေးကြောင်း  အဆက်သွယ်လေး ရပြီး၊ ကယ်ဆယ်ဖို့ စိုင်းပြင်း အားထုတ်ကြတော့တာပဲ။ နှစ်လကျော်ကြာ ပိတ်မိသူတွေအသက်ရှင်ဖို့  ကြိုးစားကြပြီး၊ မြေတွေထပ်မပြိုဖို့၊ဘေးမသီ ရန်မခ  ထွက်မြှောက်နိုင်ဖို့ စွမ်းရာကနေ  ဝိုင်းကြပုံတွေကို နားစွင့်ရင်း ရင်တထိတ်ထိတ် ရှိခဲ့ရတာ၊အခု သတင်းမြင်ကွင်းကို  တွေ့ နေရတော့   ရင်ဖိုရင်း ကြည်နူးမိတယ်။
နိုင်ငံတော်သမ္မတကလည်း တွင်းထဲကလုပ်သားတွေရဲ့မိသားစုတွေနဲ့  အတူတူ ပြည်သူတွေရဲ့ အရေး ကိုယ့်အရေးလို အရေးတ ယူရှိလိုက်ပုံများ၊  တစ်ယောက်ကိုဆယ်ထုပ်ဖို့ သုံးနာရီခန့်ကြာတာ၊ ဆယ့်ခြောက်ယောက်မြောက်အထိ  အားပေးကူညီနေတဲ့ ချီလီသမ္မတကို ခေါင်းဆောင်ပီသလေခြင်းလို့ ချီးကျူးမိတယ်၊ သူ့အိမ်မှာနေပြီး ဖန်သားပြင်ကနေ အခန့်သား ကြည့်နေရင် အရသား၊ ခုတော့ သူ့ပြည်သူနဲ့ တသားတည်း။ တို့အိမ်နားနီးချင်း နိုင်ငံကြီးတခုမှာဆို နှစ်စဉ်ကျောက်မီးသွေးတွင်းတွေပြို၊ သတ္တုတွင်းတွေပြိုလို့ ပိတ်မိသေဆုံးကြတာတွေ မနည်းဘူး။  လူဦးရေအများဆုံးတိုင်းပြည်မို့သာ တော်တော့တယ်။ သတင်းတိုလေးတပုဒ်နဲ့တင် သူတို့များခမျာ နိဋ္ဌိတံ ကရရှာတာ။ လူ့တန်ဖိုး ထားပုံခြင်း  ကွာလိုက်ပုံများ။
သို့ကလို  တွေးရင်း  ကြည်နူးမှု ပျောက်ပြီး၊  ကျောချမ်းမှု ရောက်လာတယ်။ လူ့တန်ဖိုး မထားရင် ဘာတွေ ဖွံ့ဖြိုးဖွံ့ဖြိုး၊ ဘာတွေ တိုးတက်တိုးတက်၊ ဘယ်နိုင်ငံ ဘယ်စနစ်မှ မကောင်းဘူး။ တပါတီအာဏာရှင်တွေ စစ်အာဏာရှင်တွေဆိုရင် ဘယ် ဆိုဖွယ်ရှိအံ့နည်းလို့ ဆိုရမယ်။
အဲ … ဒါပေမဲ့  အဲဒီနိုင်ငံက တပါတီအာဏာရှင်တွေက သူတို့ပြည် ငလျှင်ကြီးလှုပ်တော့  ကသုတ်ကရက် ထွက်လာတဲ့ပြီး ပြည်သူလူထုကို ကူညီအားပေးလိုက်ကြတာ၊ အလံတွေ တိုင်တဝက်လွှင့်၊ ဝမ်းနည်းတဲ့  အထိမ်းအမှတ်နေ့  အဖြစ်တွေ သတ်မှတ်နဲ့။
အားပါးပါး … တို့တိုင်းပြည်က  ခေါင်းဆောင်   ဆိုသူတွေတောင် အတုခိုးရုံ မက၊   အစစ်ပါ ခိုးကြရတယ်လေ။
ဒါပေမဲ့ ချီလီသမ္မတရဲ့လုပ်ရပ်ကိုတော့ တို့တိုင်းပြည်ကခေါင်းရှောင်၊ အဲ… ခေါင်းဆောင်ဆိုသူကြီးတွေက  နှာခေါင်းရှုံ့ ကြမယ်။   လူလေး ၃၃ ယောက်ကိုများ ပုံကြီးချဲ့လို့၊  တို့ဆို တစ်သိန်းကျော် သေဆုံးပြီး၊ နှစ်သိန်းကျော် ပျောက်ဆုံးတာတောင် အေးဆေးပဲလို့ လေးလတကြိမ် အစည်းအဝေးမှာ ပြောနေကြမှာ မြင်ယောင်တယ်။
“နာဂစ်ကြီး” လာနေပြီလို့ ၄၈ နာရီခန့် အိန္ဒိယမိုးလေဝသဌာနက သတင်းကြိုပေးတာတောင်  အရေးမလုပ်ဘဲ၊  အာဏာမြဲရေး စီမံကိန်းကြီးအတွက်  အလုပ်များပြနေလိုက်ကြပုံများ၊ ပြည်သူ့ အသက် အိုးအိမ်ထက်တောင်  အလေးထားနေသေး။  လေးဆယ်ရှစ်နာရီ ဆိုတာ နှစ်ရက်တောင် အချိန်ရတာ ကြိုတင်အသိပေးခြင်း၊ ဘေးလွှတ်ရာ ရွှေ့ပေးခြင်း၊ ဘာတခုမှ တာဝန် မယူခဲ့ဘူး။ မုန်တိုင်းလာနေမှ တီဗွီမှာ ကြေငြာတယ်၊ တို့ပြည်မှာက တီဗွီဆိုတာ လူတိုင်းကြည့်နိုင်တာ မဟုတ်ဖူး။ ပြီးတော့လဲ မုန်တိုင်းကျပြီး ငါးရက် ခြောက်ရက်ကြာမှ ပုန်းရာက ထွက်လာကြတယ်၊ ထွက်လာတော့လည်း ဘာပြောတယ် မှတ်လဲ၊ မုန်တိုင်းကတော့ ကျပြီးသွားပြီ။ ဆန္ဒခံယူပွဲသာ ပိုင်အောင်လုပ်ကြစို့ တဲ့။ 
ဒါတကယ်ပြောတာ။  မုန်တိုင်းပြီး ထွက်လာကြတဲ့ ဝန်ကြီး ဝန်လေးဆိုသူတွေ ပါးစပ်က ပြောတာ။ နားနဲ့  ဆတ်ဆတ် ကြားခဲ့ရတာ။  ဝန်ကြီးလာတယ် ဆိုတော့ ဒေသခံအားလုံးက  ပြန်လည်ထူထောင်ရေးအတွက် လာတယ်မှတ်ပြီး ဝမ်းသာအားရပေါ့။ ဘယ်ကလာ … ။ ဆန္ဒခံယူပွဲကို ဘယ်လိုလုပ၊် ကျောင်းဆရာ၊ ဆရာမတွေက သေချာထောက်ခံမဲရအောင် လုပ်ပေးရမယ်လို့ မိန့်ခွန်းတော် ချွေတော့ အားလုံး “ဟင်… ဟား …“  နဲ့ လုပ်ရက်ပါပေ့ကွယ် ဆိုပြီး ငြိမ်ကျသွားကြတယ်။
မယုံမရှိနဲ့ ၊မယုံရင် ကြုံရင် မေးလှည့်ပါ။ တွံတေးတမြို့လုံး သက်သေရှိတယ်။ အချုပ်မှူးကြီး ဆိုသူကလည်း အထက်မှာ ဆိုခဲ့သလို သူ့ဆရာတွေ   အလံတဝက်ထူမှ ယောင်ကန်း ရမ်းကန်း ထွက်လာလိုက်တာ။ အံမယ် ဝတ်စုံပြည့်နဲ့ ဘာနဲ့ ။ ဒါပေမဲ့ မုန်တိုင်းကျပြီးလို့ ၁၆ ရက် ရှိနေပြီ။ ထားပါ။ 
သူ မစွမ်းလို့၊ စွမ်းသူတွေက ကူညီဖို့ လာတာကို “ဘာနဲ့ မလာရ။  ညာနဲ့ မလာရ နဲ့ … ပိတ်ပင် တားမြစ်နေလိုက်တာ၊ မသေသင့်တဲ့လူတွေ အတော် သေကြရသတဲ့။ ဘယ်လောက်များ ကြေကွဲဖို့ ကောင်းလဲ။ သူ့အချုပ်အချာ ဆိုတာကြီးက ပြည်သူ့ အသက်ပေါင်းများစွာထက်  တန်ဖိုး ရှိလို့လား။ လူ့ရဲ့တန်ဖိုးနဲ့  အဲဒီ သူတို့ရဲ့ ဇာတိမာန်ဆိုတာကြီးနဲ့ ဘယ်ဟာက တန်ဖိုး ရှိလဲလို့မှ ကွဲပြား မသိကြရော့သလား။ အဲဒီလို နှိုင်းယှဉ်မိလို့ ခိုင်းနှိုင်းတိုင်း  ရိုင်းလှတာ  ထင်ရှားတယ်။  လူတန်ဖိုး ထားပုံချင်း မတူညီကြတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ယှဉ်ရင်တောင်  ရိုင်းနေမှတော့၊ ခု ချီလီသမ္မတနဲ့ ယှဉ်ရင် ဦးပုညစကား လို “ဥတုနဲ့ ပုဇ္စန်ဆီ” လို့ပဲ  ဆိုရတော့မယ်။ 
 အပုံကွာလှချည့်၊ အဲလို လူတန်ဖိုး မထား၊ တာဝန်မကျေတဲ့ သူက၊ ခုလည်း သူတို့ကို မဲပေးဖို့ ဇွတ်ရော၊ အဓမ္မ ရော တောင်းဆိုနေပြန်ပြီ။  ၂၅ % ရာခိုင်နှုန်း အသေယူထားတာ၊ မူပိုင် ယူထားတာတောင် စိတ်မချတော့၊ ကြံ့ ဖွံ့ ကို လူမှုရေးအသင်းပါဆိုပြီး  သိက္ခာမဲ့စွာ   ပါတီထောင်နိုင်အောင် ဆိုပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း “သက်ဆင်” ရဲ့နည်းကို သုံးပြီး ပြည်ပိုင်ငွေတွေကို ထုတ်ချေးပြီး၊ မဲဆွယ် မဲဝယ်၊ ယှဉ်နိုင်တဲ့ ပါတီတွေကို ချုပ်ကိုင်၊ အောက်လမ်းနည်းစုံ သုံးပြီး ရွေးကောက်ပွဲ  တရားမျှတစွာ လုပ်ပေးမှာ ဆိုပဲ။
ခိုင်းတိုင်း ရိုင်း၊ နှိုင်းတိုင်း ရိုင်းလှတဲ့ လူတွေကို မဲပေးလိုက်မယ် ဆိုရင်
“ကိုယ့်ကိုထိုးမဲ့  နဖါးကို ကိုယ့်သားရည်နဲ့ ကျစ်စေသူတွေ” လို့ နောက်လာနောင်သားတွေက  ဆိုကြလေမယ်  ဗျာတို့ ။        
         (ကဲ … အခုလည်း ရခိုင်ပြည်က မြို့ရွာတွေကို မုန်တိုင်း ဂီရိက နင်းခြေလိုက်ပြန်ပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲနောက် ကောက်ကောက်ပါအောင် လိုက်ကြမည့်သူတွေက ဘယ်လို ကိုယ့်မြန်မာပြည်သူ ပြည်သားတွေရဲ့ တကယ့်အရေးကို လိုက်လံဖြေရှင်းလေမလဲ လို့ မေးလိုက်ချင်ပါတယ်)