>Mr Po Thit – To Forever Flames

>

ကောက်ရိုးမီးမှသည် ဖွဲမီးဆီသို့
မစ္စတာဖိုးသစ်
အောက်တိုဘာ ၂၄၊ ၂၀၁၀
လွတ်လပ်၍ တရားမျှတသော လို့ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီး လုပ်မယ့် အချိန်ကလည်း တဖြည်းဖြည်း နီးလာပါပြီ ။ မဲဆွယ်တဲ့သူလည်း ဆွယ်နေကြပြီ ။ မဲဝယ်တဲ့သူတွေလည်း ၀ယ်နေကြပြီ ။ မဲပယ်မယ့်  သူတွေကရော ……
ဦးဝင်းတင် ကပြောပါတယ် ။
“ ကျွန်တော်တို့ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတာဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာပါ ။ ဘာလို့ မှောက်တာလဲ ဆိုတော့ … အခု လုပ်မယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိလို့ပါပဲ ” ။
နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ ။ တရားမျှတမှု မရှိတာကို ဆန့်ကျင်ခဲ့တာ ။ လဘက်ကောင်း စားရဖို့ တောင်တက်နှေးခဲ့တာပါ ။ အခုတော့ နိုဝင်ဘာမှာ ဆိုးဆေး နဲ့ တိုးနေပါတယ် ။ အနှစ် ၂၀ ကျော် ဆန့်ကျင် တိုက်ခိုက်လာတဲ့ ဒီတော်လှန်ရေးဟာ ၊ ကိုယ့်ကုလားဖန် ကိုယ်ထိုး ၊ ကိုယ့်ဖဲ ကိုယ်ဝေ တဲ့ နိုဝင်ဘာမှာ လက်လျော့လိုက်ရတော့မှာလား ။ ထောင့်ပေါင်းစုံကနေ ဖိအားတွေနဲ့ ဘေးနံ အားလုံး ကြပ်ညှပ်နေအောင် ပိတ်ဆို့ထားတဲ့ စစ်အစိုးရရဲ့ လံကြုတ်ဇာတ်ဝင်ခန်းမှာ အားလုံး လည်စင်း ပေးကြတော့မှာလား ။
သူတို့ရဲ့ ဇာတ်ညွှန်းမှာ ဘယ်သူတွေကို ဘယ်နေရာမှာ ကခိုင်းမယ်ဆိုတာ အတိအကျပါပြီးသား ။ သူတို့ ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဇာတ်ညွှန်းကိုလည်း ဖတ်ဖူးပြီးသားပါ ။ ဇာတ်ထဲလိုက်ရပြီးရော ဝေလေလေလေးပဲ လုပ်ရ လုပ်ရကတော့ မကောင်းတော့ပါဘူး ။ အမှန်က ၂၅% ဆိုပြီး ပစ်တိုင်းထောင်လို အလေးထည့်တယ် ဆိုပြီး သူတို့ဖင်မြဲအောင် ခဲဆွဲလိုက်တာပါ ။
အခုလည်း ဒင်းတို့က သံချပ်ကာဝတ် လူကိုကြိုးတုပ်ပြီးမှ
“ကဲ ကြိုးဝိုင်းပေါ် တက်ကြတာပေါ့” ဆိုပြီး အချွန်နဲ့ မဖို့ စိန်ခေါ် နေတာပါ ။
ဒါကို အိမ်ဝင်ဖြည့်ပေးရင်တော့ နေရာမရတဲ့ အပြင် အဆင်းကို ဘီးတပ်ပေးနေသလိုပါ ဖြစ်ဦးမှာပါပဲ ။ မရမှန်းတော့ သိပါရဲ့ နောက်အခေါက်တွေ အတွက် နေရာကြိုဦးတာ ဆိုပြီး ကလေးကလားတော့လည်း မလုပ်ပါနဲ့ ။
မိအေးက ၂ ခါတင်မက အနှစ် ၂၀ ကျော် နာနေခဲ့ရတာပါ ။ ဒါဟာ မင်းသားမလုပ်ရလို့ ပတ်မကြီး ထိုးခွဲတဲ့ ကိစ္စ မဟုတ်ပါဘူး ။ မူးပြီး နေရာမှားအိပ်နေတဲ့ ကားလိပ်ဆွဲကို အနောက်ထဲ မောင်းထုတ်တာပါ ။
ပရိသတ်က မင်းသမီးကိုပဲ မျှော်လင့်နေတာပါ ။ ဇာတ်လမ်းဇာတ်ကွက် လှလှလေးတွေပဲ ကြည့်ချင်တာပါ ။ ယမ်းခိုးယမ်းငွေ့ တွေဝေနေတာ ၊ သံဃာတွေ သေနေတာ ၊ ကျောင်းသားတွေ လေနေတာ ၊ သူတောင်းစားလို အခြေအနေပါ ဆိုတာတွေ မကြည့်ချင် ၊ မမြင်ချင် ၊ မဖြစ်စေချင် ကြပါဘူး ။
ကြံ့ဖွတ်ကတော့ဖြင့် ဘယ်လိုတွေ ခြေလှမ်းကျဲနေတာ ၊ ဘယ် အကောင်ကြီးကြီးကဖြင့် ဘယ်နယ်မှာ အမြီးရှည်ရှည် နဲ့ ဘယ်လိုရမ်းမှာ ၊ အတိုက်အခံ လုပ်မယ့် ဘယ်အမတ်က ငွေမတတ်နိုင်တာ ၊ ဘယ် ဆရာကြီးကတော့ ကြံ့ဖွတ်ထဲ ရောက်နေတာ ။ ဘယ်သူတွေကတော့ဖြင့် ငွေချေးနေတာ ။ ဘယ်သူတွေတော့ဖြင့် မျက်စိကွယ်ကုန်တာ … အစ ရှိသည်ဖြင့် ပေါ့ ။
 ဒါတွေကိုကြည့်ပီး ကြိတ်မခဲနိုင် ဖြစ်နေမှာလား ၊ အံတကြိတ်ကြိတ်နဲ့ လက်သီးထဆုပ်မှာလား ၊ သက်ပြင်းလေးချပြီး စောင့်ကြည့်ရမှာပေါ့ကွာ ဆိုနေမှာလား  ။ ဟုတ်တော့ဟုတ်လောက်မှာပါ ဆိုပြီး ချဲထိုးသလိုမျိုး လကုန်ရက်မှာ ရင်ခုန်နေမလား ။ ဒီမိုကရေစီ ဆိုတာ ကံစမ်းမဲနှိုက်ရတဲ့ အုပ်ချုပ်မှု စနစ်မှ မဟုတ်ပဲ ။ ဖွတ်တွေ အုံနဲ့ ကျင်းနဲ့ ထွက်နေမှတော့ တောင်ပို့မှန်း သိသင့်ပါတယ် ။ ကျော ကအရေလဲ ဆုတ်နေပါပြီ ။ ဓါးပြက သေနတ်ဒင်နဲ့ဆောင့်လို့ပါ ။
တကယ်တော့ ပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘော ၊ သူမ ရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာ ၊ အနစ်နာတွေ နဲ့ သူမရဲ့ စကား
“ မဲမထည့်ကြနဲ့ ”
ဆိုတာဟာ ကောက်ရိုးမီးလို ၀ုန်းကနဲတောက် ဖို့ မဟုတ်ပါဘူး ။ ဒီတိုက်ပွဲကို တိုက်လာတာ ၊ တိုက်နေတာ အနှစ် ၂၀ ကျော်ပါပြီ ။ မတရားမှုကို တွန်းလှန်နေခဲ့တာပါ ။ အသံကောင်းဟစ်နေတာ မဟုတ်ပါဘူး ။  ဒါဟာ ရေရှည်တိုက်ပွဲပါ ။ သမိုင်းနဲ့ ယှဉ်တဲ့တိုက်ပွဲပါ ။ တိုက်ပွဲသဘောတရားအရ ရန်သူ့ နယ်မြေကို သိမ်းပိုက်ဖို့ မိမိရဲ့ ပစ်အားကို အလုံးအရင်းနဲ့ သုံးရမယ့် အချိန်ပါ ။ တိုက်ပွဲခေါ်သံ ကို အကျယ်လောင်ဆုံး ဟစ်ကြွေးရမယ့် အချိန်ပါ ။ ဒါဟာ သမိုင်းရေးတဲ့ တိုက်ပွဲ ၊ သမိုင်းရေးမယ့် တိုက်ပွဲပါပဲ ။
သမိုင်းဆိုတာ စစ်နိုင်တဲ့သူတွေက ရေးတာ ထုံးစံပါ ။ စစ်ရှုံးတဲ့သူက သူပုန်ပါပဲ ။ စစ်မနိုင်ခဲ့လို့ သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတဲ့ အသက်စွန့်ခဲ့သော ကျောင်းသားဟောင်းကြီးတွေ ၊စစ်မနိုင်လို့ သူပုန်အဖြစ်နဲ့ အတိုက်ခံနေရဆဲ ဖြစ်တဲ့ ကျောင်းသားဟောင်းတွေ ၊ စစ်မနိုင်လို့ သုံ့ပန်းလို အကျဉ်းကျနေကြတဲ့ ရာပေါင်းများစွာသော ကျောင်းသားတွေ ၊ အဲဒီ အကျဉ်းစံတွေ ၊ သူပုန်တွေရဲ့ ထောင်ပေါင်းများစွာသော မိသားစုတွေ ၊ အဲဒီနောက် မသိနားမလည်ပဲ ခံနေရရှာတဲ့ သိန်းပေါင်းများစွာသော မိသားစုတွေ ၊ အကျိုးဆက် အားလုံးကို နင့်နေအောင် သိပြီးတော့ရော နကန်း တလုံးမှ မသိပဲနဲ့ရော ခံနေရရှာတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ ဘာကို မျှော်လင့်နေကြတာပါလဲ ။ အခုတိုက်နေတဲ့ တိုက်ပွဲရဲ့ အောင်မြင်မှုကိုပါ ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက် ကို တိုးတက်တဲ့ ၊ ဒီမိုကရေစီ ချစ်ခင်လိုလားတဲ့ လူငယ်တွေရဲ့ ဖော်ဆောင်ချက်နဲ့ ပြည်သူတွေကို လက်တွဲစည်းရုံးပြီး မတရားမှု ကိုနိုင်အောင် တိုက်မလား ။ ဒါမှ မဟုတ် အပေါ်ယံ ရွှေမှုန့်ကြဲထား တဲ့ ငရဲပန်းကို ရွှေပန်းထင်နေပြီး လက်ညှိုးထောင် ခေါင်းငြိမ့် နေမယ် ဆိုရင်တော့ မှန်ကင်းအလှည့် ဘယ်တော့မှ ရောက်လာမှာ မဟုတ်တော့ပါဘူး ။ တသက်လုံး ထင်းအဖြစ်နဲ့ ရဟန်း ရှင်လူ အများ၏ ဘ၀ရှင် ၊ ဆင်ခရုသင်းစွဲများရှင် ၊ စစ်တပ် စကြာရှင် ၊ အာဏာ့ရှင် မင်းတြားကြီး ဦးသန်းရွှေ ရဲ့ အသုံးတော် ခံနေရမှာ မလွဲပါပဲ ။
ပြောခဲ့သလိုပဲ ခုချိန်ဟာ မိမိရဲ့ ပစ်အား ကို အလုံးအရင်းနဲ့ အသုံးချရမယ့် အချိန်ပါ ။
တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကောက်ရိုးမီးလို ၀ုန်းကနဲ ထအော်နေယုံနဲ့  မရတော့ပါဘူး ။ တငွေ့ငွေ့နဲ့ မတရားတာကို တရားအောင် ၊ မသိသေးတဲ့ ပြည်သူကို သိလာအောင် ရှင်းပြ ပြောဆို စည်းရုံး လှုံဆော်ရမယ့် အချိန်ရောက်နေ ပါပြီ ။ အရေးတကြီးကို ရောက်နေပါပြီ ။
ဦးသန်းရွှေတို့ စနစ်တကျ အကွက်ရိုက်ထားတဲ့ အလံအသစ်ပြောင်းတာတွေ အလံဟောင်းမီးရှို့တာတွေ ကိုပဲ အူလည်လည် လိုက်မသွားပါနဲ့ ။ ဒါမျိုးက ဖြစ်ဖူးပြီးသားပါ ။
ဒေါ်အောင်ဆန်းစုကြည် ကို အမှုစစ်တော့ ပြည်သူတွေ ၊ အထူးသဖြင့် ရန်ကုန်မြို့ ကလူတွေကို MNL  (Myanmar National League) ဆိုပီး အာရုံလွှဲပေးလိုက်တာပါပဲ ။ လူငယ်တွေ စိတ်ဝင်စားတဲ့ လမ်းကြောင်းတစ်ခု ဖော်ပေးလိုက်တာပါပဲ ။ အမှန်က ကောဇောအိတ် သူဋ္ဌေးကြီးများက အမည်ခံပြီး ဦးသန်းရွှေရဲ့ ကစားကွက်ကို နိုင်ငံတော် ဘဏ္ဍာတွေ အသုံးချပြီး ဖော်လိုက်တာပါ ။
မတရားမှုတစ်ခု မှာ သင်ဟာ ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖိုY ရွေးချယ် လိုက်တာနဲ့ အတူတူ ပဲ
တဲ့ Desmond Tu Tu ရဲ့ စကားပါ ။
ဓားခုတ်ရာ လက်ဝင် မလျှိုချင်ပါဘူးကွာ ဆိုပြီးတော့ လက်ပိုက်မနေပါနဲ့ ။ လက်သီး လက်မောင်း တန်းရမယ့် အမျိုးသားရေး မို့ပါ ။ လေကောင်း လေသန့်လေး ရှူနေရပြီး နှာစေးနေမယ်ဆိုရင် အင်းစိန်တိုင်းပြည်က ပြန်လာတဲ့သူတွေက ငါတို့များ ဒီအချိန် အပြင်လေ ရှူရလို့ကတော့ကွာ ဆိုပြီ တောက် တစ်ခေါက်ခေါက် ဖြစ်နေမှာမလွဲပါဘူး ။
British Labour Party မှာ စကားတက်ပြောတဲ့ မိန်းခလေးကိုကြည့် ၊ သူပြောတာနားထောင်ရင်း သွေးတွေဆူ ၊ ကြက်သီးတွေထ ကြည့်လို့လဲ ပြီးရော “ဒုံရင်းက ဒုံရင်းပဲ” တော့ မဖြစ်သင့်တော့ပါဘူး ။ ဒါဟာ နိုင်ငံသားတိုင်း လုပ်နိုင်ကြတဲ့ ၊ လုပ်ရမယ့် နိုင်ငံ အရေးမဟုတ်ပါလား ။
အခုတင်ကိုပဲ ဆယ်ကျော်သက်လေးတွေရဲ့ ရင်ဘတ်မှာ I vote ဖြစ်နေပါပြီး ။ ဒါဟာ I Phone မဟုတ်ပါဘူး ။ နောက်ဆို I believe ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူက အာမခံမှာလဲ ။ Aung San Suu Kyi ဆိုတာ နိုင်ငံခြားဖြစ် T-shirt တစ်ခုဖြစ်နေပြီလား ။
 Celebrity တွေကလည်း သူတို့ လက်ခုပ်ထဲမှာ ။ ရင်းနှီးမှု မရှိသေးတဲ့ လူငယ်တွေကတော့ သူငယ်ချင်းလုပ်ရင် မှန်သည် မမှန်သည် မသိ လိုက်လုပ်မှာပါပဲ ။
ဒါကို အမှန်တရားအတွက် လမ်းကြောင်းပေးဖို့ လုပ်ရပါမယ် ။ ဘယ်သူတွေနဲ့ ဘယ်လို လုပ်မှာလဲ လို့ မမေးပါနဲ့ ။ သင်ကိုယ်တိုင်ကနေပဲ တနိုင် စလိုက်ပါ ။
IT ခေတ်ကြီးမှာ အကြောင်းအရာ တစ်ခုကိုစတင်ပြီး ပျံ့နှံ့ဖို့ရာ မခက်ပါဘူး ။ တစ်ယောက် တစ်လက် ကျောင်းသားလက် ဆိုတာ အရင်ခေတ်ပါ ။ အခုက Mouse တစ်ချက် Internet ဖြစ်နေပါပြီ ။  
ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာ က ခုလို မိန့်ကြားခဲ့ပါတယ် ။
“ စစ်တို့၏ သဘောသည် အင်အားနည်းသည် များသည် မဆိုသာ ၊ လုပ်ရည် ကြံရည်နှင့် ရဲစွမ်းသတ္တိသာ အရင်းတည်း ”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts