>In Election Period, Burmese Internet coming to slow speed and disturbance

>

ရွေးကောက်ပွဲအကြို အင်တာနက် နှေးခြင်း ပြတ်တောက်ခြင်းများဖြစ်ပေါ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
 အောက်တိုဘာ ၂၄ရက်၊ ၂၀၁၀
          ရွေးကောက်ပွဲ ကျင်းပရန် ၂ပတ်မျှလိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ အင်တာနက် ဆက်သွယ်မှုမှာ ပုံမှန်ထက် နှေးကွေးခြင်းနှင့် နာရီပိုင်းအလိုက် ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ သုံးစွဲသူများ၏ ပြောဆိုချက်အရသိရသည်။
          ယခုရက်ပိုင်းအတွင်း အင်တာနက် ဆက်သွယ်မှုမြန်နှုန်းမှာ ပုံမှန်ထက် သိသာစွာနှေးကွေးခြင်း တခါတရံ မိနစ်အတန်ကြာ သို့မဟုတ် နာရီနှင့်ချီပြီး ဆာဗာကျသည့်အဖြစ်မျိုး လွန်ခဲ့သည့် ၂ ရက်ဝန်းကျင်မှ စတင်ဖြစ်ပွားလျက်ရှိသည်ဟု အင်တာနက်ဆိုင် ၀န်ထမ်းများ၊ နေ့စဉ် သုံးစွဲနေသူများက ပြောသည်။
          “ကွန်နက်ရှင် (ဆက်သွယ်မှု) ကစုတ်ပြတ်နေတာပဲ။ မြန်မာ့ဆက်သွယ်ရေးကနေ ၁ ဂစ်ပမာဏ ဘန်းဝစ်ဒ ယူထားတဲ့ ကျွန်တော်တို့ဆိုင်တောင် ဒီရက်ပိုင်း သုံးလို့မရအောင် မကြာခဏဖြစ်တယ်။ ဘာဖြစ်တယ်ဆိုတာ မသိဘူး။ ရွေးကောက်ပွဲနီးလို့ လိုင်းကိုနှေးအောင် တမင်လုပ်ထားတာလား ဆိုတာတော့ မပြောတတ်ဘူး၊နှေးရတဲ့အကြောင်းကို လှမ်းမေးလို့လည်း အမှန်အတိုင်း ပြောတာမှ မဟုတ်တာ´´ဟု ရန်ကုန်မြို့မှ အင်တာနက် ဆိုင်တဆိုင်မှ ၀န်ထမ်းဖြစ်သူက ပြောသည်။
          မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် ဆက်သွယ်မှု ကျောရိုးမှာ နယ်စပ်ဖြတ်ကျော်သွယ်တန်းထားသည့် အော့ပတစ်ကယ် ဖိုင်ဘာ ဆက်ကြောင်းများကို အသုံးပြုလျက်ရှိသည်ဟု သိရပြီး ၂၀၀၉ ခုနှစ်ကုန်နောက်ပိုင်းမှ စတင်ပြီး ကုမ္ပဏီသုံး၊ တဦးချင်းသုံးနှင့် အခြား အဖွဲ့အစည်းများသုံးသည့် အင်တာနက်လိုင်းများအား ရတနာပုံ ဂိတ်ဝေးမှ ဆက်သွယ်ယူပြီး နေပြည်တော် ၀န်ကြီးဌာနများနှင့် စစ်အစိုးရအဖွဲ့ဆိုင်ရာ သုံးစွဲမှုများအတွက် နေပြည်တော် ဂိတ်ဝေးကို ထားရှိသည်ဟု ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင်ပြောဆိုခဲ့သည်။
ထိုသို့ ဂိတ်ဝေး နှစ်ခုခွဲထုတ်လိုက်ခြင်းမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပွားသည့်အခါ ပုဂ္ဂလိက ကဏ္ဍသုံး ရတနာပုံ ဂိတ်ဝေး တခုလုံးကို ဖြတ်တောက်ထားသော်လည်း စစ်တပ်နှင့် အစိုးရ ၀န်ကြီးဌာနများအနေဖြင့် နေပြည်တော်ဂိတ်ဝေး အောက်မှ ပြတ်တောက်ခြင်းမရှိပဲ သုံးစွဲနိုင်မည်ဖြစ်သည်။
          ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကို နှိပ်ကွပ်ပြီး ၂ရက်အကြာ စက်တင်ဘာ ၂၈ ရက်နေ့တွင် အင်တာနက် ဆက်သွယ်မှုကို လုံးဝဖြတ်တောက်ခဲ့ရာ တစ်ပတ်ဆယ်ရက်ကြာ အင်တာနက် သုံးစွဲနိုင်ခြင်း မရှိခဲ့ကြသည်ကို တွေ့ရသည်။ ယခုအဖြစ်သည်လည်း လာမည့် ရွေးကောက်ပွဲ ကြောင့် သတင်းအချက်အလက်များ ပြည်ပသို့ စီးထွက်ခြင်း မရှိစေရန် နှေးစေရန်နှင့် ဖြတ်တောက်ခြင်းတို့ လုပ်ဆောင်နေခြင်းလားဟု သုံးစွဲသူတချို့က သံသယဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts