>U Tun Lwin still reporting weather report as responsible citizen

>

တာဝန်မရှိပေမယ့် တာဝန်သိသူ တယောက်အနေနဲ့ မိုးလေ၀သ အလုပ် ဆက်လုပ်နေဦးမည်ဟုပြော
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၃ရက်၊ ၂၀၁၀
မိုးလေ၀သနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ လေ့လာ၊ ခန့်မှန်း ထုတ်ပြန်ခြင်း တို့ကို တာဝန်ရှိသူတဦး အနေဖြင့် မဟုတ်သော်လည်း တာဝန်သိသူ တဦး အနေဖြင့် ဆက်လက်လုပ်ကိုင်နေဦးမည်ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောသည်။
ယနေ့မွန်းလွဲပိုင်း ရန်ကုန်မြို့၌ပြုလုပ်သည့် Myanmar Climate Change Watch ၀က်ဆိုက်လွှင့်တင်ထားခြင်းနှင့် ပတ်သက်ပြီး အသိပေးသည့်ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၀က်ဆိုက်ကို လွန်ခဲ့သည့် လပိုင်းကတည်းက လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မိုးလေ၀သ နောက်ဆုံးသတင်းများ ရာသီဥတုဆိုင်ရာ အချက်အလက်များ၊ မိုးလေ၀သ ပညာရပ်နှင့် သက်ဆိုင်သည့် ပညာပေး ဆောင်းပါးများကို ဖေါ်ပြပေးထားမည့် ၀က်ဆိုက်တခု ဖြစ်သည်ဟု ရှင်းလင်းပြောဆိုချက်အရ သိရသည်။
မကြာမီ လပိုင်းအတွင်းက စတင်ခဲ့သည့် အဆိုပါ မိုးလေ၀သ သတင်းများကို ပြည်တွင်းနှင့် ပြည်ပမှ မြန်မာနိုင်ငံသား အများအပြား လာရောက်ဖတ်ရှုလျက်ရှိပြီး ဖတ်ရှုသူ အရေအတွက်အားဖြင့် ၁သောင်းကျော်နှင့် ၀င်ရောက်ကြည့်ရှုသည့် အကြိမ်ရေ တသန်းကျော်ရှိနေပြီဟုလည်း ဦးထွန်းလွင်ကပြောသည်။
မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာနိုင်ငံ မိုးလေ၀သနှင့်ဇလဗေဒ ဌာန၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ပြီး မုန်တိုင်း မ၀င်ရောက်မီ ရက်ပိုင်းအလိုတွင် အဆိုပါမုန်တိုင်း၏ ဘေးအန္တရာယ် အလွန်ကြီးမားသည့်အချက်ကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များအား လုံလောက်စွာ အသိပေးခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သည့် အချက်ကြောင့် ယူကျုံးမရ ဖြစ်ခဲ့ရသည်ဟု ပြောဆိုသည်။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင်နေထိုင်သူ ၁သိန်း ၄ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။
ဦးထွန်းလွင်က “မိုးလေ၀သ သတိပေးချက်ဟာ အသုံးပြုသူတွေဆီရောက်ရမယ်၊ နားလဲလည်ရမယ်။ လိုက်နာဆောင်ရွက်ရမယ်။ အဲလိုမဟုတ်ရင် ဘယ်လောက်မှန်ကန်တဲ့ ကြိုတင်သတိပေးချက်ဖြစ်ပါစေ ဘာမှ အသုံးမကျတော့ဘူး´´ဟု နာဂစ်မုန်တိုင်း အဖြစ်ကိုရည်ညွှန်းပြီးပြောဆိုသွားခဲ့သည်။
ယနေ့ပြုလုပ်သည့်ပွဲတွင် သောကြာနေ့ ညနေက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ မြန်မာနိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် ဂီရိဟုအမည်ပေးထားသည့် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ရှင်းလင်းပြောပြသွားခဲ့သည်။ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ကျောက်ဖြူမြို့ အထက်မှ ကျော်ဖြတ်စဉ် တနာရီ ၉၁ မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ သိရသည်ဟုလည်း ပြောဆိုသည်။
အဆိုပါမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နာရီ မိနစ်နဲ့အမျှ အသိပေးသွားနိုင်ဖို့အတွက် မုန်တိုင်းဝင်ရောက်ခါနီး အချိန်များတွင် နေ့မအိပ်ညမအိပ် အချက်အလက်စုဆောင်းပြီး ၀က်ဆိုက်ပေါ်ရေးသားတင်ပေးခြင်း၊ မီဒီယာများမှ မေးမြန်းသည်တို့ကို ဖြေကြားပေးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်လည်း မုန်တိုင်း ထပ်မလာတော့ဟု တပ်အပ်မပြောနိုင်သော်လည်း ယခုနှစ် ရာသီဥတုပုံစံအရ နောက်ထပ် မုန်တိုင်း ၃ လုံးအထိဝင်ရောက်နိုင်ခြေရှိ သေးသည်ဟုလည်း ဦးထွန်းလွင်ကပြောဆိုသည်။
ဦးထွန်းလွင်လွှင့်တင်ထားသည့် ၀က်ဆိုက်လိပ်စာမှာ http://www.tunlwin.com နှင့် http://tunlwinclimatewatch.info တို့ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts