>Cyclone Giri entering into Rakhine State of Burma with 120 mph

>

အပူပိုင်း ဆိုင်ကလုံး ဂီရိ Giri ရခိုင် ကမ်းရိုးတန်းသို့ဖြတ်ကျော်ပြီ

မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၂၊ ၂၀၁၀
မနေ့ကတည်းက သတိပေးချက် ထုတ်ပြန်ထားတဲ့  ဂီရိ အမည်ရှိသည့် ဆိုင်ကလုံး မုန်တိုင်း ဟာ ယနေ့ည ၇နာရီကျော်မှာ ရခိုင်ကမ်းရိုးတန်းရှိ ကျောက်ဖြူမြို့ရဲ့ မြောက်ဘက် ၁၅ မိုင်အကွာမှ ကုန်းတွင်း ၀င်ရောက်ခဲ့ပြီလို့ အစိုးရ ရေဒီယိုနဲ့ ရုပ်သံ၊ အက်ဖ်အမ်များမှာ သတိပေးကြေညာနေပါတယ်။
အဆိုပါ မုန်တိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းဆီ နီးကပ်လာတဲ့အချိန်မှာ ပြင်းထန်မှု အဆင့်အားဖြင့် ၄ သို့ရောက်ရှိခဲ့ပြီး တနာရီ လေတိုက်နှုန်း ၁၀၀ မိုင်ကနေ တခါတရံ ၁၂၀ ထိရှိတဲ့အထိ ပြင်းထန်လာခဲ့တယ်လို့ မိုးလေ၀သ ဌာနရဲ့ ထုတ်ပြန်ကြေညာချက်များအရ သိရပါတယ်။
မုန်တိုင်းကုန်းတွင်းသို့ ၀င်ရောက်ခဲ့တဲ့ နေရာဟာ ကျောက်ဖြူမြို့အထက်ဘက် နောင်တော်ကြီးကျွန်း၊ သဇင်ကြီးကျွန်းနဲ့ ကျွန်းသာယာကျွန်းများ အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းပေါ်မှာတော့ မြေပုံနဲ့ အမ်းမြို့များမှ ဖြတ်ကျော်လိမ့်မယ်လို့လည်း ကြေညာချက်တွေမှာ ပါရှိပါတယ်။  အဆိုပါဒေသရဲ့ ကမ်းရိုးတန်းတလျှောက်မှာနေထိုင်သူတွေ အနေနဲ့ မုန်တိုင်းဒီရေ ၁၂ ပေအထိ တက်နိုင်လို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ကိုလည်း သတိပေးကြေညာချက်မှာ ပါရှိပါတယ်။
အခုလို အင်အားပြင်းထန်လှတဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေကြေ ပျက်စီးမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ယခုချိန်ထိ ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးသလို အတည်ပြုနိုင်တဲ့ သတင်းများလည်း ထွက်ပေါ်ခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့မှ စစ်တွေမြို့ဆီ ဖုန်းဆက်သွယ်ဖို့ကြိုးစား သော်လည်းဖုန်းလိုင်းတွေ ခေါ်ဆိုရခက်ခဲနေပြီး ပျက်စီဆုံးရှုံးမှု ယခုချိန်ထိ သတင်းတွေမရရှိသေးပါဘူး။
          အစိုးရရဲ့ မိုးလေ၀သဌာနမှ ထုတ်ပြန်ကြေညာချက်များအရ မုန်တိုင်း ကုန်းတွင်းဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးသည်းထန်နိုင်ပြီး မြေပြိုမှု အန္တရာယ် ရှိနိုင်ပြီး သတိပြုရမယ့် အချက်တွေကိုပါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သတိပေး ထုတ်ပြန်ချက်တွေကို နာရီဝက်တကြိမ်လောက် ကြေညာပေးနေခဲ့ပြီး ယခင်နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်ကနဲ့ မတူပဲ အချက်အလက် ပိုမိုပြည့်စုံတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
          သို့ပေမယ့် မုန်တိုင်း မတိုက်ခတ်မီ အဆိုပါဒေသမှာ အနရာယ်ရှိတဲ့ နေရာများမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ လုံလောက်တဲ့ သတိပေးမှု ရှိမရှိနဲ့ ရွှေ့ပြောင်းဖို့ စီစဉ်ဆောင်ရွက်ပေးခြင်း ရှိမရှိဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
          ရွေးကောက်ပွဲ ကျင်းပဖို့ ၂ပတ်သာသာမျှ လိုတော့တဲ့ အချိန်မှာ ယခုလို ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်က အခြေခံဥပဒေကို အတည်ပြုမယ့် ဆန္ဒခံယူပွဲ မတိုင်မီ ၁၀ ရက်အလိုမှာ ဆိုင်ကလုန်း နာဂစ် ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့ကို ၀င်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က ဆန္ဒခံယူပွဲ ကျင်းပခါနီးတာကြောင့် လူထု အထိတ်တလန့်မဖြစ်ရအောင် မုန်တိုင်း သတိပေးချက်ကို လျော့လျော့ပေါ့ပေါ့ ကြေညာခဲ့တယ်လို့လည်း အကဲခတ်သူတချို့က ယုံကြည်ခဲ့ကြပါတယ်။ 

          မုန်တိုင်း သတိပေးချက် ထုတ်ပြန်ကြေညာနေခြင်းနှင့် မိုးသည်းထန်ခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်ပင် ယနေ့မွန်းလွဲပိုင်းနောက်ပိုင်း အငှားကားများ အထွက်နည်းတာကြောင့် ကားငှားရ ခက်ခဲခဲ့တယ်လို့လည်း မြို့ခံတဦးကပြောပါတယ်။ အရင်နာဂစ်မုန်တိုင်းတုန်းက တနာရီမိုင် ၅၀ ကျော်ပဲကြေညာခဲ့တာ ဒီနေ့က တနာရိမိုင် ၈၀ လို့ကြေညာသွားလို့ တချို့ကားသမားတွေ စိုးရိမ်ပြီး
အိမ်ပြန်ကုန်ကြတယ်လို့ အငှားကားမောင်းသူတဦးကပြောပါတယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts