>Maung Lu Yay – Blessing in Burma 11

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၁
မောင်လူရေး
အောက်တိုဘာ ၂၂၊ ၂၀၁၀
ဓမ္မစရိယာမင်္ဂလာ = သမစရိယာမင်္ဂလာ ဟုလည်း မြတ်စွာဗုဒ္ဓမိန့်တော်ဟသည် ။
 ဓမ္မ=တရားရမည်၊ သမ=မျှရမည်ဟုဆိုလိုသည် ။
မိမိ၏လုပ်ဆောင်ချက်၊ ပြောဆိုမှု၊ ကြံစည်မှုတိုင်းသည် ကိုယ့်ကျိုးသူ့ကျိုးညီမျှအောင် စရိယ=ကြိုးစား အားထုတ်ခြင်းမင်္ဂလာ ဟူလို။
ပြုလိုက်မိသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့နှင့် လောင်မြိုက်ပြီး မှောင်မိုက်မနေရအောင် ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ သုစရိုက်တရားကို ကျင့်ပါလေဟုလည်း လင်္ကာက သင်ပါသည်။
သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်များ
အောက်ပါစိတ်အကြံမျိုးကို အဓိတ်လည်း မဋ္ဌာန်ပါလေနှင့်။ ကိုယ်နှင့်လည်း မလုပ်၊ နှုတ်နှင့်လည်း မဆိုပါလေနှင့်။
လူစိမ်းတစ်ယောက် အိမ်ထဲဝင်ပြီး အကူအညီတောင်းခံတာကို လက်ခံမိလျှင် ထောင်ဒဏ် ၃ နှစ်ကျခံရမည်ဆိုသဟာမျိုးသည် မကြံစည်အပ်၊ မပြောဆိုအပ်၊ မလုပ်ဆောင်အပ်ပေ ။ ( ဥပမာ ဂျွန်ယက်ထောအမှု )။ ဤကား ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးမြင်ကွင်းထဲက ပျောက်ကွယ်သွားအောင် ရွေးကောက်ပွဲဝင်ခွင့် မရအောင် ပြုမူမှုပေါင်းများစွာထဲက တစ်ခုသာဖြစ်သည်။ ဤရွှေဝါပြည်လို ဗုဒ္ဓဘာသာရောင်ဝါနေသို့ ထွန်းသည့်နိုင်ငံမဆိုထားနှင့် ဘယ်တိုင်း ဘယ်ဘုံ ဘယ်တိရစ္ဆာန်ရုံမှာမှ မရှိသင့်သော စိတ်နေစိတ်ထားဖြစ်ချေ သည် ။ ကျွန်ုပ်တို့အဖို့မှာမူကား ကမ္ဘာမှာ မြန်မာဟေ့ဟုပင် ပြောရဲစရာမရှိတော့ပေ။
မြန်မာ့အဖြစ်သည် သေးသိမ်ယုတ်ညံ့သေးနုပ်စုတ်ပဲ့နူဝဲလွန်းသည်။
ရွှေဝါပြည်တွင် ဤသို့သော လူ့ငလေတွေထုတ်သည့် ဥပဒေစုတ်တွေ များစွာထွန်းကားနေချေဘိသည်။
အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ဖခင်ကိုယ့်ကျေးဇူးရှင်ကြီး၏သမီး သို့မဟုတ် မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖျက်ခွဲနိုင်သော၊ မြန်မာနိုင်ငံတော်အတွက် အနစ်နာခံနိုင်လွန်းသော၊ မြန်မာတွင်မက ကမ္ဘာကပါတန်ဖိုးထားလေးစားသော တတိုင်းတပြည်လုံးက ချစ်ခင်နှစ်သက်ကြသော အမျိုးသမီးတစ်ဦးအပေါ် မနာလိုဝန်တိုစိတ်ကြီးလွန်းလှသည့် အသက်၇ဝ ကျော် စစ်သားရင့်မကြီး၏ မရင့်လှသော၊ မတင့်လှသော၊ မသင့်လှသော၊ မဝင့်လှသော အာဏာ့ထုပ္ပတ်၊ လွန်ယုတ်ပတ်သည့်၊ လုပ်ဇာတ်များကား မြှုပ်သတ်၍ပင် ကုန်မည်မထင်။ ၇ဝ ကျော် စစ်သည်ကျော်၏ မလျော်သည့်အကြံတို့ကား ရှည်လျားထွေပြား မနေမနား တသွားထဲသွားနေဆဲ ။ သူ့ဆရာချိုင်းနိတို့၏တံတိုင်းမဟာထက်ပင် ပိုမဟာသေးတော့၏ ။
အခြေခံဥပဒေ၌ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲ သမ္မတလုပ်၍ရမည်ဟု ကိုယ့်အတွက်လိုရမယ်ရ ထဲ့ထား ရချေသေးရာ အဲဒီနေရာက ဒေါ်စုဝင်လာနိုင်သည်ထင်၍လားမသိ၊ မဝင်သာအောင် အပေါက်ဖာထားသည့် အောက်ပါသမ္မတအရည်အချင်းကို စစ်သားအိုကြီးဆိုတိုင်း  ထိုဟာနှင့်မနာ ဟိုဟာနှင့်နာပါလေ။
အခန်း(၃)၊ ၅၉(စ)၌
” မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ” ဟူ၏။
တကယ်တော့ “အကြီးအကဲဟူသည် ဥပဒေက တင်မြှောက်ခြင်းမဟုတ် …” ဆိုသဟာလောက်တော့ သိသင့်သည်။ ပြည်သူက ကြည်ဖြူလျှင် မည်သူမဆို သမတဖြစ်နိုင်သည်၊ အကြီးအကဲဖြစ်နိုင်သည်၊ ခေါင်းဆောင်ဖြစ်နိုင်သည် ။
တိုင်းပြည်အတွက် ပြည်သူလူထုကြီးအဖို့ရာ နိုင်ငံတော့်အကျိုးအလို့ငှာ တိုင်းရင်းသားအားလုံးကိုရှေးရှု၍ ဘယ်ဂလောက်ပင် မစင်ရွှဲအောင် ကုန်း ရုန်း နေပါသည်ဆိုသော်ငြား ကလီကမာမူနှင့် မသတီစရာလူဆိုလျှင် ပြည်သူက မကြည်ဖြူပေ၊ သို့မို့ကြောင့်ရကား ကယ်ပါဦးဥပဒေရယ် (ဒုက္ခရောက်နေပါပြီ)၊ ကူပါဦးဥပဒေရယ် (မလူတော့ပါဘူး)၊ ကဲ့ပါဦး ဥပဒေရယ် (ပဲ့ကျဘို့လက်နှစ်လုံးဘဲ လိုပါတော့တယ်)၊  ကုပါဦးဥပဒေရယ်  (သေရတော့မှာပါ)၊ ကော်ပါဦး ဥပဒေရယ် (ချုံပေါ်ထိရောက်အောင်) ဆိုပြီး  “ဥပဒေ သူ့အမေမှတ်ပါလို့” လုပ်နေရပေပြီ။
ဤခရီးကား နီးလေပြီလတည်း ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts