>Storm Warning announced in Burma

>

မုန်တိုင်းမြန်မာနိုင်ငံတွင်း ၀င်ရောက်မယ်လို့ သတိပေးချက်ထုတ်ပြန်ထား
ဝင်းမြတ်၊ ရန်ကုန်
အောက်တိုဘာ ၂၁၊ ၂၀၁၀
          ယနေ့ မွန်းလွဲပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းမြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဆီ မနက်ဖြန်နံနက်မှာ ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ မုန်တိုင်းသတိပေးချက်မှာ ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။ ကုန်းတွင်းသို့ ၀င်ရောက်တဲ့အခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့အကြားမှ ၀င်ရောက်လိမ့်မယ်လို့ မိုးလေ၀သထုတ်ပြန်ချက် အရသိရပါတယ်။
          လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ်သို့ လွန်ခဲ့တဲ့ ၂ ရက်ကရောက်ရှိခဲ့ပြီး အရှေ့မြောက်အရပ်ဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဆီ ဦးတည်နေတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် မုန်တိုင်းဟာ လိမ္မော်ရောင် အဆင့်သာရှိပြီး လေတိုက်ခတ်နှုန်းမှာလည်း တနာရီ မိုင် ၄၀ ကျော်ဝန်းကျင်ရှိတယ်လို့ ဖေါ်ပြထားတဲ့အတွက် အခြားသော ပြင်းထန်အားကောင်းတဲ့ မုန်တိုင်းတွေနဲ့ နှိုင်းစာရင် အားပျော့တယ်လို့ ဆိုနိုင်ပါတယ်။
ရန်ကုန်မြို့နဲ့ အခြားမြို့ကြီး အချို့မှာ လွန်ခဲ့တဲ့ အင်္ဂါနေ့ကတည်းက နေ့စဉ် မိုးသည်းထန် စွာရွာလိုက် ဖွဲဖွဲရွာလိုက် ၊ ရပ်နားလိုက်ရှိနေခဲ့ပြီး လေပြင်းတိုက်ခတ်တာမျိုးတော့ မတွေ့ရဘူးလို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက်ပိုင်း မုန်တိုင်းသတိပေးချက် ထွက်ပေါ်တိုင်း လူထုအကြား အချင်းချင်း ဖုန်းဆက် သတိပေးတာ၊ အီးမေးလ်များနဲ့ အသိပေးတာတွေ ပိုပြီးလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။
နာဂစ်မုန်တိုင်း မတိုက်ခတ်မီကလည်း မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို လူထုနားလည်အောင်၊ ပြင်းထန်အားကောင်းတဲ့ ဆိုင်ကလုန်း အဆင့်မုန်တိုင်းကြီး ဖြစ်တာကြောင့် ဒေသခံတွေ သိရှိအောင် ကြေညာဖို့၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ စစ်အစိုးရဘက်က ပျက်ကွက်ခဲ့ပြီး မုန်တိုင်း တိုက်ခတ်ပြီးမကြာခင် ပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ အခြေခံဥပဒေ ဆနခံယူပွဲကိုထိခိုက်မှာ စိုးတာကြောင့် မုန်တိုင်း သတိပေးချက်ကို လျော့လျော့ပေါ့ပေါ့ ကြေညာခဲ့တာလို့ မိုးလေ၀သ ပညာရှင်တွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။ လူတစ်သိန်း ၃သောင်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံသမိုင်းနဲ့ အရှေ့တောင်အာရှ သမိုင်းမှာ အသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် တခုဖြစ်ခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts