>Letters from Michigan – 31

>

မစ်ရှီဂန်မှပေးသောစာ(၃၁)
အောင်ဝေး
အောက်တိုဘာ ၂၀၊ ၂၀၁၀“—နအဖရဲ့ ဒီအနုပညာလုပ်ကြံမှုကို ကျနော်တို့ ဆန့်ကျင်ပစ်ရမှာပဲ။ မီးတိုက်ပစ်ရမှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။ ဝင်ပါမိတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း မီးသင့်ရင် သင့်မှာပဲ—”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ကျနော်တို့ အခု အခြေအနေ အကြောင်းကြောင်းကြောင့် အဝေး ရောက်နေရတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ခွပ်ဒေါင်းအလံထောင်ပြီး ကိုယ့်တိုင်းပြည် ပြန်ရမှာပဲ လို့အိမ်လွမ်းစိတ်နဲ့ ကျနော်တို့ ချီတက်နေကြတယ်။

အိမ်လွမ်းစိတ် ဆိုတာလည်း ဓားလှံလက်နက်လိုပဲ အမြဲ ထက်နေအောင် သွေးနေရတယ် ကိုဒေါင်း။ အဲဒီလို အိမ်လွမ်းစိတ်ဓားကို သွေးနေတဲ့ အချိန်တိုင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆုံးမစကား တစ်ခွန်းကို ကျနော် အမြဲ သတိ ရရနေပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၈ ကုလား-ဗမာ အဓိကရုဏ်းဖြစ်တော့ ဆရာကြီးမှိုင်း ရေးလိုက်တဲ့ လေးချိုးကဗျာက- “စကားအကြွေး မမောက်ကြပါနဲ့၊ ကုလား အရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာ မထင်လို့၊ အားပေးအားမြှောက် မပါချင်” တဲ့။

ဒီတုန်းက အိန္ဒိယနိုင်ငံရော၊ ကျနော်တို့ မြန်မာပြည်ပါ၊ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့ အတူ ရုန်းကန်နေရတဲ့ အဖိနှိပ်ခံ ဘဝတူ ကိုလိုနီ နိုင်ငံတွေပါ။ အဖိနှိပ်ခံ အချင်းချင်း ရန်မဖြစ်နဲ့၊ ပဋိပက္ခ္မမဖြစ်နဲ့၊ စိတ်ဝမ်းမကွဲနဲ့ ။ အဖိနှိပ်ခံ ကိုလိုနီ ပြည်သူအချင်းချင်း စည်းလုံး ညီညွတ်ဖို့၊ ယိုင်းပင်း ကူညီဖို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆုံးမ လမ်းညွှန်ခဲ့တာ မဟုတ်လား ကိုဒေါင်း။

အခုအချိန်ဟာက ကျနော်တို့ တိုင်းပြည်မှာ ငယ်ထိပ်မြွေပေါက် အခြေအနေ ရောက်နေပြီ။ နအဖစစ်အုပ်စုက သူတို့ တစ်ဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲရက်ကို ကြေညာလိုက်ပြီ။ ကျနော့် သဘောကတော့ ဒီအချိန်မှာ နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့က လွဲလို့ တခြား အရေးကြီးတဲ့ ကိစ္စ ဘာမှမရှိဘူး ဆိုတာပဲ ကိုဒေါင်းကြီး။ ဒီတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရမယ့် အလုပ်က လွဲပြီး တခြား ဘာအရေးမှ ဓားသွေးစရာလို့ ကျနော် မမြင်ပါဘူး။

ခက်တာက၊ ဓား ချော်သွေးနေတာမျို၊ ဆိုပါတော့၊ ပြည်တွင်းမှာ ဖြစ်သွားတာ တစ်ခု။ ကျနော်တို့ စာနယ်ဇင်းသမားတွေ ရုပ်ရှင်မင်းသမီး တရားစွဲဖို့ ကိစ္စမှာ စိတ်အား ထက်သန်နေကြတယ်။ ရုပ်ရှင်မင်းသမီး ရုံးတင် တရားစွဲမယ့် အရေးမှာ မကျေမချမ်း ငြာသံပေး ဟစ်ကြွေးနေကြတယ်။ ရုပ်ရှင်မင်းသမီးကို ဘုံရန်သူ ထင်ပြီး အလံထောင် တိုက်နေကြသလိုပဲ။

စာနယ်ဇင်းသမား၊ စာနယ်ဇင်းဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ရေးလို့ အကျယ်ကြီး အော်ပြီး သိပ်ကို စုစည်း ညီညွတ်နေကြပုံရတဲ့ ကိုယ့်လူတွေ၊ ဆရာဟိန်းလတ်ကို မြောက်ကိုရီးယား သံရုံးက ဝင်ရောက် စီးနင်းတိုက်ခိုက်တဲ့ ကိစ္စမှာတော့၊ ချစ်လှစွာသော ကိုယ့် စာနယ်ဇင်း အသိုင်းအဝိုင်းဆီက ဘာသံကလေးမှတောင် မကြားလိုက်ရပါလား ကိုဒေါင်းရဲ့။

စာနယ်ဇင်းသမား၊ စာနယ်ဇင်းသိက္ခာ ကာကွယ်စောင့်ရှောက်ဖို့ ရုပ်ရှင်မင်းသမီးကို ရုံးတင် တရားစွဲတယ် ဆိုရင်၊ အခုကိစ္စ၊ ဆရာဟိန်းလတ် စော်ကားခံရတဲ့ ကိစ္စမှာ ပိုပြီးတော့တောင် လက်သံပြောင်ပြောင်နဲ့ ကိုယ့်ဆရာ စာနယ်ဇင်းသမားတွေက မြောက်ကိုရီးယားသံရုံးကို ရုံးတင် တရားစွဲသင့်ပေတာပေါ့ဗျာ။ နို့ မဟုတ်ဘူးလား ကိုဒေါင်းရဲ့။

အဲဒီလို ရုပ်ရှင်မင်းသမီး အရေးလောက်မှာ တစ်နေကုန် ဓားထိုင်သွေးရင်း ဘုံရန်သူ ပျောက်သလို ဖြစ်သွားတဲ့ ကိုယ့်လူတွေ၊ အခုအချိန်ဟာ တိုင်းပြည်မှာ အလွန့်အလွန်ကို အရေးကြီး သွေးစည်းရမယ့် အခြေအနေ ရောက်နေပြီဆိုတာ ကျနော်က တပ်လှန့် သတိပေးချင်တာပါ ကိုဒေါင်း။

နောက်တစ်ခုက၊ ပြည်တွင်းမှာ နအဖ စစ်အစိုးရ ဝါဒဖြန့် ပေါ်လစီ ရုပ်ရှင်ဇာတ်ကား ဝင်ရိုက်မိတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ပြည်ပဖြေဖျော်ရေး ခရီးစဉ်တွေမှာ အကြီးအကျယ် ဝိုင်းဝန်း ရှုတ်ချ ဆန္ဒပြခံနေရတဲ့ ကိစ္စ။

ဆန္ဒပြတဲ့ သူတွေကို ကျနော် ထောက်ခံပါတယ်။ ဆန္ဒပြသူတွေရဲ့ ရင်ထဲက နှမျောတသ ယူကျုံးမရတဲ့ ခံစားချက်ကို ကျနော် နားလည်ပါတယ်။ မြန်မာ ရုပ်ရှင် သရုပ်ဆောင်တွေ အင်္ဂလန်မှာ၊ အမေရိကားမှာ ဆန္ဒပြခံရတယ် ဆိုတာကို တခြားနိုင်ငံ၊ တခြားလူမျိုးခြားတွေက နားလည်ချင်မှ လည်ကြမှာပါ။

ကျနော်တို့ မြန်မာပြည်သူတွေအဖို့တော့ ဒါ ရင်နာစရာ၊ အသည်းနာစရာ ကိစ္စပဲ။ ဘယ့်နှယ် ကိုယ် ချစ်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေက ကိုယ့်ကို မတရား ဖိနှိပ် အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့် ယန္တရားထဲမှာ ဝက်အူတွေ၊ ခွေးသွားစိတ်တွေ၊ မူလီတွေအဖြစ် ဝင်ပါကြတယ် ဆိုတာ။ ဒါဘယ်လောက်တောင် ရာဇဝင်ရိုင်းလိုက်သလဲ ကိုဒေါင်း။ နောက်ဆုံး ပွက်လောရိုက်သွားတဲ့ ဒါရိုက်တာ တင်သန်းဦးရဲ့ မုသာဝါဒ ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို အကြီးအကျယ် အသရေ ဖျက်ထားတယ်။ သမိုင်းအမှန်ကို ထိမ်ချန် ဖုံးကွယ်ထားတယ်။ ဒါ စစ်အုပ်စုရဲ့ လုပ်ကြံမှုပဲ။ ကျနော်တို့ ဘယ်သူမှ ခေါင်းငုံ့ မခံနိုင်ဘူး။ မှားယွင်းတဲ့ အနုပညာသွေးဆောင်ဖြားယောင်းမှုတွေကို ပုန်ကန်ဖို့ ကျနော်တို့ ပြည်သူတွေမှာ အခွင့်အရေးအပြည့်အဝရှိတယ်။ နအဖရဲ့ ဒီအနုပညာလုပ်ကြံမှုကို ကျနော်တို့ ဆန့်ကျင်ပစ်ရမှာပဲ။ မီးတိုက်ပစ်ရမှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။ ဝင်ပါမိတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း မီးသင့်ရင် သင့်မှာပဲ။ မတတ်နိုင်ဘူး ကိုဒေါင်း။

သစ်တောကြီး တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေတဲ့ အချိန်မှာ နှင်းဆီပန်းကလေးတစ်ပွင့် ကြွေသွားတာကို ကျနော်တို့ နှမျောတသ ငိုကြွေးနေလို့ မရတော့ဘူး။

မကြာခင် နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းတွေ၊ သီချင်းတွေ ထွက်လာရင်၊ ဒီရုပ်ရှင်မင်းသား မင်းသမီးတွေ၊ ဒီအဆိုတော်၊ ဒီသီချင်းရေးဆရာတွေ၊ ဝင်ရောက် သရုပ်ဆောင်ကြဦးမှာလား၊ ပါဝင် ရေးသား သီဆိုကြဦးမှာလား။ အနုပညာရှင်တွေ ပြည်သူ့ မျက်နှာကြည့်၊ စဉ်းစားဖို့ ကောင်းပါပြီ။
အားလုံးကို သတိရလျက်-

အောင်ဝေး(သြဂုတ်၁၇-၂ဝ၁ဝ)

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts