>Citizen of Burma (San Francisco) will join with community to celebrate Kahtina Pwe in Metta Nanda Monastery Event

>

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်စစ္စကိုအဖွဲ့က မေတ္တာနန္ဒကထိန်ပွဲမှာ ကုသိုလ်ပြုကြမည်
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၂၀၊ ၂၀၁၀
လာမယ့် အောက်တိုဘာ၊ ၃၁၊ တနင်္ဂနွေနေ့ မနက် ၉း၃၀ ကနေ နေ့လည်ခင်းအထိ ကျင်းပမယ့် ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ဘုန်းကြီးကျောင်းကထိန်ပွဲမှာ ပြည်သူ့ဂုဏ်ရည်အသင်း (ဆန်ဖရန်စစ္စကိုဘေးဧရိယာ) ကလည်း စမူဆာနဲ့ လဘက်ရည် အလှူနဲ့ ၀င်ရောက်ကုသိုလ်ပြုကြမယ် လို့ သိရပါတယ်။ ပြည်သူ့ဂုဏ်ရည် (ဆန်ဖရန်)ရဲ့ လုပ်အားပေးလူငယ်အဖွဲ့မှာ ဘုန်းတော်ကြီးကျောင်းရဲ့ ဝေယျာဝစ္စကို ၀ိုင်းဝန်းဆောင်ရွက်တဲ့ လူငယ်များ ပါဝင်တဲ့အတွက် အခုလို ကုသိုလ်ပြုပွဲမှာ ၀င်ရောက်ဆင်နွဲနိုင်အောင် စီစဉ်ပေးနိုင်တာလို့ သိရပါတယ်။
မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်ဟာ ဆန်ဖရန်ဘေးဧရိယာရဲ့ မြန်မာကွန်မြူနီတီမှာ လူမျိုး၊ ဘာသာမရွေး ၀င်ထွက်သွားလာရာ၊ သာရေး နာရေးများ၊ မြန်မာ့အရေးကိစ္စများ စုဝေးတိုင်ပင်ရာ နေရာအဖြစ် ထင်ရှားတဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ လူကြီး၊ လူငယ် ကလေးသူငယ် အရွယ်စုံအတွက် မြန်မာကွန်မြူနီတီစင်တာ တခုလို ဖြစ်နေတယ်လို့ ဖရီးမောင့်မြို့ခံ မြန်မာများက ဂုဏ်ယူတဲ့ ကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။
အခု နှစ်စဉ်ကျင်းပနေကြ ဘုန်းကြီးကျောင်း ကထိန်ပွဲတော်ကို မြန်မာအမေရိကန်ဗုဒ္ဓဘာသာအသင်းနဲ့ အလှူရှင်များ စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။ ဧည့်သည်များက ဘုန်းကြီးကျောင်းနဲ့ သာသနာပြုလုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေးအတွက် ကထိန်သင်္ကန်းများ ၀ယ်ယူဆက်ကပ် လှူဒါန်းကြပြီး၊ အလှူရှင်များက မြန်မာ့ရိုးရာနဲ့ အာရှရိုးရာ အစားအစာများ ပြန်လည်ပြီး ကျွေးမွေးဒါနပြုကြတဲ့ အခမ်းနားတခု ဖြစ်ပါတယ်။ စုပေါင်းပဒေသာပင် ထူထောင်ပြီးတော့လည်း ဘုန်းကြီးကျောင်း ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြဖို့ အလှူခံနေတယ်လို့ ဆိုပါတယ်။
အခုလို မြန်မာပြက္ခဒိန်ရဲ့ ၀ါကျွတ်ချိန် ဖြစ်တဲ့အတွက် ဘေးဧရိယာက မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ ရန်ပုံငွေအတွက် ကထိန်ပွဲတွေ ကျင်းပကြတော့မှာ ဖြစ်ပါတယ်။ ဥက္ကလံမြို့၊ ဖရီးမောင့်မြို့၊ ဆန်တာခရူးဇ်တောင်ကြား၊ ဒေလီးစီးတီးမြို့နဲ့ ဟတ်ဖ်မွန်ဘေးမြို့တွေက မြန်မာဘုန်းတော်ကြီးကျောင်းတွေက ကထိန်ပွဲတွေကို မြန်မာမိသားစုတွေအားလုံး သွားရောက်ပြီး လှူဒါန်းကြ၊ မြန်မာ့ရိုးရာအစားအစာတွေ ကျွေးမွေးကြနဲ့ အလွန်ပျော်ရွှင်ဘွယ် ဖြစ်တယ်လို့ သိရပါတယ်။
(ဓာတ်ပုံ – ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရ ကထိန်ပွဲ ဖိတ်ကြားလွှာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts