>Maung Lu Yay – Blessing in Burma 10

>

မင်္ဂလာနှင့် နိုင်ငံရေး  – ၁၀
မောင်လူရေး
အောက်တိုဘာ ၁၉၊ ၂၀၁၀
ဒါနမင်္ဂလာ ။ သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေသတည်းမင်္ဂလာဖြစ်၏ ။
စေတနာလေး ဖြူပြီး စင်ကာ လန်း၍ ပေးရ ကမ်းရ ဝေရ မျှရ လှူတန်းရမည်ဆိုလျှင် ကြည်မွေ့ဘွယ် ဘယ်မျှ ကောင်းချိမ့်မည်နည်း ။
ရွှေဝါပြည်သည် ဖေါ်ရွေသောပြည်ဟု နိုင်ငံခြားသားတို့ လှိုက်လှိုက်လှဲလှဲထောမနာကြသည်မှာ ဒါန၏အသွေး အရည်တို့ ဖွေးကြည်နေသောကြောင့်သာ ။
ယနေ့ရွှေဝါပြည့်ဒါနတို့ကတော့ စာသဖို့ပင် ခက်ကချေပြီ။
ဒါနသည် မျိုးစိတ်များစွာ ပွားကုန်လေပြီ။ တက္ကသိုလ်၌ ဘာသာရပ်တစ်ခုအဖြစ်  ပါရဂူလွန်တန်းအထိ ပြဌာန်း သင့်လေပြီ ။
ပမာဆိုရသော် ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်စဉ်က စေတနာဒါနဟုသာရှိခဲ့၏။ ယခု “သေနာဒါန” ဆိုသဟာလည်း ရှိပချေလေပြီ။
အရင်ကဓမ္မဒါနသာ၊ အခု “ဓားမဒါန” တိုးလာပြီတည့် ။
အရင်က ကာလဒါန၊ အခုကား “ကာလနာဒါန” ဟူလတည်း ။ 
အရင်က ပူဇာဒါန၊ အခု “ပူဆာဒါန” စသည်ဖြင့် ပုံ မတူ တတူတွေ မျိုးပွားလာလေပြီ။ ယင်းတို့ကို မအေမတူ ဖအေကွဲ ဒါန များဟုလည်း ခွဲခြမ်းစိတ်ဖြာဆရာတို့ဆိုလေသည်။
မျိုးစိတ်သစ်ဒါနများကား မရေမတွက်နိုင်အောင် များလှဘိတောင်း ။ သိမှီသလောက်လေး ရေးပြပါမည်။ ဖြည့်စွက်တော်မူကြပါခင်ဗျား။
စားချင်၍ စွန့်လိုက်သည့် “ကြီးပွားရေးဒါန” ။
ပေးကမ်းခြင်းဖြင့် အောင်စေရာဟူသည့် “ရွေးကောက်ပွဲဒါန” ။
မိမိတာဝန်သာဖြစ်ကြောင်းဟု တခြောင်းခြောင်းအော်ဟစ် ကော်ခြစ်နေသဖြင့် ကောင်းမှုလိုက်ရသည့် “မောင်းထု ဒါန” ။
တန်ခိုးထက် အရာထမ်း အမှုထမ်းများကို အစာကမ်း အစုကမ်းရသည့် “လူ့သရမ်းဒါန” ။
အကြောင်းမကောင်းအပေါင်းမသင့်လျှင် အရောင်းဖင့်အဝယ်နှေး အလွယ်လေးခွေးဖြစ်ပြီး အကြောင်းကောင်း အပေါင်းသင့်လျှင်လည်း အရောင်းမြင့်ကာ အလွယ်လေးသူဌေးဖြစ်ကင်းနီးသည့် “ခမည်းခမက်သမီးသမက်ဒါန” ။
ခေတ်အားလျော်ညီစွာ သူများနည်းတူ ဟန်းဆက်လေး ခါးချိပ်ပြီး စကားလေးတဆိတ် ဘာသာလဝါ ပြောရဖို့အရေး ကမ္ဘာမှာ သြချလောက်အောင် သိန်းဆယ်ချီပေးရသည့် “ဂျီအက်စ်အမ်ဒါန”၊ “စီဒီအမ်အေဒါန” ။
မောင်စူးစမ်း ကိုကျော်ဝင်း နေဝင်းကြောင်တို့ စွတ်လှော်သဖြင့် အချွတ်အချော်တွေကို လွှတ်တော်ထဲမှာ ပြောလိုက်မည်စိတ်အကြံဖြင့် အရပ်ကလေးကိုမှအားမနာ အမတ်ကလေးပါဗျာလဲ လုပ်ချင်၊ အမတ်ကြေးငါးသိန်းလဲ ထုပ် မတင်နိုင်သမို့ မြင်ရသူမယားဇနီးမှာ မတ်ကြီးလျာအား မပြတ်ရေး နားကပ်ပေးရ “မတ်ဒါန” ။
ကြီးထက်ကြီးပြီး ကဲထက်ကဲသည့်အကြီးအကဲ အမနုဿလူ့ယက္ခများကို အိမ်တွင်းအိမ်ပ၊ အရံတွင်း အရံပ၊ ပြည်တွင်း ပြည်ပ နှစ်ဌာနတို့၌ အိုးအိမ်တည်ထောင်ဝမ်းစာရေးနှင့် အသက်မွေးဖို့အပြင် အတတ်ပါသင်ပေးရသည့် ရွှေပြည်လုံးပေါင်းစု “မကောင်းမှုဒါန” ။
ဒါနပါးလျား၊ ထားမချေမိ၊ ငါ့ဝန်ရှိမည်စိုး၍ ပေးလိုက်ရ ကမ်းလိုက်ရ လှူလိုက်ရ ဒါန်းလိုက်ရ ကူလိုက်ရ ပံ့လိုက်ရ ထောက်လိုက်ရ ပင့်လိုက်ရ စွန့်လိုက်ရ ကြဲလိုက်ရသည်မှာ အစဉ်အလာဘဂဝါဘုရာ့းရဲ့ မင်္ဂလာဒါနများမဖြစ် လေတော့ဘဲ မမင်ချင်ဘဲ မင်လိုက်ရသည့် “မ,မင်္ဂလာ” ဒါနများသာဖြစ်နေဘိချေတော့ပေတကား ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts