>Htain Linn – 80

>နိုင်ငံရေးနဲ့ စာပေအနုပညာ (၈ဝ)

သခင်ကိုယ်တော်မှိုင်း ပြောသော ပုံပြင်များ
ထိန်လင်း
အောက်တိုဘာ ၁၉၊ ၂၀၁၀

မတ်လ ၂၃ ရက်နေ့က မျိုးချစ်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပါ။ ဆရာကြီး ကွယ်လွန်ခဲ့တာ ဆယ်စုနှစ်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့ပေမယ့် ဆရာကြီးရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ရဆဲ၊ ဆရာကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆိုရဆဲဖြစ်ပါတယ်။ လူတစ်ယောက် မရှိတော့တဲ့အခါ သူနဲ့ပတ်သက်လို့ ဘယ်လောက် အမှတ်ရကြမယ်၊ ဘယ်လို ပြောဆိုကြမယ်ဆိုတာက အဲဒီလူ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လို ရပ်တည်ခဲ့တယ် ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ ဒီလို အချက်တွေကပဲ ဒီလူဟာ ကောင်းတဲ့လူလား၊ အများအတွက် အကျိုးဖြစ်စေတဲ့လူလား၊ အခွင့်အရေးသမားလား စတဲ့ သုံးသပ်မှုတွေနဲ့ မှတ်ကျောက်တင်ကြတာဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း အကြောင်းကို ပြောကြမယ်ဆိုရင် လွတ်လပ်ရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးကို ယုံကြည်သူ၊ မျိုးချစ်စိတ်ဓာတ် ထက်သန်သူ၊ မြန်မာမှုနဲ့ မြန်မာစာပေကို မြတ်နိုးသူ စသဖြင့် ကိုယ်စားပြုမယ့် ဂုဏ်ပုဒ်တွေက အများကြီးပါ။ ကုန်းဘောင်ခေတ်နှောင်းပိုင်းဖြစ်တဲ့ ပါတော်မူခေတ်ကနေ ကိုလိုနီခေတ်၊ လွတ်လပ်ပြီးစ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီနဲ့ မဆလ ခေတ်တွေ တလျှောက်လုံးက မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွေအတွင်း ရှင်သန်ဖြတ်သန်းခဲ့တဲ့အတွက်လည်း ပညာဉာဏ်၊ အတွေ့အကြုံ ဗဟုသုတတွေ ပြည့်နှက်သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လောက်ကစပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အတ္ထုပ္ပတ္တိစာအုပ်တချို့ အဟောင်းရော အသစ်ပါ ထွက်ရှိခဲ့တဲ့အတွက် စာဖတ်ပရိသတ်အဖို့ ဝမ်းသာစရာဖြစ်ပါတယ်။ ဒါကြောင့် အခုနှစ် ကျရောက်မယ့် ဆရာကြီးရဲ့မွေးနေ့အကြိုအဖြစ် အတ္ထုပ္ပတ္တိကို မပြောဘဲ ဆရာကြီးပြောကြားခဲ့တဲ့ ဗဟုသုတဖြစ်ဖွယ် ပုံဝတ္ထုများ အကြောင်း ပြန်လည်ဖော်ပြရင်း ဆရာကြီးကို ဂုဏ်ပြုချင်ပါတယ်။ ဒီအကြောင်းအရာများကတော့ ‘သခင်ကိုယ်တော်မှိုင်း တင်စားပြောကြားခဲ့သည့် ပုံပြင်များ’ဆိုတဲ့ စာအုပ်ထဲက အကြောင်းအရာများပဲ ဖြစ်ပါတယ်။

‘သခင်ကိုယ်တော်မှိုင်း တင်စားပြောကြားခဲ့သည့် ပုံပြင်များ’ ဆိုတဲ့ စာအုပ်ကို သခင်ဘမောင်က စုဆောင်းပြုစုခဲ့တာဖြစ်ပြီး ၁၉၆၈ ခုနှစ်မှာ ‘ဝင်းမော်ဦးစာပေဖြန့်ချိရေး’က ပထမအကြိမ်၊ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ်အဖြစ် ဗမာ့အမျိုးသမီးစာပေ က ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာကြီး တင်စားပြောဆိုခဲ့တဲ့ အကြောင်းအရာပုံဝတ္ထုတွေကို ခေါင်းစဉ် ၂၆ ခု ခွဲခြား ဖော်ပြထားပါတယ်။ ဒီပုံဝတ္ထုတွေဟာ ပုံပြင်တွေသက်သက်မဟုတ်ဘဲ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်အတွင်းက တကယ့်အဖြစ်အပျက်တွေကို သူ့ခေတ်မှာ ကြုံတွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆရာကြီး ပုံခိုင်းပြောဆိုခဲ့တဲ့ အကြောင်းအရာများထဲမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်တဲ့အရာတွေပါဝင်ပြီး မန္တလေးအကျဉ်းထောင်ထဲမှာ အကျဉ်းကျစဉ် ရေးသားပြုစုခဲ့တဲ့အကြောင်း စာအုပ်ရဲ့ နိဒါန်းမှာ သခင်ဘမောင်က ဆိုပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြောကြားချက်တွေကို စကားပြောပုံစံနဲ့ ရေးသားပြီး အကြောင်းအရာ အဖြစ်အပျက်တွေကိုတော့ စာဟန်နဲ့ ရေးသားတင်ပြထားပါတယ်။ တချို့ အကြောင်းအရာများမှာတော့ ဆရာကြီးရေးသားခဲ့တဲ့ ကဗျာတွေကိုပါ ဖော်ပြထားပါတယ်။

ဆရာကြီးပြောတဲ့ ပုံပြင်တွေက ဘယ်လိုပုံပြင်တွေလဲဆိုတာ သိရဖို့ ရှင်ဘုရင်လုပ်သူ ထီးနန်းအသစ် တည်တဲ့အခါ ပြည်သူတွေဒုက္ခရောက်ရတဲ့အတွက် ဘယ်လိုစိတ်ခံစားချက်တွေ ဖြစ်နေရတယ် ဆိုတဲ့အကြောင်း ပြောဆိုချက်ကလေးကို ဖော်ပြလိုပါတယ်။ စာအုပ်ပြုစုသူ သခင်ဘမောင်က အဲဒီအကြောင်းအရာကို ‘ဘယ်မအေရိုးမှ မကောင်းပါဘူး’ လို့ ခေါင်းစဉ်ပေးထားပါတယ်။ မူရင်းဖော်ပြချက်အတိုင်း ပြောရတာမို့ စကားလုံးအသုံးအနှုန်း ရိုင်းစိုင်းသွားမယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။ ပုံနှိုင်းပြောဖို့ အကြောင်းဖန်လာပုံက ဒီလိုပါ။

အများသိကြတဲ့အတိုင်း ဆရာကြီးက ခေတ်ပေါင်းများစွာကို ကြုံတွေ့ဖြတ်သန်းလာသူဆိုတော့ အုပ်စိုးသူအဆက်ဆက် ဘယ်လိုအုပ်စိုးခဲ့တယ်ဆိုတာတွေကိုလည်း သိရှိသူဖြစ်ပါတယ်။ ဒီတော့ အတွေ့အကြုံအရ ဘယ်အစိုးရလက်ထက်မှာကောင်းပြီး ဘယ်အစိုးရလက်ထက်မှာ ဆိုးသလဲဆိုတာ ငယ်ရွယ်သူတွေက မေးတာပေါ့။ ဒီတော့ အခုလို ဥပမာပုံဝတ္ထုကလေး ပြောပြပါသတဲ့။

ဖြစ်ရပ်က မင်းတုန်းမင်း လက်ထက်မှာပါ။ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်မှာ ထီးနန်းစိုးစံရတဲ့ မင်းတုန်းမင်းဟာ မူလက ရွှေဘိုမှာ နန်းစိုက်ဖို့ရည်ရွယ်ခဲ့ပေမယ့် ဆရာတော်သံဃာတော်တွေနဲ့ ပညာရှိတွေက အမရပူရမြို့ကို ထီးနန်းစိုက်တာက ပိုပြီးသင့်မြတ်မယ်လို့ အကြံပြုတဲ့အတွက် ရွှေဘိုမှာ လအနည်းငယ် နေထိုင်ပြီး ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလမှာ အမရပူရမြို့ကို ပြောင်းရွှေ့ နန်းစံပါတယ်။ အမရပူရမှာ ၃ နှစ်လောက် နန်းစံပြီးပြန်တော့ မန္တလေးကို ပြောင်းရွှေ့နန်းစံပါတယ်။

မန္တလေးမြို့နဲ့ နန်းတော် တည်ဆောက်ရာမှာ ပစ္စည်းအသစ်တွေ သုံးသလို အမရပူရမြို့ဟောင်းက ပစ္စည်းတွေကိုလည်း ဆက်လက်သုံးစွဲပါတယ်။ ဒီတော့ ထီးနန်းအဆောင်အယောင်တွေ၊ ဘုရင် မိဖုရား သားတော် သမီးတော် နန်းတွင်းသူ နန်းတွင်းသားအသုံးအဆောင်တွေ စသဖြင့် ပစ္စည်းပစ္စယပေါင်းများစွာ ပြောင်းရွှေ့ရတာပေါ့။ ပြောင်းရွှေ့တဲ့ပစ္စည်းတွေကို ဆင်းရဲသား တောင်သူလယ်သမားတွေက လှည်းတွေနဲ့ အမရပူရကနေ မန္တလေးအထိ ပို့ပေးရတယ်။ ဒီလို သယ်ယူပို့ဆောင်ပေးတဲ့အတွက် ပို့ဆောင်ခအဖြစ် နန်းတော်ကြီးကနေ တနေ့ တစ်ကျပ်ခွဲ သတ်မှတ်ပေးပါတယ်။ ဒါပေမယ့် အာဏာရှိသူအဆင့်ဆင့် ဖြတ်တောက်ဖဲ့ယူလိုက်ကြတာ လှည်းသမားတွေက တစ်ကျပ်ခွဲ အပြည့်မရတော့ဘဲ တစ်ကျပ်ရတဲ့သူ ရ၊ ငါးမတ်ရသူရ ဖြစ်ကုန်သတဲ့။

ဒီလိုဖြစ်ရတဲ့အပေါ် ဆင်းရဲသား လှည်းသမားတွေက မကျေနပ်ပေမယ့် ကျယ်ကျယ်လောင်လောင်တော့ မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် ပြောကြပေမယ့် မင်းနားတစ်ထောင် ဆိုတဲ့အတိုင်း ရှင်ဘုရင်ဆီ အဲဒီသတင်း ရောက်သွားတာပေါ့။ ဒါကြောင့် အဖြစ်အပျက်မှန်သိရဖို့ အိမ်ရှေ့စံ ကနောင်မင်းက ရုပ်ဖျက်ပြီး ဆင်းရဲသားတွေဆီ သွားစုံစမ်းတယ်။

တနေ့တော့ မွန်းတည့်ချိန်လောက် ဆင်းရဲသားလှည်းသမားတွေ သစ်ပင်ရိပ်မှာ အနားယူနေတုန်း ရုပ်ဖျက်ထားတဲ့ အိမ်ရှေ့မင်းက သွားပြီး စကားစမြည် ပြောတယ်။ အဲဒီလို စကားပြောရင်း မြို့ဟောင်းကနေ ပစ္စည်းတွေသယ်ရတဲ့အကြောင်း ရောက်လာတော့ တနေ့ကို လှည်းခ ဘယ်လောက်ရသလဲလို့ မေးကြည့်တယ်။ အဘိုးကြီးတစ်ယောက်က နန်းတော်ကြီးက တစ်ကျပ်ခွဲပေးဖို့ အမိန့်ချထားပေမယ့် အများဆုံး ငါးမတ်အထိသာ ရတဲ့အကြောင်း ပြောပြတယ်။ ဒီတော့ အိမ်ရှေ့မင်းက “ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ”လို့မေးတယ်။ အဘိုးကြီးက အသက် ၇ဝ ရှိပြီလို့ပြောတော့ “ဘကြီးသက်တမ်းတလျှောက် ကြုံခဲ့ရတဲ့ ရှင်ဘုရင်တွေထဲမှာ ဘယ်ဘုရင်က ဆင်းရဲသားတွေအပေါ် ငဲ့ညှာထောက်ထားပြီး ဘယ်မင်းလက်ထက်မှာ တိုင်းသူပြည်သားတွေအပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့အပြုအမူတွေနဲ့ ဆိုးဆိုးဝါးဝါး အုပ်ချုပ်ပါသလဲ” လို့ မေးတယ်။

ဒီအခါ အဘိုးကြီးက မျက်နှာကြီး ရှုံ့မဲ့လိုက်ပြီး “အင်း မေးမှမေးတတ်ပလေ တူမောင်ရာ။ သူတို့ကြားအောင်တော့ မပြောရဲပါဘူး။ ဘကြီး တွေ့ခဲ့သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့။ မယားကြီး မယားငယ် မယားအမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ သြဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါပဲ။ တို့ ဆင်းရဲသား တောင်သူလယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘဝက မတက်ကြရပါဘူး” လို့ ပြန်ဖြေလိုက်ပါသတဲ့။

အဲဒီအကြောင်းကို ပြောပြပြီးမှ “အခုခေတ်မှာလည်း ဆရာ တွေ့ခဲ့ကြုံခဲ့ရသမျှ မင်း အစိုးရ ဆိုတဲ့အကောင်တွေဟာ အဲဒီဆင်းရဲသား လှည်းသမားကြီးပြောသလိုပဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထား လုပ်ကြတာ မတွေ့ရသေးပါဘူး” လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဖြေကြားခဲ့ပါတယ်။
ဒါကတော့ ဆရာကြီး ပုံခိုင်းပြောဆိုတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ နောင်အလျဉ်းသင့်တဲ့အခါ တခြားသော ပုံပြင်တွေကို ပြန်လည်တင်ပြပါ့မယ်။ ဆရာကြီး ပြောကြားခဲ့တဲ့ ပုံပြင်က ဗဟုသုတ ဖြစ်စေသလို တွေးတော စဉ်းစားစရာ ဖြစ်မယ်လို့ ယူဆမိပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၁၅၊ ၃၊ ၂ဝ၁ဝ)

မူရင်း – ဒီမိုကရက်တစ် မြန်မာ့အသံ DVB – http://burmese.dvb.no/textonly/

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts