>Thurain Htet’s Article

>

တံခွန်စိုက်လို့ လှူလိုက်ကြပါစို့ရဲ့
သူရိန်ထက်
အောက်တိုဘာ ၁၈၊ ၂၀၁၀

တကယ်တော့ အဲဒီနေ့က သူတို့အားလုံး လိုရာကို ချောချောမောမော ရောက်ရမယ့်နေ့ပေါ့။ နေ့ရက် လ အချိန်တွေအများကြီး အကုန်ခံ အပင်ပန်းခံပြီး ရင်းနှီးမြုပ်နှံခဲ့ရသမျှ အားလုံး တပျော်တပါးနဲ့ အောင်ပွဲခံရမယ့်နေ့၊ ပန်းတိုင်ကို လှမ်းကိုင်လုဆဲဆဲကျမှ ဒီလိုအဖြစ်မျိုးကြုံရတော့ အားလုံး ခြေကုန်လက်ပမ်းကျကုန်တာလည်း အပြစ် မဆိုသာဘူးပေါ့လေ။

ပြောရရင် သူတို့ဒီလို ပူပြင်းလွန်းတဲ့ ကန္တာရ ခရီးကြမ်းကြီးကို သက်စွန့်ဆံဖျား ဖြတ်သန်းလာခဲ့တာလည်း အကြိမ်ပေါင်း မနည်းတော့ဘူးလေ။ သူတို့အလုပ်ကလည်း ပင်ပန်းဆင်းရဲခံပြီး စွန့်စားရတဲ့အပြင် လုံ့လဝိရိယလည်း ရှိဦးမှ။ ဉာဏ်လည်းရှိဦးမှ။ ကံလည်းရှိဦးမှ။ အခြေအနေနဲ့ အချိန်အခါလည်း သိဦးမှ။ ဦးဆောင်ဦးရွက်ပြုတဲ့ ခေါင်းဆောင်ကောင်းလည်း ရှိဦးမှ။ အို … ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိဘူးလေ …။

အခု ဒီခရီးကို ဖြတ်သန်းလာတာကိုပဲကြည့်။ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာ နည်းတဲ့ခရီးမှ မဟုတ်တာ။ နေ့ဆို နေက ခြစ်ခြစ်တောက်ပူလွန်းလို့ သဲပြင်ပူပူ၊ နေပူပူမှာ လူမပြောနဲ့ နွားတွေတောင် ခြေမချနိုင်တာသာ ကြည့်။ ဒါကြောင့်လည်း အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်က နေ့ခရီးမသွားပဲ ညနေစောင်း နေဝင်ပျိုးပြမှ ခရီးစတယ်။ တညလုံး ခရီးပြင်းချီတက်။ အရုဏ်ကျင်းလို့ နေကောင်းကောင်းထွက်တော့မှ နားရတာ။

တပြည်ထောင်နဲ့ တပြည်ထောင် ကုန်စည်တွေ အပြည့်တင်၊ ကန္တာရ ခရီးကြမ်းတွေကို ခက်ခက်ခဲခဲဖြတ်ပြီး ရောင်းဝယ်စွန့်စားရတဲ့ ကုန်သည်တွေထဲမှာ သူတို့အဖွဲ့က လုပ်ကိုင်ခဲ့သမျှ အောင်မြင်ခဲ့တာချည်းပဲလို့ဆိုရင် မမှားဘူး။ သူတို့တွေရဲ့ အားသာချက်က တက်ညီလက်ညီ ရှိတယ်။ ခေါင်းဆောင်ကောင်း ရှိတယ်။ ဒါကြောင့် စနစ်ကောင်းလည်း ရှိတယ်။ လူပေါင်း ၅၀၀၊ နွားက ၁၀၀၀ ကျော်။ လှည်း ၅၀၀ နဲ့ ဒီအဖွဲ့ကြီး တိုးတက်အောင်မြင်နေတာပြောရရင် စနစ်ကောင်းတာ ခေါင်းဆောင်ကောင်းရှိတာ တော်တော်လေး အဓိက ကျတယ်လို့ ဆိုနိုင်တယ်။

ကုန်တွေတင်တဲ့လှည်းက တင်။ စားနပ်ရိက္ခာတွေ၊ ရေတွေ တင်တဲ့သူကတင်၊ ချက်ပြုတ်ရေး တာဝန်ယူတဲ့သူက ချက်ပြုတ်၊ လုံခြုံရေးအလှည့်ကျက လုံခြုံရေး၊ လမ်းပြအဖွဲ့က လမ်းပြ၊ စီမံခန့်ခွဲသူက စီမံ၊ ဈေးစကား ပြောဆို ရောင်းဝယ်သူက ရောင်းဝယ်နဲ့ တစိတ်တဝမ်းတည်း ကုန်သွယ် ရောင်းဝယ်ဖောက်ကားနေကြတာဆိုတော့လည်း အောင်မြင်တာပေါ့။

အဲဒီနေ့က သူတို့ရဲ့ခရီးစဉ် အောင်မြင်ဖို့ လက်တလုံးအလိုလို့ ဆိုနိုင်တဲ့နေ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီတည ကျော်ဖြတ်လိုက်ရင် မနက်ဖြန် ရောင်းဝယ်ဖောက်ကားမယ့် တိုင်းနိုင်ငံကို ရောက်ပြီလေ။ စနစ်တကျ တွက်ချက် လုပ်ကိုင်ထားတာဆိုတော့ သေချာပြီလေ။ တွက်ထားတဲ့အတိုင်း ရိက္ခာကလည်း နောက်တရက်ဆို ကုန်ပြီလေ။ ကွက်တိ ဆိုပါတော့။ ရေနဲ့ ရိက္ခာက နည်းနည်းပါးပါး ပိုလျှံသယ်ခဲ့ ယူခဲ့ပေမယ့် ပူလွန်းတဲ့နေကြောင့် ခရီးက ထင်ထာထက် နည်းနည်း ပိုကြာတယ်။ ရေကလည်း ပိုကုန်တယ်။ ပြသနာတော့ မရှိပါဘူး။ ဒီတနေ့စာအတွက် လောက်ငတယ် မဟုတ်ပေမယ့် ရှိတာလေးနဲ့ ဝေမျှစားလိုက်ကြတယ်။ ပြသနာမရှိပါဘူး။ တညတာ ခပ်သုတ်သုတ်လေး ခရီးနှင်လိုက်ရင် ရွှေပြည်ကြီးဆီ ရောက်တော့မှာကိုး။

ဒါပေမယ့် … ကံများ ဆိုးချင်တော့ အဲဒီနေ့က အားလုံး နည်းနည်းပေါ့လျော့မိကြတယ်။ ခရီးကြမ်းနှင်လာ တာကလည်း ရှည်ကြာလွန်းပြီ။ ပင်ပန်းဆင်းရဲလွန်းခဲ့ပြီလေ။ ဒီကြားထဲ နေ့ပူပူမှာအိပ်။ ညတိုင်း ခရီးဆက်၊ လှည်းလမ်းခရီးကလည်း ကြမ်းတော့ ဘယ်လောက်ပဲ သန်မာတယ်ဆိုဆို တော်တော်လေးကို နွမ်းနယ်နေကြပြီလေ။ လမ်းကလည်း တဖက်တိုင်းပြည်နားရောက်ပြီဆိုတော့ သူခိုးသူဝှက်ကအစ တော်တော်လေး အန္တရာယ်ကင်းတဲ့ နေရာလည်း ရောက်ပြီ။ ခရီးတခေါက်လည်း လိုရာရောက်တော့မှာဆိုတော့ အားလုံး စိတ်လျော့လိုက်တာလည်းပါသကိုး။ ခေါင်းဆောင်နဲ့တကွ အရေးပါတဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း မနက်ဖြန် ကုန်စည်ရောင်းဝယ် ဖောက်ကားရတော့မှာ ဆိုတော့ အားမွေးတဲ့အနေနဲ့ အနားယူလိုက်ကြတယ်။

ဒီလိုနဲ့ ခရီးတော်တော်လေးတွင်တော့ ညသန်းခေါင်လောက်ရောက်ပြီ။ လမ်းတွေကလည်း တော်တော်လေး ညီညာလာပြီဆိုတော့ တဖြည်းဖြည်း လှည်းသမားတွေ စိတ်ချလက်ချ အိပ်ကုန်ကျပြီ။ ထိပ်ဆုံးက ကင်းသမားတွေ နောက်ဆုံးက ကင်းသမားတွေကလွဲရင် အားလုံးလည်း စိတ်ချလက်ချ အနားယူလိုက်ကြတာ။ ကင်းသမားတွေ လမ်းပြတွေလည်း ညသန်းကောင်လောက် အိပ်ပျော်သွားတယ်ထင်ပါ့။

မနက်လည်းရောက်ရော … အားလုံးက မျှော်လင့်တကြီးနဲ့ လိုရာခရီးရောက်လုပြီထင်ပြီး ထကြည့်လိုက်တာ … ဟောဗျာ … မနေ့က စထွက်ခဲ့တဲ့နေရာနားကို ပြန်ရောက်နေတာကိုး။ အားလုံး စိတ်ဓာတ်ကျသွားတယ်။ ဘယ့်နှယ့်ဖြစ်ပါလိမ့်ပေါ့။ စုံစမ်းလိုက်တော့ ကင်းသမားတွေ လမ်းပြတွေ အိပ်ပျော်ပြီး လမ်းမှန်မပြတော့ နွားတွေက ခြေလှမ်းသင့်ရာသွားရင်း နောက်ကြောင်းပြန်လှည့်မိရက်သားဖြစ်နေတာကိုး။

အားလုံး ဗိုက်တွေကလည်းဆာ။ ရေကလည်းငတ်၊ လမ်းကလည်းမှား။ စိတ်ဓာတ်ကျသူကျ။ စိတ်ပျက်သူ ပျက်။ ဒေါသထွက်သူထွက်ပေါ့။ အစာငတ် ရေငတ်ပြီး သေရတော့မယ့် အခြေအနေကိုး …။ အဲ — ခေါင်းဆောင်ဖြစ်သူကတော့ ဘယ့်နှယ့်လုပ်သင့်သလဲ ကြံတယ်။ လောလောဆယ် လိုနေတာ ရေ။ လူရော နွားရော ရေဝဝလင်လင် သောက်နိုင်သုံးနိုင်ရင် ဒီတည အပင်ပန်းခံ ခရီးဆက်နိုင်ရင် လိုရာရောက်မယ်ပေါ့။ ဒါနဲ့ ရေရဖို့နည်းလမ်းကို ရှာတယ်။ ပတ်ဝန်းကျင်ကို လေ့လာတယ်။ အမျှော်အမြင်ရှိရှိ ချင့်ချိန်သုံးသပ်တယ်။ ဟော … ဟိုးက ခပ်လှမ်းလှမ်းက မြက်..။ မြေစာမြက်တွေပဲ။ မြေစာမြက် ရှင်သန်ဖို့ … … ရေ။

ဟုတ်ပြီ။ မြေစာမြက်အောက်ကို တူးနိုင်ရင် ရေရနိုင်မယ်။ ရေရှိနိုင်မယ်ပေါ့။ ဒါနဲ့ လှည်းသားငါးရာကို ရှင်းပြတယ်။ ဖျောင်းဖျတယ်။ စည်းရုံးတယ်။ ရေရမယ်ဆိုတော့လည်း အားလုံး အစာငတ် ရေငတ်ဖြစ်နေတဲ့ကြားက ကြိုးစားပမ်းစားနဲ့ တူးကြဆွကြပေါ့။ ၁၀ တောင် နက်သွားတယ်။ ရေ မထွက်သေးဘူး။ ဆက်တူးတယ်။ အတောင် ၂၀။ ရေမထွက်သေးဘူး။ ကန္တာရဆိုတော့လည်း နက်နက်တူးရမယ်ပေါ့။ တူးတယ်။ အတောင် ၃၀ …။ အတောင် ၄၀။ တချို့လည်း စိတ်ပျက်ကုန်ကြပြီ။ ဟုတ်ပါ့မလား သံသယဝင်ကြပြီ၊ ဒါပေမယ့် ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ တချို့ ဆက်တူးကြပြန်တယ်။ အတောင် ၅၀။ မတွေ့သေးဘူး။ ငတ်ပြတ်ပြီး ပင်ပန်းတာတွေကြောင့် စိတ်ဓာတ်တွေ ပျက်ကုန်ပြီ။ မတူးချင်ကြတော့ဘူး။ နေကလည်း ခြစ်ခြစ်တောက် ပူလာပြီကိုး။ ခေါင်းဆောင်ရဲ့ စည်းရုံးမှု၊ အနစ်နာ ခံမှုတွေကြောင့် နောက်ဆုံး ရှိသမျှ ကြိုးစားပမ်းစား တူးကြပြန်တယ် …။ အတောင် ၆၀။
အတောင်ခြောက်ဆယ် အရောက်မှာတော့ … ဟော .. တွေ့ပါပြီ။ ရေတော့မဟုတ်ဘူး။ ကျောက်ချပ်ကြီး။ ဟာ .. သွားပြီ။ အားလုံး ခြေပစ်လက်ပစ်။ သေဖို့ပဲ ဖြစ်ပါပြီဆိုပြီး တချို့လည်း ငို၊ တချို့လည်း ငိုင် တချို့လည်း မှိုင်ပေါ့။ လဲသူလည်း လဲ။ တွဲသူလည်း တွဲနဲ့။ မြင်ကွင်းက စိတ်ပျက်စရာအတိပေါ့။

ခေါင်းဆောင်လုပ်သူကတော့ စဉ်းစားတယ်။ မဟုတ်သေးပါဘူး။ တခုခုတော့ မှားနေပြီ။ ရေရှိကိုရှိရမယ်ပေါ့။ ဇွဲမလျော့ဘူး။ အတောင် ၆၀ နက်တဲ့ တွင်းထဲ ကိုယ်တိုင် ဆင်းတယ်။ လေ့လာတယ်။ ဟုတ်တယ် … ကျောက်ချပ်ကြီးပဲ ရှိနေတယ်။ ဘယ်လိုလုပ်မလဲ။ စဉ်းစားရင်း အတွေးတခုဝင်လာပြီး ကျောက်ချပ်နား နားကပ်ထောင်လိုက်တယ်။ ရေသံ … ဟုတ်တယ် .. တသွင်သွင်စီးနေတဲ့ ရေသံ …။ သိပ်သာယာတဲ့ ရေစီးသံ …။

ဒါဆို ကျောက်ချပ်အောက်မှာ ရေရှိနေပြီ။ ရေသံကြားရတဲ့ ကျောက်ချပ်ဟာလည်း သိပ်ထုထည် ထူလွန်းမယ် မထင်ဘူး။ ဒါနဲ့ အပေါ်ပြန်တပ်တယ်။ လက်ငုတ်လက်ရင်း တပည့်တချို့နဲ့ စိတ်ဓာတ်ခိုင်မာသူတချို့ကို သေချာ ရှင်းပြတယ်။ ဆက်တူးဖို့ တိုက်တွန်းတယ်။ ကိုယ်တိုင်လည်း တွင်းထဲအထိဆင်းပြီး တူးတယ်။ ဒီလိုနဲ့ … တဖြည်းဖြည်း … တူရွင်းတချက်အဆောင့်မှာ ရေလွှာကြောထိ ထိုးဖောက်လိုက်တယ် …။

ရေတွေ ဝေါခနဲ ပန်းထွက်လာတယ်။ သင့်တော်မယ့် အနေအထားရောက်အောင် အားတတ်သရောနဲ့ ဝိုင်းဝန်းထိုးဖောက်လိုက်တဲ့အခါ ရေဟာ အတောင် ၆၀ မက ပန်းထွက်လာပြီး ရေပန်းကြီးလို ဖြစ်နေတယ်။ အားလုံး ဝမ်းသာအားရနဲ့ သောက်ကြ ချိုးကြ၊ နွားတွေလည်း တိုက်ကြနဲ့ စောစောက ငိုသူ မှိုင်သူ ငိုင်သူ အော်သူ လဲသူ ယိုင်သူတွေနဲ့ စိတ်ပျက်ဖွယ်မြင်ကွင်းကနေ သိပ်ကြည်နူးဖွယ် မြင်ကွင်းအဖြစ် ပြောင်းသွားတယ်။

သာမန် ရေတခွက်ထက် အခုလို အခက်အခဲကြားက ပင်ပင်ပန်းပန်းနဲ့ ရလာတဲ့ရေဟာ သူတို့အတွက်တော့ သိပ်ကြီးမားတဲ့ ဆုလာဘ်ပေါ့။ သုံးမကုန်အောင် များတဲ့ရေတွေကို သူတို့တွေသာမက သူတို့လို နောင်လာမယ့် ခရီးသွားတွေ အဝေးက မြင်သာအောင် တံခွန်တိုင်တောင် ထူလိုက်ကြသေးတယ်။ ညနေရောက်တဲ့အခါ လိုရာခရီးကို အားမာန်အပြည့်နဲ့ ခရီးဆက်ကြတယ်။ နောက်တနေ့ သွားလိုတဲ့တိုင်းနိုင်ငံကို ရောက်၊ ရောင်းဝယ်ဖောက်ကား၊ အမြတ်အစွန်းတွေရပြီး ပျော်ရွှင်ကြည်နူးနေတဲ့ လှည်းသားငါးရာကို မြင်ကြရတယ်ဆိုပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ။ အဲ … ပုံပြင်ဆိုပေမယ့် ဘုရားရှင်ဟောခဲ့တဲ့ ၅၅၀ နိပါတ်တော်ထဲက ဝဏ္ဏပထ ဇာတ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောခဲ့တဲ့ ဇာတ်တော်တပုဒ်ဆိုပါတော့ …။ ဒါပေမယ့် ဒီ နေ့ခေတ်ကာလအထိ အခုလို အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ မြင်တွေ့နိုင်သလို အခုလို လမ်းခုလတ်မှာ စိတ်ပျက်တတ်တဲ့သူတွေ၊ အတောင် ၆၀ လောက်တူးပြီးမှ ကျောက်ချပ်ကြီးခံနေလို့ စိတ်ညစ်နေသူတွေ၊ အချင်းချင်း စိတ်ဝမ်းကွဲကြ၊ ခေါင်းဆောင်တွေကိုလည်း မအပ်မရာ စော်ကားတတ်ကြသူတွေကိုလည်း မြင်တွေ့မိကြမယ် ထင်ပါတယ်။ ဇွဲစိတ်သန်သန်နဲ့ ကြိုးစားအားထုတ်သူတွေကတော့ အောင်ပွဲခံပြီး နောင်လာနောင်သားတွေ ကောင်းစားဖို့အတွက်တောင် တံခွန်စိုက်လို့ လှူလိုက်ကြတဲ့အကြောင်း ဇာတ်တော်ထဲမှာတော့ ဒီဘက်ခေတ် ကျနော်တို့တွေကို စိန်ခေါ်ထားလေရဲ့ …။

အောက်တိုဘာ ၂၀၁၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts