>Ingyin May – For Ko Min Ko Naing’s 48th Birthday

>

ဒို့သမိုင်းမှာ မရိုင်းကြရလေအောင်
အင်ကြင်းမေ
အောက်တိုဘာ ၁၈၊ ၂၀၁၀

(၁)

ဒီနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ မြန်မာစစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတာ မလုပ်ခင်ကတည်းက ကလေးက အစ သိနေကြပါပြီ။

အခုလို မတရားတဲ့ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်သပိတ်မှောက်ကြောင်း ကျောင်းသားလူငယ်များက လမ်းကမ်းစာစောင်တွေ ဖြန့်ဝေနေကြပါတယ်။ မဲမပေးကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေလည်း နေရာတိုင်းမှာ လုပ်ဆောင်နေကြပါတယ်။ နအဖ ဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရိုးလုပ်စဉ်အရ ကျောင်းသားတွေ အပေါ်အညှိုကြီးကြီးဖြင့် ဖမ်းဆီးပွဲတွေကလည်း တပြိုင်နက်ထဲ ရှိနေပါတယ်။

(၂)

ဒီအချိန်မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တယောက်ကတော့ ထောင်ထဲမှာ ထောင်ဒဏ် ၆၅ နှစ်ဖြင့် နောက်ထပ်တကြိမ် အဖမ်းဆီးခံနေရပါတယ်။ လာမည့်အောက်တိုဘာလ ၁၈ ရက်နေ့ဆိုရင် ကိုမင်းကိုနိုင် အသက် ၄၈ ပြည့်မှာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်ကို ချစ်ခင်လေးစာကြတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရှိတဲ့နိုင်ငံတွေမှာ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ကို ဘယ်လို အခက်အခဲတွေရှိရှိ တခုတ်တရ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

အခုလို ကိုမင်းကိုနိုင်မွေးနေ့ကို ဘာကြောင့်ပြုလုပ်ကြသလဲဆိုရင် ကိုမင်းကိုနိုင်ကို ချစ်ခင်ကြလို့လည်းဖြစ်သလို ကိုမင်းကိုနိုင်ရဲ့ လုပ်ရပ်တွေအပေါ် တန်ဖိုးထားလေးစာကြလို့လည်း ဖြစ်ပါတယ်။ သူဟာ မိမိအသက်ကိုပဓာနမထားဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပင်သေသေ သူ့အသက်ရဲ့သက်တမ်းထက်ဝက်ကျော် ထောင်တွေထဲမှာ ဖြတ်သန်းခဲ့၊ ဖြတ်သန်းရဲတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

(၃)

နအဖဗိုလ်ချုပ်ကြီးများကတော့ သူရဲကောင်းမှန်သမျှ နှိမ်နှင်းကြ ဆိုတဲ့ ဆောင်ပုဒ်ကို အချိန်မလတ်ရွတ်တဲ့ ဂါထာတခုလို လက်ကိုင်ထားရှိပြီး သူတို့ကို အာမခံနိုင်အောင် အာဏာကို ထိပါးသူမှန်သမျှ သူတို့ရန်သူအဖြစ် သဘောထားပြီး မဲမဲမြင်ရာ သိမ်းကျုံးဖမ်းဆီး ထောင်ချပစ်နေပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် အာဏာကို ထိပါးလာသူ ဘယ်သူ့ကိုမဆို ဖမ်းဆီးထောင်ချပစ်မှာ အမှန်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒင်းတို့ရဲ့လက်ကိုင်တုတ်အဖွဲ့တွေဖြစ်တဲ့ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့သားတွေကိုလည်း ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအပေါ် နှိမ်နှင်းရေးပြုလုပ်ဖို့ သင်တန်းတွေ ပေးနေပါတယ်။

နအဖ ဗိုလ်ချုပ်ကြီးများ ဘယ်လိုပင် တားဆီး တားဆီး၊ ဘယ်လောက်ပင် နှိမ်နှင်း နှိမ်နင်း ကျောင်းသားတွေရဲ့သွေးဟာ ဘယ်တော့မှ နောက်တွန့်သွားမှာမဟုတ်ပါဘူး။ ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များဟာ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက်ချီတက် တိုက်ပွဲဝင်နေမယ်ဆိုတာ အတွေ့အကြုံများက သက်သေပြခဲ့ပါပြီ။

(၄)

သမိုင်းအဆက်ဆက်မှာ ကျောင်းသားတွေက အများပြည်သူရှေ့က ဦးဆောင်ကာ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ပြတ်ပြတ်သားသား ဖီဆန်ခဲ့ကြပြီး လူ့အခွင့်အရေးကို တိုက်ယူခဲ့ကြတာ ရှေးယခင်ကနေ ယနေ့ထိတိုင်အောင်ပါပဲ။

တိုက်ပွဲပေါင်းများစွာ အသက်သွေးပေါင်းများစွာလည်း စတေးခဲ့ပြီးပါပြီ်။ ဘယ်လိုပဲ ပေးဆပ်ရပါစေ။ ကျောင်းသားသမိုင်းကိုတော့ ဘယ်ကျောင်းသားမျိုးဆက်ကမှ အရိုင်းမခံခဲ့ကြပါဘူး။ ယနေ့ထိတိုင် သမိုင်းတင်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကျောင်းသားထုတရပ်လုံးနှင့် ကျောင်းသားထုရဲ့တိုက်ပွဲသမိုင်းကို ဂုဏ်ပြုတဲ့ သဘောထားနှင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့ ၄၈ နှစ်ပြည့်မွေးနေ့ကို နေရာတိုင်းမှာ ကျင်းပကြတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ အသက်ရာကျော်ရှည်ပါစေ၊ အမြန်ဆုံး အကျဉ်းထောင်မှ လွတ်မြောက်ပါစေ၊ ၂၀၁၀ ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို အချိန်မီ တားဆီးနိုင်ပါစေ၊ တရားမျှတသော တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နိုင်စေဖို့ မြန်မာပြည်သူတွေနှင့်အတူ တိုက်ပွဲဝင်နိုင်ပါစေလို့ ကျမတို့တွေ ဒီမွေးနေ့ပွဲမှာ ဆန္ဒပြုကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက် ၂၀၁၀ ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပယ်ဖျက်ကြဖို့ ကျောင်းသားလူငယ်များနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

အခုလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နှင့်အတူ ၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်ကပြန်လည် လွတ်မြောက်ခဲ့မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်နက်မဲ့ နှလုံးရည်ဖြင့် လမ်းမတွေပေါ်ထွက် ပြည်သူများနှင့်တသားတည်းရပ်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုများပြုလုပ်ကြမှာပဲလို့ ကျမ ယုံကြည်ပါတယ်။

(၅)

နိဂုံးချုပ်အနေနှင့် ကျမ အလေးအနက်ပြုပြီး ပြောချင်တာကတော့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပိုင်းဖြတ်မှုနှင့် စိတ်ဓာတ်ကိုပါပဲ။ သူဟာ သူ့အသက်ရဲ့ထက်ဝက်မက ထောင်ထဲမှာ အကျဉ်းကျခံနေရပေမယ့် ဘယ်တော့မှ နအဖကို ဒူးထောက်မှာ မဟုတ်ဘူး၊ ဘယ်တုန်းကမှလည်း ဒူးမထောက်ခဲ့ဘူးဆိုတဲ့ အချက်ကိုပါ။ ဒါဟာ ကျောင်းသားထုရဲ့ စိတ်ဓာတ်နှင့် ပိုင်းဖြတ်မှုကို ကိုယ်စားပြုထားတာကြောင့်လည်း ဖြစ်တယ်လို့ ကျမ ခံယူပါတယ်။

ဒီလိုယုံကြည်မှုတွေကြောင့် ကိုမင်းကိုနိုင်ကို လေးစားကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘယ်နိုင်ငံ ရောက်ရောက် ကိုမင်းကိုနိုင်မွေးနေ့ကို မှတ်မှတ်ရရ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ကျမတို့ မလေးရှားနိုင်ငံမှာဆိုရင်လည်းမွေးနေ့ပွဲကို ပြုလုပ်ကြဖို့ ပြင်ဆင်နေပါပြီ။ အချို့လူငယ်တွေကလည်း ကိုမင်းကိုနိုင်ကို လေးစားဂုဏ်ပြုသောအားဖြင့် ကိုယ်တိုင်ရေး သီချင်းများဖြင့် မွေးနေ့ပွဲမှာ ဂုဏ်ပြုသီဆိုကြမယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်ရဲ့လက်သုံးစကားဖြစ်တဲ့ ကျောင်းသားသွေးက နီရဲတယ်။ ဒေါင်းအလံကို ကျောင်းနံရံမှာ ပြန်စိုက်မယ် ဆိုတဲ့ စကားလေးတွေကို အဓိက ရည်ညွှန်းကြမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေက ဘယ်လောက်ပင် ကျောင်းသားတွေကို အညှိုးတကြီး ဖမ်းဆီးနေပါစေ။ တဗိုလ်ကျတဗိုလ်တက် ကျောင်းသားအလံကို ဆက်လက်လွှင့်ထူရင်း ကျောင်းသားထုရဲ့သွေးသမိုင်းကို လက်ဆင့်ကမ်း ရေးထိုးသွားကြမှာ ဖြစ်ပါတယ်။ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓါတ်ဟာ အစဉ်ထာဝရ နိုးထ လန်းဆန်းနေမှာ ဖြစ်ပါတယ်။

ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား ဆိုတဲ့မေးခွန်းအတွက် ကျောင်းသားတိုင်းမှာ အဖြေရှိပါတယ်။ စိတ်ချလိုက်ပါ။ ဘယ်တော့မှ ဘယ်ကျောင်းသားမှ အညံ့ခံ အရိုင်းခံကြလိမ့်မယ် မဟုတ်ပါ။

ကျောင်းသားထုရဲ့ အစဉ်အလာနှင့်သမိုင်းကို အရိုင်းမခံကြဖို့

ကျောင်းသားတွေ ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဆက်ကြပေလိမ့်မယ်၊ မကြာခင်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင် ပယ်ဖျက်ကြပေလိမ့်မယ်၊ လူထုနှင့်အတူ တိုက်ပွဲဆက်ကြပေလိမ့်မယ်လို့ သံတိုင်တွေနောက်မှာ ကိုမင်းကိုနိုင်တယောက် တွေးတောနေလေမလား ကျမ စဉ်းစားနေမိပါတယ်။ ။

အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ၄၈ နှစ်ပြည့်မြောက်တော့မယ့် ကိုမင်းကိုနိုင် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့့်

၁၄-၁၀-၂၀၁၀

ပုံတူ ကောက်ကြောင်းပန်းချီ – မင်းကျော်ခိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts