>Mar Mar Aye – 351

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၅၁)

လွမ်းစရာ သီချင်းတွေ အကြောင်း
မာမာအေး
အောက်တိုဘာ ၁၇၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် – မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့တပတ်မှာတုန်းက အလွမ်းကိစ္စ ပြောရင်း သီချင်း တပိုဒ်ကို တကြိမ်ထက် ပိုပြီး ဆိုရတဲ့ အခါမှာ မာအေးက ဆိုဟန်၊ စာတွဲတာ ခွဲတာတွေ ပြောင်းပါတယ်၊ စာနဲ့ လိုက်ဖက်တဲ့ ခံစားမှုမျိုးတွေလဲ ထည့်ခဲ့တဲ့အကြောင်း ပြောပြတယ်နော်။

ဒီနေ့တော့ တေးပလ္လင်က အဆွေးသခင်တွေလို့ တပူးတွဲတွဲ အလွမ်းဘွဲ့တွေ နွှဲခဲ့ကြတဲ့ အကိုကြီးတွေ ဖြစ်တဲ့ အဆိုတော် ကိုတင်လှိုင်၊ အဆိုတော် ကိုသန်းလှိုင်၊ စန္ဒရားချစ်ဆွေတို့အတွက် အလွမ်းလင်္ကာတေးကဗျာတွေ ဒိုင်ခံ ရေးဖွဲ့ပေးသွားတဲ့ ကဗျာစာဆိုကလေး ‘မောင်ဆွေနွယ်’ ကို လွမ်းမယ်လို့ စိတ်ကူးတာပဲရှင်။

ပခုံးပေါ်မှာ ‘လွယ်အိတ်’ကလေး ချိတ်၊ လက်မှာ ဆေးလိပ်နဲ့ စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ ပုံမျိုး ပေးပြီး နဖူးပေါ်က ဆံစလေး မ ကာ ဖယ်ကာ လမ်းလျှောက်လျှောက်လာတဲ့ ကောင်ကလေး၊ မာအေးရဲ့မောင် မောင်စိမ်းမြလေးရဲ့ သူငယ်ချင်း၊ နောင်တော့ ကိုယ့်မောင်အရင်းလို ဖြစ်လာတဲ့ ‘မောင်ဆွေနွယ်’ ကို “အကိုကြီး ကိုတင်လှိုင်အတွက် အလွမ်းသီချင်း ရေးတဲ့ ကဗျာဆရာလေး မောင်ဆွေနွယ် ဆိုတာ သူပဲ မမရေ၊ တာထွက် ကောင်းတယ်ဗျ၊ ‘ယောက်ျားမှာလဲ အသည်းနဲ့ပါ’ သူ ရေးတာလေ” တဲ့။ မောင်လေးက ခေါ်လာ မိတ်ဖွဲ့ပေးခဲ့တာ မာအေး တောင်ဥက္ကလာ မိဘများအိမ်မှာ ပြန်ရောက်လာတဲ့ အချိန်ကပေါ့။

သူက လက်ရေးလှလှလေးနဲ့ ရေးထားတဲ့ စာရွက်အပြာလေး နှစ်ရွက်ကို တရိုတသေ လှမ်းပေးပြီး “မမ အတွက် ရေးလာတာ၊ သီချင်းလုပ်ဆိုပေးပါ” တဲ့။ ဒီတော့မှ ကဗျာသဘောနဲ့ စာချောအောင် ရေးစပ်တဲ့ စာဆိုတော်မျိုးပါလား လို့ သိသွားရတာပေါ့။ စာကတော့ အပျံစားပဲ။ နဘေထပ်ထားတာလေးတွေကလဲ လှ၊ နာမည်ပေးထားတာကလဲ ကိုယ့်အဖြစ်လိုမျိုး ဖြစ်နေတာကိုး၊ ကြည့်ပါဦး – – – “မေ့ဘ၀ ခဏ ဘယ်သူ ယူပါ့မယ်” တဲ့ ရှင်။ နောက်တပုဒ်က “စပျစ်သီးလေးတွေ ချိုပါတယ်” တဲ့ ကိုယ်နဲ့ တည့်တည့်ကြီး လာ တိုက်ဆိုင်နေသလို အလွမ်းစာလေးတွေချည်းပါပဲ။ မသိတဲ့သူဆို ကိုယ့်အကြောင်းကို ရေးခိုင်းတာလို့ ထင်နိုင်တဲ့ စာ၊ ကဗျာလေးတွေမို့ ကိုယ့်ရင်ထဲက အဆွေး မျောစီး ဖွင့်ထုတ် ဓာတ်ပြားသွင်းပေးတဲ့ အထိ သီချင်း လုပ်ပါတယ်။

သူ့စာ လှလှလေးတွေကို ကြည့်ပြီး ဘယ်သူ့ကို အသံထည့်ပေးခိုင်းရရင် ကောင်းမလဲ လို့ အရင် တွေးလိုက်တဲ့အခါ အလွမ်းသီချင်း အရေး ကောင်းတဲ့ မာအေးရဲ့ ဂီတအကို ချိုးတေးဆက်ကိုအောင်ကိုး ရှိတာပဲ လို့ သတိရလာပါတယ် ရှင်။

အကိုအောင်ကိုး ရေးပေးတဲ့ ရုပ်ရှင်နောက်ခံ အလွမ်းသီချင်းတွေ အများကြီး မာအေး ဆိုခဲ့ ငိုခဲ့တာကိုး ရှင့်။ “မေ့ဘ၀ ခဏ ဘယ်သူယူပါ့မယ်” သီချင်းစာလေးက လွမ်းကလွမ်းနဲ့မို့ ချိုတေးဆက်ကြီး အသံ ထည့်ခိုင်းရင် အဆင်ပြေပြေ အလွမ်းလေး တပုဒ် ရမှာပဲ ဆိုပြီး ရန်ကင်းတိုက်တန်းမှာ နေတဲ့ အကိုအောင်ကိုးဆီ ပြေး အပူကပ်ရတာပေါ့။ သူကလဲ စာလှလှလေးတွေကို နှစ်သက်တဲ့သူ၊ ကိုယ်တိုင်လဲ စာနုလေးတွေ ရေးနေတဲ့သူ ဆိုတော့ ချက်ချင်း ကူပေးခဲ့ပါတယ်ရှင်။ မောင်ဆွေနွယ် ကံကောင်းပုံများ စပယ်ဦးကိုသန်းလွင်ကလဲ မာအေးနဲ့ ဓာတ်ပြားသွင်းဖို့ လာတိုင်ပင်တာနဲ့ အကိုက်ပဲ။ မြန်မာ့ဓာတ်ပြား သီချင်းရေး ဆရာတွေ စာရင်းမှာ ကဗျာဆရာလေး မောင်ဆွေနွယ်လဲ ပါရမှာပေါ့ရှင်။ သူ့သီချင်းလေးဟာ တခါတည်း ဓာတ်ပြားပေါ် ရောက်သွားတော့တာပါပဲ။ ဒီသီချင်းလေးပေါ့ရှင်။

xxx ဒီကချစ်တာ သိရဲ့သားနဲ့ သူမို့ ခွဲသွားရက်တယ်၊ သူ့အတွက် အလွမ်းပြေ ပန်းတွေ တပွင့်စီ ချွေကာ မြေမှာ စုထားရရင်ကွယ်၊ ခုများဆို စကား ဥပမာ ပြောလို့ နှိုင်းမယ့် တောညို့မှိုင်းတဲ့၊ မောတို့တိုင်းရဲ့ ရှမ်းတောင်တန်းသဖွယ်၊ လွမ်းရောင် သမ်းတဲ့ ပန်းတောင်တန်းတွေ ဖြစ်နေမယ် ထင်တယ် xxx
(မေ့ဘ၀ ဘယ်သူယူပါ့မယ် – ပထမပိုဒ်)

ချစ်ဆွေတို့ ကြားပါတယ်နော်။ ကိုယ့်အဖြစ်ကို ကိုယ်တိုင် ဖွင့်ပြောပြနေသလို ဆိုရတဲ့ သီချင်း အမျိုးအစားထဲမှာ ပါဝင်တဲ့ သီချင်းလေး တပုဒ်ပေါ့ရှင်။ ကိုယ့်ဘက်က ချစ်နေတာကို သိသိကြီးနဲ့ ခွဲသွားခဲ့ရက်နိုင်တဲ့ ချစ်သူကို လွမ်းရလို့ ဖြေရတဲ့ အခါတိုင်း အတွက် ပန်းတွေ တပွင့်စီ၊ တပွင့်စီ မြေညီပေါ်မှာ စုပုံထားခဲ့တယ် ဆိုရင် ပန်းတောင်တန်းကြီးတွေကို ဖြစ်လာမယ် လို့ ထင်သတဲ့လေ။ နဘေတွေ ထပ်ထားတာကိုလဲ ကြည့်လိုက်ပါဦး။ “ပြောလို့ နှိုင်းမယ့်၊ တောညှို့မှိုင်းတဲ့၊ မောတို့တိုင်းရဲ့” တဲ့။ ကဗျာဝါသနာရှင်တွေ အကြိုက်၊ လွမ်းစပျိုးလိုက်တဲ့ နိဒါန်းလို ခံစားနိုင်တဲ့ အပိုဒ်ပါပဲ။ ဒုတိယပိုဒ်ကျတော့ လွမ်းရသူရဲ့ အခြေအနေ၊ ဘယ်လောက် လွမ်းနေပြီလဲ ဝေခွဲနိုင်တဲ့ စာမျိုး တွေ့ရပါတယ်။

xxx လာလုငယ် – လာလုငေး၊ ချစ်သူဝေးမလေးမှာ၊ လေတပြေး လှိုင်းတရိုက် အခိုက်အတန့်ကလေးတောင် ခွဲမနေနိုင်ပါတယ်။ သဲရွှေစိုင်ညှာဝယ်၊ ပူတယ်လေ ဆယ်နေကဲ၊ ကျမျက်ရည်လဲ ချောင်းဖြစ်ရော့မယ်၊ xxx သစ်ရွက်တွေလို ကြွေချင်ရာကြွေ၊ နေချင်ရာနေ လိုက်ချင်လဲ မိန်းမသား ဆိုတော့ အခက်ပါလားကွယ် xxx
(မေ့ဘ၀- ဒုတိယပိုဒ်)

သူလာလေမှာလား၊ သူလာဦးမှာလား၊ သူနဲ့ ဝေးသွားတဲ့ကိုယ့်မှာတော့ လေကလေး ပြေးလာဟပ်သလောက်၊ လှိုင်းကလေး တထပ် လာရိုက်ခတ်သလောက်၊ အချိန်ကလေးတောင်မှ ခွဲမနေခဲ့တဲ့သူဖြစ်လို့ အပူဓာတ်အား တိုင်းခဲ့ငြားလျှင် နေမင်းဆယ်ဆ ဆိုပါလား။ စီးကျတဲ့ မျက်ရည်စင်လဲ ချောင်းသွင်သွင်ဖြစ်လာမှာ တဲ့။ သည်ပူတွေကြောင့် စိတ်ပြေလက်ပြေ သစ်ရွက်ကလေးတွေလို ကြွေချင်တိုင်းလဲ ကြွေလို့ မရ၊ နေချင်ရာမှာလဲ နေလို့ မရတဲ့ မိန်းမသားဘ၀ အခက်ကြီး ကျတဲ့ အကြောင်း လွမ်းဆိုကလေး ဆိုခဲ့ရတာပေါ့ရှင်။

(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။ http://www.bbc.co.uk/burmese/programmes/2010/10/101014_mamaaye.shtml တွင်လဲ နားဆင်နိုင်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts