>Letters from Michigan – 25

>

မစ်ရှီဂန်မှပေးသောစာ အမှတ် (၂၅)
အောင်ဝေး
အောက်တိုဘာ ၁၃၊ ၂၀၁၀Aung Way in SF, 2010

“—ရွေးကောက်ပွဲမှ တစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိ ဆိုတဲ့ အမြင်က စစ် ကျွန်ခေတ်မှာ အရမ်း အရမ်းကို လူရာ ဝင်ချင်နေတဲ့ အမြင်ပဲ ကိုဒေါင်းရဲ့။ အထူးသဖြင့်ကတော့ ကျနော်တို့ သတိထားရမှာက နိုင်ငံရေးမှာ ပုံမှားရိုက်တဲ့ အချောင်သမားတွေပဲဗျ—”


မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ နအဖ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ကျပန်းနိုင်ငံရေး၊ ခါတော်မီ နိုင်ငံရေး၊ ပျံကျနိုင်ငံရေးတွေ အကြောင်း ပြောချင်လာတယ်ဗျာ။

အခုအချိန်မှာ NLD က ဆရာဦးဝင်းတင်တို့က လူထုကို မျက်မှောက်ပြုတဲ့ လူထုအခြေစိုက် နိုင်ငံရေးသစ်ကို တင်ပြပြောဆိုနေတဲ့ကြားမှာ၊ အဲဒီလို ကျပန်း နိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေး အင်အားစုတွေ၊ ပျံကျ နိုင်ငံရေး အုပ်စုတွေက နိုင်ငံရေးဟောင်း၊ ဓာတ်ပြားဟောင်းကြီးကို နအဖ အလိုကျ ပြန်ဖွင့်ဖို့ လုပ်နေကြပြန်ပြီ ကိုဒေါင်းရေ။

“ရွေးကောက်ပွဲမှတစ်ပါး အခြား ရွေးချယ်စရာ လမ်းမရှိ” ဆိုပြီး သူတို့ နိုင်ငံရေးဟောင်း၊ ဓာတ်ပြားဟောင်းကြီးကို စစ်အစိုးရ အလိုကျ ဖုန်ခါခါ ဖုန်သုတ်သုတ်၊ ဘာလုပ်လုပ် ဒီလောက်က အရေးမကြီးသေးဘူးဗျ။ ဒါလောက်နဲ့ ပြဿနာ မရှိသေးဘူးဗျ။

ကိုဒေါင်းကြီး၊ အခုခက်တာက အဲဒီ နိုင်ငံရေးကို ကျပန်းအလုပ်လို လုပ်နေတဲ့သူတွေ၊ ခါတော်မီ နိုင်ငံရေးပါတီတွေ ထောင်ပြီး ဟန်ရေးပြနေတဲ့သူတွေ၊ မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်ကို ဘယ်က ဘယ်လို ရောက်လာမှန်းမသိတဲ့ ပျံကျတွေ၊ ဒီလူတွေက အခု ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် တိုက်ခိုက်တာမျိုးတွေ တွေ့လာရတယ်။ ဒီလူတွေက NLD ကို ထိုးနှက် ရှုတ်ချတာမျိုးတွေ တွေ့လာရတယ်။ ဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုကြားမှာ ထင်ယောင် ထင်မှား ဖြစ်အောင် ပြောဆိုနေတာမျိုးတွေအပြင် ဒီလူတွေရဲ့ လုပ်ရပ်က NLD နဲ့ လူထုကိုလည်း သွေးကွဲအောင် လုပ်သလို ဖြစ်နေပြီ ကိုဒေါင်းကြီး။ စိုးရိမ်စရာ စိုးစဉ်းမျှတော့ မရှိဘူးပေါ့ ကိုဒေါင်းရယ်။

ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေဘက်က ဒီလောက်တောင် နှစ်ပေါင်းများစွာ ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မရှုမလှ ကျဆုံး ပျောက်ကွယ်၊ မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လမ်းကြိတ်စက်နဲ့ နင်းချေဖို့ အကြိမ်ကြိမ် ကြိုးစားနေတဲ့ ကြားမှာ၊ တစ်နည်း နအဖစစ်အစိုးရ ဆိုတဲ့ ရန်သူရဲ့ ဆန့်ကျင်ခြင်းကို အကြီးအကျယ် ခံနေရတဲ့အချိန်မှာ၊ အခုလို အသားထဲက လောက်ထွက်ပြီး ကိုယ့်တပ် ကိုယ်ပြန်နင်းချင်ကြတဲ့ ဖောက်ပြန်ရေးသမားတွေကိုတော့ ကျနော်တို့ ဒီအတိုင်း လျစ်လျူရှုထားလို့ မရပေဘူး ကိုဒေါင်း။

“ရန်သူ ဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုး မဟုတ်၊ ကိစ္စကောင်း ဖြစ်တယ်” ဒီလို ကျနော်တို့ နိုင်ငံရေးမှာ သင်ကြား လက်ခံခဲ့ကြတယ်။ ဒါ ရန်-ငါ ပြတ်တဲ့သဘောပဲ ကိုဒေါင်း။ နအဖဟာ ဘုံရန်သူပဲ။ ဘုံရန်သူနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ရှိရမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ပြတ်ပြတ်သားသားပဲ နအဖရဲ့၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်တယ်၊ လက်မခံဘူး။ ပြတ်ပြတ်သားသားပဲ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေကိုလည်း လက်မခံဘူး၊ ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး။ ”ဘူး” ပဲ။ လုံးဝပဲ။ ဒါ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က ပြတ်သားမှုပဲ။ ဘုံရန်သူအပေါ် အကြီးမားဆုံး စိန်ခေါ်ထိုးနှက်လိုက်တာပဲ။

အဲဒီလိုအခြေအနေမျိုးမှာ နအဖ ရွေးကောက်ပွဲကို မျက်စပစ်နေကြတဲ့ ကျပန်းနိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေးအင်အားစုတွေ၊ ပျံကျ နိုင်ငံရေး အုပ်စုတွေ တစ်ခုပြီးတစ်ခု ဟိုကဒီကနေ အလျှိုအလျှို ပေါ်ထွက်လာတာပဲ ကိုဒေါင်း။

ကြံ့ဖွံ့ က ပါတီဖွဲ့တာ ဘာမှ မဆန်းပါဘူး။ ဆန်းတာက ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားများ အမည်ခံပြီး ပါတီ ဖွဲ့တာတို့၊ တိုင်းရင်းသား အရေခြုံပြီး ပါတီဖွဲ့တာတို့၊ NLD ကို ဆင်တူရိုးမှားလုပ်ပြီး ပါတီဖွဲ့တာတို့၊ တစ်သီးပုဂ္ဂလ ဆိုပြီး အသံကောင်း ဟစ်တာတို့၊ အဲဒါတွေပဲ။ ဒါတွေကတော့ ဆန်းတယ် ကိုဒေါင်း။

ဒီလူတွေဟာ နအဖရဲ့၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာခံပြီ ဆိုကတည်းက ရန်သူ့ဘက်သား ဖြစ်သွားပြီ။ ဒီလူတွေ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုသွားပြီ။ ဒီလူတွေ နအဖ ထောင်ချောက်ထဲ ပျော်ပျော်ကြီး တိုးဝင်သွားပြီ။ ကိုဒေါင်းရေ၊ ပြည်သူတွေရဲ့ အမြင်မှာတော့ ဒီလူတွေ မြောင်းထဲ ရောက်သွားတာပဲ ကိုဒေါင်း။

ဒီလူတွေရဲ့ “ရွေးကောက်ပွဲမှ တစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိ” ဆိုတဲ့ အမြင်က စစ် ကျွန်ခေတ်မှာ အရမ်း အရမ်းကို လူရာ ဝင်ချင်နေတဲ့ အမြင်ပဲ ကိုဒေါင်းရဲ့။ အထူးသဖြင့်ကတော့ ကျနော်တို့ သတိထားရမှာက နိုင်ငံရေးမှာ ပုံမှားရိုက်တဲ့ အချောင်သမားတွေပဲဗျ။ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အမည်ခံပြီး သမိုင်းဝင် ခွပ်ဒေါင်းအလံကို အလွဲသုံးစား လုပ်တာမျိုး၊ အမျိုးသား ဒီမိုကရေစီ အမည်ခံပြီး NLD ရဲ့ ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမှတ်တံဆိပ် ခမောက်ပုံကို အလွဲသုံးစား လုပ်တာမျိုး၊ ဒါမျိုးတွေက ရန်သူအားရ ကျွန်ပါးဝ လုပ်လာတဲ့ ကိစ္စတွေပဲဗျ။ ဒါတွေဟာ လုံးလုံးကို မလိုလားအပ်တဲ့ လုပ်ရပ်တွေပဲဗျ။

အထူးတကာ့အထူး အဆိုးဆုံးကတော့ NLDရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို တာဝန်ယူရေးခဲ့ပါတယ် ဆိုတဲ့သူတွေက နအဖ ရွေးကောက်ပွဲ သေတွင်းဝမှာ လွယ်လွယ်ကလေး ဒူးတုပ် လည်စင်းပေးလိုက်တဲ့ အဖြစ်ပါပဲဗျာ။ နှမြောဖို့တော့ အလွန်ကောင်းတယ် ကိုဒေါင်းရေ။

ဒီကြားထဲမှာ တစ်သီးပုဂ္ဂလ ဆိုသူ အမျိုးသား နိုင်ငံရေး သမားကြီး တစ်ဦးကလည်း “ရွေးကောက်ပွဲ သပိတ်မှောက် လို့ ဘာဖြစ်လာမှာလဲ။ နအဖ အကြိုက် ဖြစ်သွားမှာပေါ့။ ကြံ့ဖွတ်ပါတီ လွတ်လွတ် ကျွတ်ကျွတ် မဲရအောင် လုပ်ပေးလိုက်သလို ဖြစ်မယ်” ဆိုပြီး လျှောက်ပြောနေသံ ကြားလိုက်ရသေးတယ်။

မြန်မာ့နိုင်ငံရေးဟာ ပါရာဒိုင်း ပြောင်းသွားပြီ။ မျက်မှောက်နိုင်ငံရေးဟာ ၉ဝ တုန်းကလို ရွေးကောက်ပွဲ နိုင်ငံရေး မဟုတ်တော့ဘူး။ ကျနော်တို့ တာဝန်က ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား ဆန့်ကျင်ပစ်ဖို့ပဲ။ ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား သပိတ် မှောက်ပစ်ဖို့ပဲ။ ကျနော်တို့ အတွက် နှောင်ကြိုးမှလွဲ၍ အခြား ဆုံး ရှုံး စရာမရှိ။ We have nothing to lose but our chains. ဒါပဲ ကိုဒေါင်း။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဇူလိုင် ၅၊ ၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts