>More Palphlet handing out in public in Rangoon

>

ပါတီ လက်ကမ်းကြော်ငြာ ဝေငှတာ ပိုတွေ့လာရ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၃၊ ၂၀၁၀
          စစ်အစိုးရ၏ ချုပ်ကိုင်မှုအောက်တွင်ကျင်းပရမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၄ ရက် အလိုတွင် ရန်ကုန်မြို့၏ ကားမှတ်တိုင်များ လူစည်ကားရာနေရာများတွင် လက်ကမ်းကြော်ငြာ စာရွက်များ ဝေငှသည်ကို တွေ့မြင်လာရသည်။
          ယမန်နေ့ ညနေပိုင်းက ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ကိုယ်စားလှယ်အတွက် လက်ကမ်းကြော်ငြာများအား ပန်းဆိုးတန်း ကားမှတ်တိုင်အနီး ဝေငှလျက်ရှိသည်ကို တွေ့ရသည်ဟု ကျောက်တံတား မြို့နယ်တွင်နေထိုင်သူတဦးကပြောသည်။
          လမ်းသွားလမ်းလာများ အချို့အနေဖြင့် အဆိုပါပါတီနှင့် ပတ်သက်သည့် နောက်ခံ အချက်အလက်၊ ခေါင်းဆောင်နာမည်တို့ကို သိရှိခြင်းမရှိသော်လည်း ခွပ်ဒေါင်းအမှတ်အသားပါသည့် အနီရောင် လက်ကမ်းကြော်ငြာများကြောင့် အထူးအဆန်းသဖွယ် ကြည့်ရှုနေကြသည်ဟုလည်း ပြောသည်။ 
 
          အနှစ် ၂၀ အတွင်း တကြိမ် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သော်လည်း  လူထုယုံကြည်ထောက်ခံမှု ရရှိထားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မပါဝင်နိုင်စေရန်နှင့် အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် အန်အယ်ဒီကို ရွေးကောက်ပွဲ မ၀င်နိုင်စေရန် စည်းကမ်းသတ်မှတ်ချက် အများအပြားထုတ်ပြန်ခဲ့သဖြင့် အန်အယ်ဒီပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထို့သို့သော အချက်များကြောင့် ရွေးကောက်ပွဲကို လူအများစိတ်ဝင်စားမှု မရှိသလောက် ဖြစ်လျက်ရှိပြီး ရန်ကုန်မြို့တွင် နေထိုင်သူများ အနက် ထက်ဝက်နီးပါးမျှသော လူထုက မဲသွားမပေးရန် ရည်ရွယ်ထားကြသည်ဟု စူးစမ်းမေးမြန်းထားသည့် သတင်းထောက် တဦးကပြောသည်။
          ပြည်ခိုင်ဖြိုးပါတီ ဟုလည်းခေါ်သည့် ကြံ့ဖွံ့ပါတီက အဆင်သင့်ရှိပြီးသား များပြားလှသည့် ရံပုံငွေ နှင့် အဆောက်အဦများကို သုံးပြီးမဲဆွယ်နေချိန်တွင် အတိုက်အခံ ဒီမိုကရေစီ ပါတီများမှာမူ ငွေကြေး၊ လူအင်အားနှင့် ကန့်သတ်ချုပ်ချယ်မှုများကြောင့် စည်းရုံးရေးကို ထိရောက်စွာ မလုပ်နိုင်ကြကြောင်း ဒီမိုကရေစီ အင်အားစုပါတီများက ပြောဆိုလျက်ရှိသည်။
          နအဖ စစ်အစိုးရ၏ တင်းကြပ်လှသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် အတိုက်အခံပါတီများအား ငွေကြေးမလှူရဲအောင် ပြည်သူလူထုကို ခြိမ်းခြောက်မှုများကြောင့် အတိုက်အခံများ အနေဖြင့် စည်းရုံးရေး လုပ်ဆောင်မှုများ အလွန်နည်းပါးစွာ တွေ့မြင်ရပြီး ရန်ကုန်မြို့လယ် လူစည်ကားရာတွင် လက်ကမ်းကြော်ငြာဝေငှခြင်းမှာ ယခုတကြိမ် ပထမဆုံးတွေ့မြင်ရခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
(ဓာတ်ပုံ – နိုင်ငံရေးပါတီတခု၏ လက်ကမ်းကြော်ငြာ၊ ဝေငှနေသူ တဦး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts