>Maung Yit – Love us full, Hate them full

>

ပဲကလေးတွေ အညှောင့်မပေါက်နိုင်တဲ့ ခေတ်ကြီးမှာ ဥပက္ခာစိတ်နဲ့ တ၀က်ပဲ ချစ်နိုင်ခဲ့
မောင်ရစ်
အောက်တိုဘာ ၁၂၊ ၂၀၁၀
ဘားတော့ဗရက်ရဲ့ အနာဂတ်အတွက်ကဗျာ စာအုပ်ကို ကျနော်တို့ခေတ်တုန်းက အတော်ကြိုက်တယ်။ အခုလည်း ကြိုက်တုန်းပဲ။ http://shweaoutal.blogspot.com/2008/02/blog-post_20.html သည်နေရာမှာ ဖတ်နိုင်တယ်။
အဲသည်ထဲမှာ တပုဒ်က ကလေးတွေ အမေပျောက်စဉ်က ကဗျာ။ အဲသည်မှာ –
စစ်ပြေးခရီးစဉ်ရဲ့ ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ
အချစ်စိတ်ကို ဘယ်လို ရှင်သန်အောင်
လုပ်နိုင်ကြမှာလဲ
နှင်း သိပ်သိပ်သည်းသည်း ထူထူထပ်ထပ် ကျနေရင်
ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးလေ … တဲ့
ပြီးတော့ – နောက်တပုဒ်က အနာဂတ်အတွက် ကဗျာ။ အဲသည်မှာ –
ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေ
ပြန့်ပြန့်ကြဲလို့
အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်တာဖြတ်တာတွေပဲ
မြင်တယ်
ချစ်သူနဲ့ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တ၀က်ပဲ
ချစ်နိုင်ခဲ့တယ် … တဲ့
မြန်မာပြည်ကြီးရဲ့ အထွေထွေအကြပ်အတည်းတွေနဲ့ စစ်အာဏာရှင်ရဲ့ ဖိဆီးနှိပ်စက်မှုတွေအောက်မှာ ကျနော်တို့တတွေ အသက်ရှင်သန် ဖြတ်သန်းကြရတာတဲ့အခါ အဲသည်စာသားကလေးတွေက အလွန်ထိခိုက်ဖွယ် ဖြစ်ပါတယ်။ ကျနော်တို့တတွေမှာ ပဲကလေးတွေ အညှောက် မပေါက်နိုင်ခဲ့ဘူး။ သာမန်ရိုးကျ အသက်မရှင်ခဲ့ရဘူး။ ရိုးသားမှုတွေ အမှန်တရားတွေ ရှင်သန်ခွင့် မရနိုင်အောင် စစ်အာဏာရှင်တွေက ကျနော်တို့ကို အညွန့်ချိုးဖို့ အမြဲ ကြိုးစားနေတယ်။ ပြီးတော့ စစ်အာဏာရှင်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအောက်မှာ ကျနော်တို့တတွေဟာ ချစ်သူတွေချင်း၊ ရဲဘော်တွေချင်း အကာအကွယ်ပေးနိုင်ဖို့ လျို့ဝှက်စွာ ချစ်ခင်ညီညွတ်နေကြရတယ်။
အဲသည်အကြောင်းကို အခုချိန်မှာ ပြန်ပြီး စိတ်ထိခိုက်စွာ ပြန်တွေးမိတာက
ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ကွယ်လွန်သွားတဲ့သတင်းကို ရေးနေရတဲ့ အချိန်။ မိုးမခ၀ိုင်းတော်သားထဲက တဦးဖြစ်တဲ့ ကိုဇာနည်ဝင်းက ၂၀၀၆ ခုနှစ်တုန်းက မိုးမခမိတ်ဆုံပွဲမှာ ဆရာဦးမိုးဟိန်းနဲ့အတူ ကွယ်လွန်သူ ဆရာဦးတင်မိုးနဲ့  ကဗျာဆရာ မောင်စွမ်းရည် တို့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်လိုက်တယ်။ ဆရာဦးမိုးဟိန်းဟာ သူရဲ့ စာပေမိတ်ဆွေ ဦးတင်မိုးနဲ့ ဦးစွမ်းရည်တို့ကို တွေ့ဆုံဖို့ မိုးမခမိတ်ဆုံပွဲကို အရောက်လာခဲ့တယ်။ အမေရိကန် အလယ်ပိုင်း အိုင်အိုဝါ တက္ကသိုလ်စာရေးဆရာပွဲကနေ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်ဘေးဧရိယာကို အရောက်လာခဲ့တယ်။ ပြည်ပက စာနယ်ဇင်းသမားအချို့နဲ့ တွေ့ဆုံခဲ့တယ်။ ကျနော်တို့အားလုံး သူနဲ့ ချစ်ခင်ရင်းနှီးစွာ လက်တွဲမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို အများပြည်သူထံ၊ ပရိသတ်ကြီးထံ တင်ဆက်ခွင့် မရခဲ့ဘူး။
မြန်မာပြည်တွင်းမှာ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ကြီးက လွတ်လပ်စွာ ရေးသားခွင့်ကို ပိတ်ဆို့ထားသလိုပဲ မြန်မာပြည်ပက စာနယ်ဇင်းသမားတွေကိုယ်တိုင်မှာ ပြည်တွင်းက စာနယ်ဇင်းသမားတွေ ရပ်တည်ရေး၊ ရှင်သန်ရေးကို နားလည် စာနာပြီး ကိုယ့်ဖာသာကိုယ် ဆင်ဆာဖြတ်ထား၊ မသိချင်ယောင်ဆောင်ထားရတာတွေ အများကြီး ရှိတာကို ပြောချင်တာပါ။
နောက် အခု ၂၀၁၀ စက်တင်ဘာ၊ ဆရာဦးမိုးဟိန်း ကွယ်လွန်သွားပြီ။ ကျနော်တို့ ပြည်ပက စာနယ်ဇင်းသမားတွေက ကွယ်လွန်သူ စာရေးဆရာကို အလေးအညွတ်ပြု နှုတ်ဆက်ကြရတယ်။ အဲသည်တော့မှ ဆရာဦးတင်မိုး (၂၀၀၇ နှစ်ဆန်းမှာ ကွယ်လွန်ခဲ့) နဲ့ ဆရာမောင်စွမ်းရည်တို့ လက်တွဲထားတဲ့ ဦးမိုးဟိန်းရဲ့ဓာတ်ပုံကို ဖော်ပြရတယ်။ ပြီးတော့ ဆရာ့ကို ဘေးဧရိယာက တောင်ပုလုကျောင်း၊ ရွှေတိဂုံပုံတူစေတီမှာ ဘုရားရှိခိုးနေစဉ်က ပုံကို မိုးမခမှာ တင်ဆက်ရတော့တယ်။ ဦးမိုးဟိန်းလည်း မရှိတော့ဘူး။ ဦးတင်မိုးကတော့ ကွယ်လွန်ခဲ့ပြီး ဖြစ်တယ်။
ကျနော်တို့မှာ ချစ်သူတွေကို ချစ်တဲ့အခါ လူထုပရိသတ်ရှေ့မှာ အပြည့်အ၀ ချစ်ခင် မြတ်နိုး လေးစားရပါကြောင်း ထုတ်ဖော်ပြသခွင့်မရှိဘူး လွတ်လပ်မှုနဲ့  တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ မြန်မာစာပေနဲ့ စာနယ်ဇင်းသမားတွေဟာ ပြည်ပမှာပဲ ရှိရှိ၊ ပြည်တွင်းမှာပဲ နေနေ တဦးနဲ့ တဦး အလွန်ချစ်ခင် ညီညွတ်တယ်ဆိုတာကို စစ်အာဏာရှင်လက်အောက်မှာ ထုတ်ဖော်ခွင့် မရဘဲ မြိုသိပ်ပြီး နေနေရတယ် ဆိုတဲ့အကြောင်း သာမန်စာဖတ်ပရိသတ်ကြီး သိသွားအောင် သေတော့မှပဲ ထုတ်ပြနေရသလားလို့ စိတ်နာနာနဲ့ တွေးမိတယ်။
ဒါကြောင့်လည်း ဥပက္ခာစိတ်နဲ့ ကျနော်တို့တတွေ တ၀က်ပဲ ချစ်ကြရတယ်လို့ ပြောရတာနဲ့ တူတယ်။
အခု အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ်ကျခံနေရသူတွေ၊ မင်းပြစ်မင်းဒဏ်တွေ သင့်ပြီး ထွက်ပြေး ရှောင်ပုန်းနေရသူတွေ၊ လမ်းပေါ်မှာ စစ်အာဏာရှင်ကို ဖီဆန်ပြီး ဆက်လက်တိုက်ပွဲဝင်နေကြသူတွေ … အဲသည်လိုလူမျိုးတွေဟာ ငါတို့ ကျုပ်တို့တွေရဲ့ သူရဲကောင်းတွေ၊ မိတ်ဆွေတွေ၊ မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေပါ လို့ကျယ်ကျယ်လောင်လောင်ကြီး ဟစ်ကြွေးဖော်ထုတ်လို့ ဂုဏ်ယူ ၀င့်ကြွားခွင့် စိတ်ရှိတိုင်း မလုပ်နိုင်တဲ့ ခေတ်ကြီးမှာ ဘာမဟုတ်တဲ့ စစ်တပ်အလိုတော်ရိတွေ၊ အပေါင်းအပါတွေနဲ့ ဓာတ်ပုံတွဲရိုက်တာလောက်ကို၊ စစ်အာဏာရှင်ကို ဒူးထောက် နေရတာကို အဟုတ်ကြီးမှတ်ပြီး နေကြတဲ့ ခေတ်ကြီးမှာ ပဲကလေးတွေ အညှောက်မပေါက်တော့ဘူးလို့ပဲ ထင်မိတာပေါ့နော်။
အဲသည်အချိန်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီးလေး ဝေနှင်းပွင့်သုန်က မြန်မာပြည်အတွက် ကျမတို့ အလှည့် ရောက်ပြီလို့ ဟစ်ကြွေးလိုက်တော့ ကျနော်တို့ အများကြီး အားရှိသွားမိတယ်။ ဘေးဘီ ၀ဲယာမှာ ငါတို့တတွေနဲ့ မြန်မာပြည်ကြီးအတွက် မျိုးဆက်သစ်တွေ ပွင့်လန်း ထကြွ လာကြပြီလို့ ၀မ်းမြောက်မိရပါတယ်။
တကယ်တမ်းမှာတော့ နှင်းတွေ ဘယ်လောက်ပဲ ထူထပ်သိပ်သည်းစွာ ကျနေပါစေ … ကျနော်တို့တတွေမှာ အမှန်တရားနဲ့ တရားမျှတမှုကို ချစ်ခင်မြတ်နိုးတဲ့ စိတ်ဓာတ်တွေဟာ မျိုးဆက်သစ်တိုင်း မျိုးဆက်သစ်တိုင်းမှာ ပေါ်ထွန်းလာမြဲပါပဲ။ တားမြစ်ထားလို့ ရကောင်းတဲ့ အရာ မဟုတ်ပါဘူး။
ကိုမြအေး သမီးလေးက ပွင့်ပွင့်လင်းလင်းပဲ သူ့အဖေရဲ့ ဓာတ်ပုံကို ကိုင်စွဲလို့ မြန်မာစစ်သံရုံးရှေ့မှာ မြန်မာပြည်လွတ်မြောက်ရေးအတွက် အရေးဆိုနေတယ်။ အဖေရေ … အဖေရေ … လို့ ကျယ်ကျယ်လောင်လောင် ခေါ်ပြီးတော့ ဖခင်လွတ်မြောက်ရေးကို တောင်းဆိုတယ်။ ဒီလိုမျိုး မြင်ကြရတဲ့အခါ ကျနော်တို့တတွေမှာ ဥပက္ခာစိတ်ကြီးနဲ့ တ၀က်ပဲ ချစ်နေကြရတာတွေကို တွန်းလှန်ဖယ်ရှားပြီး အပြည့် ချစ်ပြလိုက်ချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာမိတယ်။
ကျနော်တို့အိမ်တွေမှာ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်ပုံတွေကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်း မရှိ ခဲ့ဘူး။ တော်လှန်တဲ့ကဗျာဆရာ ၈၈ မျိုးဆက်တဦးဖြစ်သူ ဂုရု နယ်စပ်မှာ ကွယ်လွန်တော့ သူ့အမေရဲ့ ရန်ကုန်အိမ်က ဘီဒိုတံခါးနောက်မှာ သူ့သားလေးပုံဟာ သိုသိုဝှက်ဝှက်လေး ကပ်ပြီး သိမ်းထားတာကို တွေ့ကြရတယ်။ ပြည်ပက မြန်မာတွေမှာလည်း အိုဘားမားတို့၊ လေဒီဂါဂါတို့ပုံတွေ ကိုယ့် ဖေ့စ်ဘွတ်မှာ တင်ဖို့အရေး၊ ကိုယ့် မိသားစုအရေး ဓာတ်ပုံတွေ ရှေ့တန်းပို့ဖို့အရေးက အဓိကဖြစ်နေတော့ မြန်မာပြည်က ဒီမိုကရေစီ သူရဲကောင်းတွေ၊ အညတရတွေကို အပြည့်ချစ်ပြနိုင်ဖို့ မေ့မေ့ကုန်ကြတယ် ထင်ပါရဲ့။
ဝေနှင်းပွင့်သုန်က “အဖေ့ကို ပြန်လွှတ်ပေးပါ” လို့ အကျယ်ကြီး အော်လိုက်တယ်။ မြန်မာပြည်အတွက် ကျမတို့ မျိုးဆက်သစ်တွေ အလှည့်ကျပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ဘယ်လောက်ပဲ အေးစက်တဲ့ နှင်းထုကြီးအောက်မှာ ပဲကလေးတွေ အညှောက်ပေါက်နိုင်ပါတယ် ဆိုတာ သူက ပြသလိုက်တာပဲ။
နောက်ဆုံး ဂုဏ်ယူစရာတခုအနေနဲ့ ပြောချင်တာကတော့ စင်္ကာပူက မြန်မာတွေဟာ တိုင်းပြည်ရဲ့ အတိုက်အခံခေါင်းဆောင်ကြီး ဦးတင်ဦး အလည်အပတ်ရောက်လာတဲ့အခါမှာ ဥပက္ခာစိတ်နဲ့ တ၀က်ပဲ ချစ်ပြီး ဖာသိဖာသာ နေလိုက်ကြမယ့်အစား သောင်သောင်းဖျဖျ ကြိုဆိုပြီး နှုတ်ဆက် ဂါရ၀ပြုလိုက်ကြတာပဲ ဖြစ်ပါတယ်။
သက်ကြီးရွယ်အို အဖိုးကြီးတယောက် ကုတ်ကုတ်ကလေး လာပြီး ဆေးကုလို့ ကုတ်ကုတ်ကလေး ပြန်သွားရတယ် ဆိုတာမျိုး အဖြစ်မခံဘဲနဲ့ စင်္ကာပူက မြန်မာ့အရေး လှုပ်ရှားသူတွေ၊ တိုင်းပြည်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသူတွေဟာ ပြည်သူ့ဧည့်သည်တော်တဦးအဖြစ် အတိုက်အခံခေါင်းဆောင် သူရ ဦးတင်ဦးကို ကြိုဆိုလိုက်ကြတယ်၊ မည်မျှ ချစ်ခင်မြတ်နိုး တန်ဖိုးထားကြောင်း ပြလိုက်တယ်။ သူရဦးတင်ဦး ကိုယ်တိုင်ကလည်း ပြည်သူရဲ့ ချစ်ခင် ကြည်ညိုမှုကို ကြည်ကြည်ဖြူဖြူ လေးစား ဂုဏ်ယူစွာ လက်ခံလိုက်ပါတယ်။ သည်လိုဆိုတော့လည်း ရပ်နီး ရပ်ဝေးက ပြည်သူလူထုဟာ စိတ်ဓာတ်တွေ ရွှင်လန်း တက်ကြွလို့ ရှေ့ဆက်ရမယ့် ခရီးအတွက် အားရှိရပါတယ်။
ကျနော်တို့တတွေမှာက စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ၊ အလိုတော်ရိတွေကို အလိုလိုနေရင်း ဒူးထောက်ပေးနေမိတဲ့ စိတ်က စွဲစွဲနေမိတယ် ထင်ပါရဲ့။ ပြည်တွင်းက ကျနော်တို့ မိတ်ဆွေတွေ ကိုယ်တိုင်လည်း ကိုယ့်ဘေးအိမ်က နိုင်ငံရေးအကျဉ်းသားမိသားစုကို ပြုံးပြ နှုတ်ဆက် အားပေးဖို့ မနည်း အားယူ ကြိုးစားနေရတာတွေ ရှိသလို၊ ပြည်ပက ကျနော်တို့ မိတ်ဆွေတွေမှာလည်း အဝေးက စစ်အာဏာရှင်ရဲ့ သွေးခွဲတဲ့ သံသယစကားတွေ၊ လှုံဆော်ဝါဒဖြန့်တာတွေနောက် လိုက်ပြီး အချင်းချင်းတွေ လက်ချင်း မြဲမြဲ တွဲကြဖို့ကိုတောင် တွန့်ဆုတ်နေကြတဲ့ နေ့ရက်တွေလည်း များခဲ့လှပေါ့။
အခုချိန်မှာတော့ အေးစက်တဲ့ ဆောင်းဒဏ်အောက်မှာ ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးဆိုတာကို ကျောခိုင်းလိုက်ချင်ပါပြီ။ ပြီးတော့ အနိဌာရုံတွေများလွန်းလို့ ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့ တ၀က်ပဲ ချစ်ရတယ် ဆိုတဲ့ ဆင်ခြေလည်း ပေးမနေချင်တော့ပါဘူး။
သူငယ်ချင်းက ရန်ကုန်ကနေ စာရေးလိုက်တယ်။ သူမင်္ဂလာဆောင်တော့မယ် … တဲ့။ သူ့ မင်္ဂလာဆောင်ကို ကျနော်တို့တတွေ မသွားနိုင်ဘူးဆိုတာတော့ မှန်ပါတယ်။ သို့သော် ကျနော်တို့ မိုးမခရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကိုတော့ သူ့မင်္ဂလာဆောင်ကို သွားရောက် အားပေးခိုင်းလို့ ရတယ်။ မသိချင်ယောင် ဆောင်ခိုင်းမနေတော့ဘူး။ င့ါ သူငယ်ချင်းလည်း ရက်စက်တဲ့ ဆောင်းဒဏ်ကို ကြံ့ကြံ့ခံပြီးတော့ ပဲလေးတွေ အညှောက်ပေါက်နိုင်တယ်ဆိုတာ ပြလိုက်ပြီနဲ့ တူတယ်။ ပြီးတော့ သည်ခေတ်ဆိုးကြီးထဲမှာ ချစ်တဲ့သူကို ဥပက္ခာစိတ်နဲ့ တ၀က်ပဲ ချစ်နေရာက စိတ်ပြောင်းပြီး အပြည့်အ၀ ချစ်လိုက်နိုင်ပြီဆိုတာကို ကျနော်တို့က အားပေး ဂုဏ်ယူကြရတော့မှာပေါ့။
စစ်အာဏာရှင်စနစ်ကြီးကို ခါးသီး မုန်းတီးတယ် ဆိုရင်ဖြင့် မချစ်သော်လည်း အောင့်ကာ နမ်းနေရတယ်ဆိုတဲ့ ဆင်ခြေတွေ၊ အတွေးအခေါ်တွေဟာလည်း လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်က မြောင်းတွေထဲမှာ ပစ်ထားခဲ့သင့်ပါပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts