>Mandalay under Flood – Help and Aid Needed

>

မန္တလေး ရေကြီး၊ စိတ္တသုခပရဟိတလူငယ်များက ကူညီရေး ဆော်သြ၊
ရွေးကောက်ပွဲ အနီး နာဂစ်ကဲ့သို့ သဘာဝဘေးဒဏ်များကို လူထု စိုးရိမ်နေ
မိုးမခထံ ပေးစာများ
အောက်တိုဘာ ၁၂၊ ၂၀၁၀
မိုးမခကို ရောက်လာတဲ့ ပေးစာကို ဖော်ပြလိုက်ပါတယ်။ စိတ္တသုခပရဟိတလူငယ်များ (မန္တလေး)က ရေကြီးတာကို ကူညီဖို့ ကြိုးစားနေကြသူ အသင်းအဖွဲ့များထဲက တခုလို့ ဆိုပါတယ်။ သူတို့ လှုပ်ရှားမှုတွေကို သည်ဝက်ဆိုက်တွေမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။  http://www.cittasukha.com/ ပြီးတော့ သူတို့သတင်းကောက်နုတ်ချက်တွေကို ကြည့်ချင်ရင် သည်မှာ ရှာပါ – http://www.ourmandalay.net/index.php
နောက်ပြီးတော့ မိုးမခမိတ်ဆွေ ရန်ကုန်ထံက ပေးပို့ချက်များကတော့ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာပြည်မှာ စစ်အစိုးရက သူတို့ရဲ့ အခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုဖို့ ကြိုးစားနေစဉ် ဖြစ်ပါတယ်။ အခု ၂၀၁၀ နိုဝင်ဘာ မှာ စစ်အစိုးရရဲ့ တဖက်သတ် ရွေးကောက်ပွဲကို မတရားနည်းလမ်းမျိုးစုံဖြင့် ကျင်းပမှာ ဖြစ်ပါတယ်။ သည်တခါမှာလည်း သဘာဝဘေးအန္တရာယ်တွေကို ပြည်သူတွေ ခံစားနေရချိန် ဖြစ်နေတာနဲ့ တိုက်ဆိုင်နေပါပြီ။
လူထုက မင်းဒဏ်ကိုသာမက သဘာဝဘေးဒဏ်တွေကို ဘယ်လောက်အထိ ခါးစည်းခံကြရမှာလဲ။ ပြည်သူတွေက ဘယ်လိုမျိုး တွန်းလှန်ကြ၊ ကာကွယ်ကြ၊ ကူညီရိုင်းပင်းကြမှာလဲ ဆိုတာ အရေးကြီးတဲ့ မေးခွန်းနဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့ ရေးထားပါတယ်။
လက်ခံရရှိတဲ့ စာတချို့ကို ဖော်ပြလိုက်ပါတယ်။
 မန္တလေးမှာ ၇ ရက်နေ့က စပြီးရွာတဲ့မိုးပါ။  ၈ ရက်နေ့မှာ ၀ုန်းဒိုင်းကြဲပြီး ရွာတယ်။ မန္တလေးတစ်မြို့လုံးနီးပါး ရေတင်တယ်။ ဈေးချို အနောက်ဖက်ခြမ်း မြေနိမ့်ပိုင်းမှာလည်း ရေတွေဝင်လို့ လှေတွေနဲ့သွားရတယ်။ မန္တလေးရဲ့ အရှေ့တောင်ဖက်က မြို့သစ် ပရံတော်ချောင်း ၀ဲယာမှာတော့ တစ်ထပ်အိမ်တွေ မြုပ်ကုန်တယ်။  ပုသိမ်ကြီးဖက်မှာလည်း ရေတွေကြီးလို့ … မိုးရေချိန် ၁၁ လက်မလို့ သတင်းစာ မှာေ ဖ်ာပြတယ်။ ပုသိမ်ကြီးဖက်က ကင်ဆာဆေးရုံကလူနာတွေကို Oriental House က ပိုင်တဲ့အိမ်ကို ပြောင်းရွေ့ပေးထားရတယ်။ ပြင်ဦးလွင်လမ်းလည်း ရေလွှမ်းခဲ့တယ်။
ရေဘေးကယ်ဆယ်ရေးအတွက် လှေတွေ မလုံလောက်ဘူး ။  ထမင်းထုပ်တွေလည်း ကြုံသလို ဝေနေရတယ်။ အိမ်ထောင်စု ဘယ်လောက်တောင် ဒုက္ခရောက်နေတယ်ဆိုတာ လောလောဆယ် အတိအကျမသိသေးဘူး။ ထမင်းထုပ်တွေကတော့ ဝေမလောက်။ အထုတ်တွေနဲ့ ထွက်လာတဲ့သူတွေကလည်း မနဲဘူး။
 ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ၈ ရက်နေ့ ညမှာပဲ ကူညီမှုတွေလုပ်ခဲ့တယ်။ လက်လှမ်းမိသလောက်ပေါ့။ ကျွန်တော်တို့က အင်အားကြီး အဖွဲ့အစည်း တစ်ခုမဟုတ်ပေမယ့် အလှူရှင်တွေရှာပြီး ရေဘေးကယ်ဆယ်ရေးတွေလုပ်ခဲ့တယ်။ ၉ ရက်နေ့က ထမင်းထုပ် ၄၀၀ ဝေနိုင်ခဲ့တယ်။ ၁၀ ရက်နေ့မှာ ထမင်းထုပ် + ရေသန့်ဗူး ၅၀၀ ဝေနိုင်ခဲ့တယ် ။ ထမင်းထုပ်က နှစ်ယောက်စာ နေ့ ည စားနိုင်တဲ့အထုပ်မျိုးပါ။ ရေထဲမှာ ခါးထိ ရေစိပ်ခံပြီး ကျွန်တော်တို့အဖွဲ့ ကိုယ်တိုင်ကိုယ်ကျ ဝေတာဖြစ်ပါတယ်။  နောက်နေ့တွေလည်း ဝေဦးမှာပါ။ အင်အားကြီးအဖွဲ့အစည်း အများအပြားကလည်း လာဝေကြပါတယ် ။
အလိုအပ်ဆုံးလို့ ယူဆရတဲ့ ထမင်းထုပ်တွေ ဝေတာများပါတယ်။ ရေသန့်ဗူးလည်း အပါအ၀င်ပေါ့။ အထားခံတဲ့ အစားအသောက်ကို မနက်ဖန်က စပြီး ဝေဖို့ရှိပါတယ်။ မုန့်ကြွပ်၊ ဘီစကစ်၊ ကိတ်ခြောက်၊ ငပိကြော်၊ ပုဇွန်ခြောက်ကြော် အစရှိသဖြင့်ပေါ့
 ကျွန်တော်တို့အဖွဲ့က အင်အားငယ်တော့ တစ်ရပ်ကွက်စာလောက်ပဲ ဝေနိုင်တာပါ။ အများမရောက်နိုင်တဲ့နေရာမျိုးကို လှေနဲ့သွားကြတယ်။ လှေဌားခကလည်း ခေါက်ခိုက်နေတယ်။ အလှူရှင်တွေရှိမယ်ဆိုရင်တော့ နေ့စဉ် လှူပေးဖို့ရှိပါတယ်။ ကျွန်တော်နဲ့ ဆက်သွယ်ချင်ရင် ဖုန်း ၀၉-၂၀၂၇၅၇၄ ကို ဆက်သွယ်နိုင်ပါတယ်။ 
(Photo – mg ba oo (mandalay) facebook)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts