>Ga Mone Pwint & Reby Mart run by Regime’s cronies

>

ရန်ကုန် စီးပွားရေးဆိုင်ရာ သတင်းများ
ခင်နှင်းလွင်
အောက်တိုဘာ ၇၊ ၂၀၁၀
(မွေးရေ) ၀န်ကြီးဌါနပိုင် အဆောက်အဦကို ဂမုန်းပွင့် ဆူပါမားကက်က လက်သိပ်ထိုး ၀ယ်
စစ်ဗိုလ်ချုပ်သားသမီးများ ရှယ်ယာပါသည့် ရူဘီမတ်စူပါမားကက် ဖွင့်လှစ်တော့မည်
(မွေးရေ) ၀န်ကြီးဌါနပိုင် အဆောက်အဦကို ဂမုန်းပွင့် ဆူပါမားကက်က လက်သိပ်ထိုး ၀ယ်
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပိုင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် ဘိုကလေးဈေးလမ်းထိပ်ရှိ ပေ ၁၀၀xပေ ၂၀၀ အကျယ်အ၀န်းရှိ  အဆောက်အဦနှင့်မြေကွက်ကို ဂမုန်းပွင့် ကုန်တိုက်ပိုင်ရှင်က ၀ယ်ယူခဲ့ပြီး ယခုအခါ အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
          အဆိုပါ မွေး ရေ ၀န်ကြီးဌာနရုံး အဆောက်အဦ၏ မြေညီထပ်တွင် ဂမုန်းပွင့် ကုန်တိုက်ကိုငှားရမ်း ဖွင့်လှစ်ခဲ့ရာမှ နအဖ စစ်အစိုးရ၏ လက်သိပ်ထိုး ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်အရ ဂမုန်းပွင့် ကုန်တိုက်ပိုင်ရှင်က အဆောက်အဦနှင့် မြေကိုဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။
          မည်သည့် အချိန်က ရောင်းချခဲ့သည်၊ မည်သည့်ပမာဏဖြင့် ရောင်းချခဲ့သည်ကို လူသိရှင်ကြား အသိပေးကြေညာခြင်း မရှိပဲ မကြာမီရက်ပိုင်းအတွင်းတွင် အဆိုပါ အဆောက်အဦအား အကြီးစားပြင်ဆင်ခြင်း၊ နောက်ဘက်ရှိမြေကွက်လပ်တွင် ပိုင်တိုင်ရိုက်နေခြင်း၊ ဖွင့်လှစ်ထားသည့် ကုန်တိုက်ကို ကမ်းနားလမ်းသို့ ပြောင်းရွှေ့နေသည်ကို မြင်တွေ့ရပြီးနောက် အနီးနားတွင် နေထိုင်သူများ၏ ပြောဆိုချက်အရ ရောင်းချပြီးဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
          `လေလံသဘောမျိုး ရောင်းချတာမဟုတ်ဘူး။ဒီအတိုင်းလက်သိပ်ထိုး ကိုယ့်လူကိုယ်ရောင်း ပေးလိုက်တဲ့ သဘောပဲ။ပိုင်ရှင်ကို အတိအကျ မသိပေမဲ့ အရင်မွေးရေ ၀န်ကြီးနဲ့ နီးစပ်တဲ့လူ ပိုင်တာလို့တော့သိရတယ်။ လောလောဆယ်တော့ ကမ်းနားလမ်းက မောင်မောင်ကြီး တာဝါမှာ ခဏပြောင်းပြီး ဖွင့်မယ်လို့ သိရတယ်။´ဟု ဂမုန်းပွင့်ကုန်တိုက် အနားနေထိုင်သူ တစ်ဦးက ပြောပြသည်။
အသစ်ဖွင့်လှစ်မည့် ဂမုန်းပွင့်ကုန်တိုက်တွင် ကလေးကစားကွင်းနှင့် ရှိုးပွဲများ ပြုလုပ်ရန် ခန်းမအစ ရှိသည်တို့ပါဝင်မည် ရုပ်ရှင်ရုံပါဝင်မည် မပါဝင်မည်ကိုမူ သေချာစွာ မသိရှိရသေးဟု အဆိုပါ နေထိုင်သူကပြောသည်။
           နအဖ စစ်အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် အသုံးမလိုတော့သည့် အဆောက်အဦအချို့အား မြို့ပြအိုးအိမ်နှင့် ဖွံ့ဖြိုးမှုဌာနမှ လွှဲပြောင်းယူထားခဲ့ပြီး အချို့မှာမူ သက်ဆိုင်ရာ ၀န်ကြီးဌာနများကသာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ထိုသို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အလောသုံးဆယ် လက်သိပ်ထိုး ရောင်းချလျက်ရှိသည်ကို လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ သိရသည်။
          အမည်မဖေါ်လိုသော စားသောက်ကုန်လုပ်ငန်းကြီး  တစ်ခုမှ အမှုဆောင် အရာရှိဖြစ်သူက  ပြောဆိုရာတွင် အစိုးရအနေဖြင့် ရန်ကုန်မြို့ရှိ ရောင်းချမည့် အဆောက်အဦနှင့် မြေကွက်များ စာရင်းကို ပြုစုထားရှိပြီး လအတန်ကြာကတည်းက လုပ်ငန်းရှင်ကြီးများအကြား လက်သိပ်ထိုး ဝေငှထားခဲ့သည်ဟု သိရသည်။ အဆိုပါစာရင်းမှ မိမိဝယ်ယူလိုသည့် မြေကွက်သို့မဟုတ် အဆောက်အဦကို ဘဏ္ဍာရေး ၀န်ကြီးနှင့် တွေ့ပြီးပေးနိုင်သည့် ဈေးနှုန်းကို အဆိုပြု ညှိနှိုင်းရသည်ဟုလည်း သူက ဖြည့်စွက်ပြောဆိုသည်။
          ယခု ကုန်သည်လမ်းပေါ်မှ ဂမုန်းပွင့် ကုန်တိုက်ဖွင့်လှစ်ထားသည့် အဆောက်အဦသည် ထိုကဲ့သို့ လက်သိပ်ထိုး ၀ယ်ယူရသည့် အစိုးရပိုင် အဆောက်အဦတစ်ခုဖြစ်သည်။ အလားတူ နည်းလမ်းမျိုးဖြင့် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အနီးမြေကွက်များ၊ ဗိုလ်အောင်ကျော်လမ်းရှိ အမျိုးသားစီမံကိန်း နှင့် စာရင်းအင်းဝန်ကြီးဌာနပိုင် ရုံးအဆောက်အဦတို့ကိုလည်း  ရောင်းချခဲ့ပြီးဖြစ်သည်ဟု လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ ရရှိသည့် သတင်းများအရ သိရသည်။
စစ်ဗိုလ်ချုပ်သားသမီးများ ရှယ်ယာပါသည့် ရူဘီမတ်စူပါမားကက် ဖွင့်လှစ်တော့မည်
          ယခင် မြန်မာ့စီးပွားရေးဦးပိုင် ဥက္ကဌဖြစ်ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း) ၏ သားဖြစ်သူ ဦးဇော်မင်းအေး အစုရှယ်ရာပါဝင်သည့် ရူဘီမတ် Ruby Mart ရှော့ပင်းမောလ်ကို အောက်တိုဘာ၉ရက်နေ့ တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရသည်။
ယခုရက်ပိုင်းတွင် ဖွင့်လှစ်ရန်စီစဉ်ထားသည့် ရူဘီမတ်ကို စင်ကာပူနိုင်ငံမှ  ရင်းနှီးမြူပ်နှံမှု ပါဝင်သောဆိုင်များ၊ မြ၀တီထရေးဒင်း လီမိတက်နှင့် ကုမ္ပဏီသုံးခုမှ အကျိုးတူ ဖက်စပ် လုပ်ကိုင်သည်ဟု မြ၀တီထရေးဒင်း လီမိတင်မှ ဒုတိယမန်နေးဂျင်း ဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး နေ၀င်း (ငြိမ်း) က ပြည်တွင်းဂျာနယ်တစ်စောင်ကို ပြောကြားခဲ့သည်။
၎င်းကပင် လွန်ခဲ့သော ၃၈နှစ်ခန့်က တည်ဆောက်ခဲ့သည့် အဆောက်အအုံ လက်ရာများမှာ ခေတ်မမှီတော့သဖြင့် ကန်ဒေါ်လာ နှစ်သန်း အကုန်အကျခံကာ အကြီးစား ပြင်ဆင် မွမ်းမံခဲ့သည်ဟုဆိုသည်။
ရူဘီမတ် ရှော့ပင်းမောလ်မှာ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ရှိပြီး ယခင်မဆလအစိုးရ လက်ထက်က စက်မှု ၁ ၀န်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်နှင့် အ၀တ်အထည်၊ အိမ်သုံးပစ္စည်းများ ရောင်းချသည့် ပန်းဆိုးတန်းကုန်တိုက် အဖြစ်ထင်ရှားခဲ့ပြီး န၀တ အာဏာသိမ်းပြီးနောက်တွင် စင်္ကာပူမှ တင်သွင်းသည့် လျှပ်စစ် နှင့် အီလက်ထရွန်းနစ် ပစ္စည်းများ ရောင်းချရာ စင်္ကာပူ ကုန်တိုက် အဖြစ်လူသိများခဲ့သည့် နေရာဖြစ်သည်။ 
`မြန်မာပြည်မှာ ဖွင့်တဲ့ ရှော့ပင်းမောလ် ခပ်ကြီးကြီးတွေ ၊အဆောက်အဦး အကြီးတွေအကုန် အစိုးရနဲ့ ပလဲနံသင့်တဲ့ စီးပွားရေးသမားတွေ ၊စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အများကြီးပါပဲ။ လူတွေက စစ်တပ်၊ စစ်သားဆို မုန်းနေတာပဲရှိတယ်။ တကယ်တန်း တပ်မှာ ရိုးရိုးတပ်သားလေးတွေ ၊အရာရှိလေးတွေက တော်တော်မပြေလည်နိုင်ကြဘူး။ အထက်ပိုင်းက မဟုတ်တာလုပ်သမျှ အောက်က လက်အောက်ငယ်သားတွေ ခံနေရတာပဲ။ ပြည်သူကတော့ အဆိုးဆုံးပေါ့ ခံစားရတာ´လို့ နေပြည်တော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်တပ် အရာရှိတဦးက ပြောပြသည်။
ဒု-ဗိုလ်ချုပ်ကြီး (ငြိမ်း)  တင်အေး၏သားဖြစ်သူ ဦးဇော်မင်းအေးမှာ မကြာမီကပြီးစီးသွားသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ  ပြသခွင့်ကိုထပ်ဆင့်ဝယ်ယူ လုပ်ကိုင်ခဲ့သည့် မိုးဆမ်းပန်း ဖျော်ဖြေရေး ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သလို  ၄င်းပိုင်ဆိုင်သည့် ပြည့်စွမ်းရည် ကုမ္ပဏီအုပ်စုတွင် ကုမ္ပဏီခွဲ ကိုးခုမျှရှိသည်။ မီဒီယာပိုင်းနှင့်ပတ်သတ်ပြီး အီကိုဗွီးရှင်းနှင့် မက်ဆင်ဂျာ ဂျာနယ်ကို ထုတ်ဝေလျက်ရှိပြီး နောင်တချိန် သတင်းစာ အနေနဲ့ လုပ်ပိုင်ခွင့်ရလျှင် လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိသည်ဟု ၄င်းနှင့်နီးစပ်သည့် အသိုင်းဝိုင်းမှ ပြောဆိုချက်အရ သိရသည်။
၂၀၁၀ရွေးကောက်ပွဲ ပြီးစီးသည့်နောက်တွင်  စစ်အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများ မရေရာခြင်းကြောင့် ယခုကဲ့သို့ လုပ်ငန်းကိုင်ငန်းများကို တတ်နိုင်သမျှ ခွဲဝေယူထား ကြတာဖြစ်နိုင်သည်ဟု နေပြည်တော်မှ အရာရှိ ၀န်ထမ်းတဦးက ပြော ဆိုလိုက်သည်။
`မထင်ပါနဲ့ သူတို့လည်းဘယ်လို အပိုင်တွက်ထားတွက်ထား မကောင်းတာ လုပ်နေတဲ့လူ ဆိုတာ အမြဲ ကောင်းနေတာ ဖြစ်မှာ မဟုတ်ပါဘူး။ကျတော်တို့ကတော့ သူတို့ဘယ်လိုကျဆုံးမယ် ဆိုတာ အမြဲစောင့်ကြည့်နေတယ်။ အရင်ခေတ်က ဦးနေ၀င်းလုပ်သလို သူတို့ပစ္စည်းတွေ ပြည်သူပိုင် သိမ်းလိုက်ရုံပဲ။ အခုကမီဒီယာတွေ ပေါ်လာတော့ သူတို့ပိုင်ဆိုင်မှုတွေကို ဘယ်လောက်ဖုံးထားဖုံးထား မှတ်တမ်းက ရှိပြီးသားလေ ဥပဒေနဲ့ အညီတောင်သိမ်းလို့ ရတယ်။ စိတ်မပူဘူး။ ပြည်သူ့ပစ္စည်း တစ်ချိန်ပြည်သူ့လက် ပြန်ရောက် မှာပါပဲ။´လို့အဆိုပါ အရာရှိဝန်ထမ်းကပင် ပြောဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts