>Letters from Michigan – 24

>

မစ်ရှီဂန်မှပေးသောစာ အမှတ် (၂၄)
အောင်ဝေး
အောက်တိုဘာ ၃၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ အထီးကျန် မဖြစ်ခဲ့ဘူး ဆိုတဲ့အချက်ကို ကျနော် ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် အထီးကျန် မဖြစ်ခဲ့သလို ကျနော်တို့ ပြည်သူတွေလည်း ဘယ်တုန်းကမှ အထီးကျန် မဖြစ်ခဲ့ဘူး ဆိုတာ သိပ်သေချာတာပေါ့ ကိုဒေါင်း။ ဒါနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘာပြောခဲ့သလဲ။ ကျနော် လက်လှမ်းမီသလောက် နည်းနည်း ကိုးကားပြီး ပြောပရစေဗျာ။

ကိုဒေါင်းကြီး သိတဲ့အတိုင်း ၁၉၉၇ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် တက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ ရရှိပါတယ်။ အဲဒီ အတွက် ဒေါ်အောင်ဆန်းစုကြည်ထံက ဘွဲ့ လက်ခံ မိန့်ခွန်း ရေးသားပေးပို့ခဲ့တယ်။ အဲဒီ မိန့်ခွန်းထဲက ကောက်နုတ်ပြီး ကျနော်ပြောပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ- “ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ကျမတို့ရဲ့ပြဿနာတွေ အားလုံး ပြေပျောက်သွားလိမ့်မယ် လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။

ရှေ့ မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ် ဆိုတာ ကျမတို့ သိသလို၊ တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ် တည်ထောင်ဖို့ အတွက် ကျမတို့ရဲ့လှုပ်ရှား ရုန်းကန်မှုဟာ ကျမတို့ရဲ့ဘဝသက်တမ်းမက ကြာမြင့်ကောင်းကြာမြင့်လိမ့်မယ် ဆိုတာ ကြိုတင် မှန်းဆထားပါတယ်” လို့ ရေးသားထားပါတယ်။

အဲဒီမှာ တစ်ဆက်တည်း ဒေါ်အောင်ဆန်းစုကြည် ရေးထားတာက – “ဒါပေမဲ့ ဒီလို လှုပ်ရှား ရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူး ဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရား မျှတမှု ရှာဖွေရာမှာ ကျမတို့ကို ကရုဏာသက်သူတွေ ကမ္ဘာနဲ့ အဝန်း ရှိနေပါတယ်” တဲ့။

ကမ္ဘာ့အလယ်မှာ၊ နိုင်ငံတကာမှာ ကျနော်တို့ တိုင်းပြည်လည်း အထီးကျန် မဟုတ်ဘူး။ ကျနော်တို့ ခေါင်းဆောင်လည်း အထီးကျန် မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေလည်း အထီးကျန်မဟုတ်ပါဘူး။

အထီးကျန် ဖြစ်နေတာက နအဖပါ။ စစ်အာဏာရှင် အစိုးရပါ။

ကျနော်တို့ဟာ ကျနော်တို့ ခေါင်းဆောင်ကို ချစ်တယ်။ ယုံကြည်တယ်။ ကိုးစားတယ်။ ကျနော်တို့ ရင်ထဲမှာ ကျနော်တို့ ခေါင်းဆောင်ရဲ့အတွေးအခေါ်တွေ၊ အယူအဆတွေ၊ စိတ်ဓာတ်တွေ စွဲမြဲ ခိုဝင်နေတယ်။ စိမ့်ဝင် ပျံ့နှံ့နေတယ်။ ကိန်းအောင်း အမြစ်တွယ်နေတယ်။ ကျနော်တို့ဟာ ဘယ်နေရာ ရောက်ရောက်၊ ဘယ်အချိန် ဘယ်ကာလ ဖြစ်ဖြစ် ကျနော်တို့ ခေါင်းဆောင်ရဲ့အခြေခံ နိုင်ငံရေး ရပ်တည်ချက်နဲ့ ဝါဒ သဘောထားတွေကို အမြဲတမ်း ရိုသေ လိုက်နာတယ်။ ကျင့်ကြံ အားထုတ်တယ်။ ကြိုးပမ်း အကောင်အထည် ဖော်တယ်။

ကျနော်တို့ အခု ပြောဆို ရေးသားနေတဲ့ အရာအားလုံးဟာ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ် ထင်ဟပ်ချက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆ ရောင်ပြန်ဟပ်မှုပဲ။

အခုအချိန်မှာ ကျနော်တို့ ခေါင်းဆောင်ဟာ နှစ်ပေါင်း ရှည်ကြာ နေအိမ် အကျယ်ချုပ် ဘဝနဲ့ အကျဉ်းကျခံနေရတယ်။ လူထုနဲ့ တိုက်ရိုက် ထိတွေ့ခွင့်မရဘူး။ ဒါပေမဲ့ ခေါင်းဆောင်နဲ့ လူထုဟာ ဘယ်တုန်းကမှ ကင်းကွာခဲ့တယ်လို့ မရှိဘူး။ စစ်အာဏာရှင်အစိုးရရဲ့ နည်းပေါင်းစုံနဲ့ ဖိနှပ် ချုပ်ချယ်ထား၊ ကန့်သတ် ပိတ်ပင်ထားတဲ့ ကြားကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထု အတွက် အလွန် အရေးပါတဲ့ စိတ်ဓာတ်ရေးရာ အားပေးမှုမျိုးတွေ၊ နိုင်ငံရေး ဦးဆောင် လမ်းညွှန်မှုမျိုးတွေ၊ တိုက်ပွဲ လမ်းစဉ် ပုံဖော်မှုမျိုးတွေ မကြာမကြာ ရောက်အောင် ပေးလေ့ရှိပါတယ်။

နအဖစစ်အာဏာရှင်အစိုးရက ဘယ်လောက်ပဲ ပိတ်ပိတ်၊ ဘယ်လိုပဲ ပိတ်ပိတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ နိုင်ငံရေး ရပ်တည်ချက်နဲ့ ဝါဒ သဘောထားတွေဟာ လူထုကြားကို အမြဲ ထိုးဖောက် ဝင်ရောက်နေတာပါ။

ကိုဒေါင်းကြီး၊ ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာလထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အခြေခံ နိုင်ငံရေး ရပ်တည်ချက်၊ ဝါဒသဘောထားတွေနဲ့ ပတ်သက် လို့ အရေးကြီးတဲ့ မိန့်ခွန်း ဆောင်းပါး(၃)ခုကို ထုတ်ဖော် မှာကြားခဲ့ပါတယ်။ အဲဒါတွေကတော့-၁၉၉၃ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ၊ နေရူးဆု လက်ခံ မိန့်ခွန်း၊ ၁၉၉၇ခုနှစ်၊ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့ တော် တက္ကသိုလ် တစ်ခုရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံမိန့်ခွန်းနဲ့ ၂ဝဝ၃ခုနှစ်၊ မတ်လ(၉)ရက်နေ့ထုတ် Washington Post သတင်းစာပါ All we want is our freedom ဆောင်းပါး၊ ဒီသုံးခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရည်ညွှန်းပြောဆိုခဲ့တာပါ။

ခုနေခါမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေ၊ ကိုဇာဂနာ တို့လို စာပေ အနုပညာရှင်တွေ၊ အရှင်ဂမ္ဘီရတို့လို ရဟန်း သံဃာတော်တွေ၊ ဗိုလ်မှူး ဝင်းနိုင်ကျော်တို့လို တပ်မတော်သားဟောင်းတွေ၊ ကိုထင်ကျော် တို့လို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ မနီလာသိန်းတို့လို အမျိုးသမီးခေါင်းဆောင်တွေ၊ ဒေါ်ဝင်းမြမြတို့လို NLD အဖွဲ့ဝင်တွေ၊ စသည်ဖြင့် ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူ နိုင်ငံရေး အကျဉ်းသားပေါင်း (၂ဝဝဝ)ကျော် ရှိပါတယ်။

ဒီလို အကျဉ်းကျခံနေရသူတွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Washington Post သတင်းစာ ဆောင်းပါးထဲမှာ – “ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ် လွတ်လပ်သူ ဖြစ်နေတယ် လို့ ကျမ ပြောချင်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့ သာမန်ဘဝ လွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက် အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံ ရပ်နေခဲ့ကြပါတယ်။

ပြည်သူလူထုအတွက် ကျမအလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေနိုင်ဖို့ပါပဲ” အဲဒီလို ဒေါ်အောင်ဆန်းစုကြည် ရေးထားတယ်။
ကျနော်တို့ခေါင်းဆောင်ရဲ့ စကားဟာ ကျနော်တို့ အတွက် အား၊ ကျနော်တို့ ခေါင်းဆောင်ရဲ့ တရားဟာ ကျနော်တို့အတွက် ဓားပဲ မဟုတ်လား ကိုဒေါင်းကြီး။
အားလုံးကိုသတိရလျက်-

အောင်ဝေး
ဇူလိုင် ၂ ၊ ၂ဝ၁ဝ။

[အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသူ ကဗျာဆရာအောင်ဝေး၏ “မစ်ရှီဂန်မှ ပေးသောစာ အမှတ် ၂၄” ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts