>Kyaw Kyaw – Are you waiting for everyday ?

>

နေ့တိုင်းမျှော်နေရအုံးမယ်
ကျော်ကျော်
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၀၉
လုပ်နေကျ အရာတခုခုကို နေ့စဉ်လုပ်နေရင်းကနေ မသိမသာ အဲဒီဟာကို စွဲလမ်းမှန်းမသိ စွဲလမ်းသွားတတ်တယ်။ စွဲလမ်းသွားပြီ ဆိုလဲ ဖြတ်ဖို့ ပြန်ပြင်ဖို့ကလည်း တော်တော်ခက်တယ်။ ဆေးလိပ်စွဲတယ်၊ အရက်စွဲတယ်၊ ကွမ်းယာစွဲတယ် ဒါတွေက လူအများသိပြီးကြားပြီးသားပါ။ တစ်ချို့အရာတွေကျတော့ ကိုယ့်ကိုကိုယ် စွဲနေမှန်းမသိဘူး၊ နေ့စဉ် ပုံမှန်အချိန်မှန်တော့ လုပ်ဖြစ်နေတယ်။
ရန်ကုန်ကို စရောက်တုန်းကအချိန်ကို မှတ်မိသေးတယ်။ နေရာသစ်မှာ အသိမိတ်ဆွေကလည်း မရှိ၊ နယ်က အပေါင်းအသင်းတွေကလည်း ရန်ကုန်ကို တခါတလေမှ ရောက်လာတတ်တာဆိုတော့ တော်တော် ပျင်းစရာကောင်းတယ်။ နေ့တိုင်း မနက်အိပ်ရာထ မနက်စာစားပြီးရင် ကျနော် အဓိက မျှော်နေတတ်တာ တခုကတော့ သတင်းစာပါပဲ (မြန်မာ့အလင်းလား၊ လုပ်သားလား မမှတ်မိတော့ဘူး)။ နေ့တိုင်းလာနေကျ သတင်းစာလေးကို ဖတ်လိုက်ရမှ ကျနော့်အတွက် မနက်ခင်းက ပြည့်စုံတော့တယ်။

သတင်းစာက ပုံမှန်မနက် ၉နာရီ ပတ်ဝန်းကျင်လောက် လာပို့တယ်။ နေတာက ဒုတိယအထပ်ဆိုတော့ ရန်ကုန်စတိုင် ကြိုးလေးတချောင်း ချပေးထားပြီး အောက်ဆုံးမှာ ညှပ်ကလေးတခုနဲ့ပေါ့။ သတင်းစာရောက်လာပြီဆိုရင် ညှပ်လေးမှာ တွဲလောင်းလေးနဲ့ အပေါ်ကနေ မြင်နေရတယ်။ သတင်းစာဖတ်ပြီးမှပဲ အပြင်ထွက်နေကျဆိုတော့ တချို့ရက်မှာ ပို့နေကျအချိန်မှာ သတင်းစာ ရောက်မလာသေးရင် မကြာခဏ ၀ရံတာအပေါ်ကနေ ငုံ့ကြည့်ရ မျှော်နေရတာ အမောပဲ။ အဲဒီလိုနေ့တွေဆိုရင် ကျနော့်ရဲ့ မနက်ခင်းလေးဟာ တခုခုလိုအပ်နေသလိုပဲ ဖြစ်နေတယ်။ ဒါဟာ စွဲလမ်းမှုတခုပဲ မဟုတ်လား။

အခုလဲကြည့်လေ၊ ဒီလမ်းထဲမှာ ပုံမှန်စာဝေချိန်ထက် အများကြီး နောက်ကျမှ ကျနော်ရောက်လာတော့ လူတချို့က လည်တဆန့်ဆန့်နဲ့ စာတွေကို မျှော်နေတာကြာပြီပေါ့။ ကျနော့်ကိုတွေ့တော့ “မင်းဒီနေ့ နောက်ကျလှချည်လား” လို့ အလွန်အံ့သြတဲ့ မျက်နှာထားနဲ့ မေးကြတယ်။ ကျနော်ကလည်း “ဟုတ်ကဲ့၊ ကျနော် နောက်ကျသွားတယ်၊ ဆောရီးပဲ” လို့သာ ပြန်ဖြေလိုက်တယ်။ ဘာကြောင့် နောက်ကျရတယ်ဆိုတာ အသေးစိတ် မရှင်းပြတော့ပါဘူး၊ သူတို့လဲ နားထောင်ချင်မှာ မဟုတ်ပါဘူး၊ မျှော်နေတဲ့စာ ရသွားရင် သူတို့ကျေနပ်သွားပြီ မဟုတ်လား။ အမှန်တော့ လူတွေအားလုံးက နေ့စဉ်လာနေကျ စာတွေကို မျှော်နေကြတာပဲ၊ ဒါလည်း နှစ်ပေါင်းများစွာလုပ်နေကျဆိုတော့ စွဲလမ်းမှုတခု ဖြစ်နေတာမဟုတ်လား။

စနေနေ့လိုရက်မျိုးဆို စာကနည်းတယ်၊ တချို့အိမ်ဆို စာမရှိဘူး။ စနေနေ့မှာ စာနှစ်စောင်သုံးစောင်ပဲ ပါတာကို တချို့က That’s it? လို့ အံ့အားတကြီး မေးတတ်ကြတယ်။ တရက်တုန်းကလည်း အမျိုးသမီးတယောက်ကို စာတွေလှမ်းပေးရင်း သူမကမေးခွန်းတချို့မေးတော့ ကျနော်က ပြန်ရှင်းပြတယ်။ ကျနော်ဖြေနေတာကို သေချာနားမထောင်ပဲ သူမရဲ့ မျက်လုံးအစုံက ကျနော့်ကိုကျော်ပြီး နောက်ဖက်က စာတွေထည့်ထားတဲ့ ပလပ်စတစ်ဗန်းကိုပဲ လှမ်းကြည့်နေတယ်။ ကြည့်နေရင်း ကျနော်ကိုမေးတယ် “အဲဒီစာတွေရော ကျမဟာလား” တဲ့။ မဟုတ်ပါဘူး၊ အခြားအိမ်ကပါလို့ ကမန်းကတမ်း ပြန်ဖြေလိုက်တယ်။ အော် . . . စာတွေဘယ်လောက်များ မျှော်နေကြပါလိမ့်။ မျှော်နေတဲ့ စာတွေ၊ ပါဆယ်ထုတ်တွေကို ရသွားလို့ ထခုန်မတတ် ၀မ်းသာသွားတဲ့ လူတွေနဲ့လည်း ကြုံဖူးခဲ့ပါတယ်။

ကျနော်ကိုယ်တိုင် အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်ဖြစ်တဲ့ အလုပ်က ဒီနေ့ဘာစာတွေ ရောက်လာသလဲဆိုတာ အရင်ကြည့်တတ်တယ်။ စာတစောင်မှ မတွေ့ရင်တောင် “ဒီနေ့ ဘာစာမှ မလာဘူးလား” လို့ မိန်းမကို မေးတတ်တယ်။ ကျနော့် အလုပ်နားရက်မှာတောင် အချိန်မှန် စာပို့နေကျအချိန်လောက်မှာ စာတိုက်ပုံးကို နှစ်ခါသုံးခါလောက် ဖွင့်ဖွင့်ကြည့်တတ်တယ်။ ထူးထူးခြားခြား ဘာစာမှ လာစရာမရှိတာတောင် စာကိုမျှော်နေတတ်တယ်။

ငယ်စဉ်တုန်းက ကျနော်တို့ရက်ကွက်မှာ စာပို့နေကျ ကချင်အမျိုးသား စာပို့သမားတယောက်ရှိတယ်။ စက်ဘီးလေးတစီးနဲ့ နေပူမိုးရွာမရှောင် နေ့တိုင်းစာလာပို့နေကျ၊ သူအိမ်ရှေ့ရောက်လာပြီဆိုရင် ကျနော်တို့အိမ်အတွက် စာတွေပါလာတာ သေချာတယ်။ တခါတလေ အိမ်ရှေ့မှာမရပ်ဘဲ ကျော်သွားတော့မှာကို တွေ့ရင် “စာမပါဘူးလား” လို့ ဖေဖေက လှမ်းအော်မေးတတ်တယ်။ သူက စက်ဘီးပေါ်ကနေ လက်ခါပြတယ်၊ ဒီနေ့ စာမပါဘူးဆိုတဲ့ အဓိပ္ပယ်ပေါ့။ ဟိုတုန်းကလည်း စာကို လူတွေမျှော်နေခဲ့တာပဲ။

ထူးခြားတာတော့ရှိတယ်။ နေ့စဉ်လုပ်နေကျ အမြဲလုပ်နေကျဖြစ်လို့ အကျင့်တခုလို စွဲလန်းသွားတတ်တယ် ဆိုပေမဲ့လည်း လုပ်နေကျအားလုံးကို စွဲလန်းတတ်တာ၊ မျှော်နေတတ်တာ မဖြစ်ဘူး။ ဥပမာ အိမ်သုံးဖုန်း၊ အမြဲသုံးနေတာပဲ၊ နေ့တိုင်း တယောက်ယောက် ဖုန်းခေါ်လာမှာကို မျှော်မနေတတ်ဘူး။ ကြော်ငြာတွေ များလွန်းလို့ ဖုန်းမြည်တာတောင် မကိုင်တော့ဘူး။ ဆဲလ်ဖုန်းလဲ ဒီအတိုင်းပဲ၊ မျှော်မနေဘူး၊ အသိထဲက ဖုန်းခေါ်လာတာတောင် သူနဲ့မပြောချင်ရင်(မအားလို့) ဖုန်းကိုပြန်မထူးဘူး၊ မက်ဆော့ခ်ျပဲ ချန်ခိုင်းလိုက်တယ်။ အီးမေးလ်လဲ အတူတူပဲ၊ နေ့တိုင်း အီးမေးလ်ကို မျှော်မနေတတ်ဘူး၊ ကွန်ပြူတာနေ့တိုင်း သုံးဖြစ်ရင်တောင် အီးမေးလ်ကို မဖွင့်ကြည့်ကြဘူး။ ဒါပေမဲ့ နေ့တိုင်း စာတိုက်ပုံးလေးကို သွားဖွင့်ကြည့်ကြတယ်၊ ဘာစာများရောက်နေမလဲလို့။

အခု အမေရိကမှာ ကျနော်ကိုယ်တိုင် စာပို့သမား(ယာယီ) ဖြစ်နေတော့ စာပို့လုပ်ငန်းက လူတွေနဲ့ ဘယ်လောက်ထိတွေ့မှုရှိတယ်၊ အရေးကြီးတယ်ဆိုတာ ပိုသိလာတယ်။ နွေ၊မိုး၊ဆောင်း မရှောင် စာတွေပို့နေတဲ့ စာပို့သမားတွေကို လူတွေက ချစ်ကြတယ်။ အမေရိကန်ပြည်သူတွေရဲ့ ယုံကြည်မှုအရှိဆုံး လုပ်ငန်းမှာ စာပို့လုပ်ငန်း ပါဝင်ပါတယ်။ သိကြတဲ့အတိုင်း စီးပွားရေးပျက်ကပ်ထဲမှာ အမေရိကန်ရဲ့ စာပို့လုပ်ငန်းလည်း မရှောင်ရှားနိုင်ပါဘူး။ မနှစ်ကဆို နှစ်ဘီလီယံလောက် အရှုံးပြတယ်၊ စာတိုက်ဝန်ထမ်း သောင်းချီကိုလည်း အလုပ်ဖြုတ်ခဲ့တယ်။ ဟုတ်တယ်လေ၊ စာအရေအတွက်က အရမ်းကိုလျော့ကျသွားတယ်။ စီးပွားရေး မကောင်းတာရယ်၊ အင်တာနက် နည်းပညာတွေရဲ့ အကျိုးသက်ရောက်မှုတွေလည်း ပါတာပေါ့။ ဒီနှစ်လည်း ဆက်ပြီး အရှုံးပြမယ် ဆိုတာ ကြိုတင်တွက်ချက်ထားတယ်။ တပတ်ခြောက်ရက် စာပို့ရက်ကနေ တပတ်ငါးရက်ပဲ ပြောင်းမလိုလို သတင်းတွေလည်း ထွက်နေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်စာပို့လုပ်ငန်းက ဆက်လက်တည်ရှိနေအုံးမှာ သေချာပါတယ်။ ၀န်ထမ်းတွေ ထပ်လျော့မယ် ဆိုလည်း ကျနော့်လို ယာယီစာပို့သမားတွေက ဦးဆုံး ဖြုတ်ရင်ဖြုတ်ခံရမယ် (ဖြုတ်လည်း ဖြုတ်နေတယ်)၊ ဒါပေမဲ့ စာတွေက အမေရိကန် တနိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုတိုင်းရဲ့ စာတိုက်ပုံးထဲကို ရောက်နေအုံးမယ်၊ လူတွေ အားလုံးကလည်း နေ့တိုင်း စာကို မျှော်နေဦးမယ် ဆိုတာ သေချာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts