>Burma’s Last Chance

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အခင်းအကျင်းသစ်
(သို့မဟုတ်)
မြန်မာနိုင်ငံ ပြဿနာများကို တရုတ်နိုင်ငံ မပါဘဲ ဖြေရှင်းရန် တောင်းဆိုခြင်း
အောင်ဒင်
မေ ၂၇၊ ၂၀၀၉

ကျနော့ရဲ့ အမိမြေ၊ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အဝေးက ထောက်ခံနေတဲ့ သာမန် ပြည်သူတစ်ယောက် အနေနဲ့ နိုင်ငံတကာ မိသားစုကြီးဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို ကူညီ အဆုံးသပ်ပေးနိုင်လိမ့်မယ် လို့ ယုံကြည် မျှော်လင့်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံ အတော်များများ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နိုင်ငံများ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ စတဲ့ နိုင်ငံများ မြန်မာနိုင်ငံအရေး ဖြေရှင်းရာမှာ ကွဲပြားတဲ့ စိတ်ဝင်စားမှုတွေ၊ အဆင့်မတူတဲ့ လွှမ်းမိုးမှုတွေ၊ မတူညီတဲ့ တာဝန်ယူမှုတွေနဲ့ ပါဝင် ပတ်သက်နေကြပါတယ်။ အဲ့ဒီ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အရေး စိတ်ဝင်စားမှု အပေါ် ကျေးဇူး တင်ပေမဲ့၊ အခု အချိန်ကတော့ ဒီနိုင်ငံများရဲ့ ပါဝင် ပတ်သက်မှုတွေကို သေသေ ချာချာ ပြန်လည် သုံးသပ်ပြီး နိုင်ငံတကာ မိသားစုကြီးက မြန်မာ ပြည်သူတွေ စစ်ကျွန် ဘဝက လွတ်မြောက်အောင် အထိရောက်ဆုံး စွမ်းဆောင်နိုင်မယ့် နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ် နေပါပြီ။

“တရုတ်၊ အိန္ဒိယ၊ စတဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံလို့ ခေါ်ကြတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း တို့ရဲ့ ထိရောက်တဲ့ လေးနက်တဲ့ ဆောင်ရွက်ချက်တွေ မပါဘဲ မြန်မာ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်မလာနိုင်ဘူး” လို့ ကျနော်တို့ ယေဘုယျ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ သဘောပေါက်ရမှာက မြန်မာ နိုင်ငံဟာ တရုတ်ရဲ့ လက်အောက်ခံ နိုင်ငံ ဘဝကို ရောက်နေပြီ ဆိုတာပါပဲ။ တရုတ် အစိုးရက မြန်မာ စစ်အုပ်စုကို လူသတ်လက်နက်တွေ ရောင်းချ၊ ချေးငွေတွေ ထောက်ပံ့ငွေတွေ ပေးပြီး အကြမ်းဖက် အုပ်စိုးမှုကို ရှင်သန် ကြီးထွားစေတယ်၊ အပြန်အလှန်အားဖြင့် တရုတ် အစိုးရက မြန်မာ နိုင်ငံကနေ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံ တူးဖော်ခွင့်၊ မဟာဗျူဟာမြောက် ရေနံ တင်ပို့ရေး ပိုက်လိုင်း တည်ဆောက်ခွင့်တွေ ရနေပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး လို့ ခေါ်ကြတဲ့ အိန္ဒိယနိုင်ငံကလဲ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စွန့်ပယ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းကပါ။ တရုတ် အစိုးရရဲ့ မြန်မာနိုင်ငံတွင်း ခြေကုပ်ယူ ချဲ့ထွင်မှုတွေကို စောင့်ကြပ် ထိန်းမတ်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ နယ်စပ်ဒေသ အခြေစိုက် နာဂသူပုန်တွေကို တိုက်ခိုက်ရာမှာ အကူအညီ ရဖို့ မျှော်လင့်ချက်တွေနဲ့၊ အိန္ဒိယ အစိုးရက မြန်မာ စစ်အုပ်စုကို နွေးထွေး ကြင်နာနေတာ ကြာပါပြီ။ အာဆီယံကို ကြည့်ရင်လဲ အဖွဲ့ဝင် နိုင်ငံတချို့ အထူးသဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော၊ ဘရူနိုင်း နိုင်ငံတွေမှာ မြန်မာ စစ်အုပ်စုနဲ့ အလားသဏ္ဌာန် တူတဲ့ အာဏာရှင် အစိုးရတွေက အုပ်ချုပ်နေကြတာပါ။ ဒီတော့ အာဆီယံအဖွဲ့ကြီးကနေ မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ အရေးယူဖို့ ဆိုတာ မျှော်လင့်နိုင်စရာ မရှိပါ။ ဒီနိုင်ငံတွေ အားလုံးဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ ပြည်သူတွေ အကြား နားလည်မှုတွေ တည်ဆောက်နိုင်ဖို့ အားကိုးရမယ့် နိုင်ငံတွေ မဟုတ်ပါဘူး။

ဒီကနေ့ အထိ မြန်မာနိုင်ငံအရေး ဝင်ရောက် ဖြေရှင်းပေးနေကြတဲ့ ကမ္ဘာ့ နိုင်ငံတွေကြားမှာ အားလုံး သဘောတူတဲ့ ဆုံးဖြတ်ချက် တစ်စုံ တစ်ခု မချနိုင်ကြသေးပါဘူး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွေဟာလဲ အဖွဲ့ဝင် တစ်ဆဲ့ငါးနိုင်ငံကြားမှာ အမြဲတမ်း သဘောထား ကွဲလွဲမှုတွေနဲ့ အဆုံးသတ်ခဲ့ကြတာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ဦးဆောင်တဲ့ အုပ်စုက မြန်မာနိုင်ငံအရေးမှာ လုံခြုံရေး ကောင်စီရဲ့ ထိရောက်တဲ့ တိုက်ရိုက် ပါဝင် ပါတ်သက်မှုကို တောင်းဆိုနေကြပေမဲ့၊ တရုတ်၊ ရုရှား ဦးဆောင်တဲ့ အုပ်စုကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ လုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးရမယ့် အခြေ အနေမှာ မရှိဘူး ဆိုပြီး မြန်မာနိုင်ငံ ပြဿနာကို လုံခြုံရေး ကောင်စီရဲ့ အာဂျင်ဒါ စာရင်းထဲက ဖယ်ရှားဖို့ ကြိုးစားနေကြတာပါ။ ဗီတိုပါဝါသုံးမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တရုတ်က လုံခြုံရေး ကောင်စီရဲ့ မြန်မာ နိုင်ငံ အရေး ပတ်သက်မှုကို ကြေညာချက်တွေ ထုတ်ပြန်တဲ့ အဆင့်မှာပဲ ရှိအောင် ထိရောက်စွာ ကန့်သတ်ထားပြန်ပါတယ်၊ အဲဒီ ကြေညာချက်တွေဟာ တကယ်တမ်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေ မပါဘဲ စိတ်ပူပန်မှုကို ဖော်ပြတဲ့ အဆင့်မှာပဲ ရှိလို့ မြန်မာစစ်အုပ်စု အတွက် ဂရုစိုက်စရာ မရှိပါ။ အလားတူ သဘောထား ကွဲလွဲမှုတွေကို အဖွဲ့ဝင် ၁၄ နိုင်ငံ ပါတဲ့ ကုလသမ ဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မိတ်ဆွေများအဖွဲ့ မှာလဲ တွေ့နေရပါတယ်။

အခြေအနေက အလွန့်အလွန်ကို တုန်လှုပ် ချောက်ချား စရာပါ။ လူတွေ သေနေကြတယ်၊ အကြမ်းဖက်တာတွေ ဖိနှိပ်တာတွေက အဆက်မပြတ် ဖြစ်ပွားနေတယ်၊ ဘယ်သူမှ ဒါတွေကို မရပ်တန့်နိုင်ကြဘူး၊ အခု လတ်တလောမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်တွေကို ချိုးဖောက်တယ် ဆိုပြီး မတရားတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင် နေရပါတယ်၊ သူမဟာ နောက်ထပ် ထောင်ထဲမှာ နှစ်အတော်ကြာ ဆက်နေရဖို့နဲ့ လူထုနဲ့ အဆက်ဖြတ်ခံရဖို့ သေချာနေပါတယ်၊ ကြေညာချက်တွေ၊ ရှုတ်ချတာတွေဟာ အဓိပ္ပာယ်ရှိတဲ့ ထိရောက်တဲ့ အရေးယူမှု မဟုတ်ဘူး၊ အခုလို နိုင်ငံတကာရဲ့ တွန့်ဆုတ် တွေဝေမှုတွေနဲ့ ဆက်သွားကြမယ်ဆိုရင် နအဖ စစ်အုပ်စုကိုပဲ အာဏာကို ရှည်ကြာ ဆုပ်ကိုင်ထားနိုင်ဖို့ အခွင့် အရေး ပေးသလို ဆက်ဖြစ်နေမှာပဲ၊ မြန်မာနိုင်ငံအရေးမှာ နိုင်ငံတကာအစိုးရတွေရဲ့ ပါဝင် ပတ်သက်မှုကို တကယ် အသုံးဝင်တဲ့ ယန္တရားတစ်ခု ဖြစ်အောင် ပြင်ဆင် ဖွဲ့စည်းဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ဒါမှလဲ မြန်မာ ပြည်သူတွေကို ထိထိ ရောက်ရောက် ကူညီနိုင်မှာပါ။ အခု အချိန်မှာ နိုင်ငံတကာ မိသားစုကြီး အနေနဲ့ အင်မတန် ခေါင်းမာလှတဲ့ နအဖ စစ်အုပ်စုကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ သမားရိုးကျ သံတမန် နည်းလမ်းများရဲ့ အပြင်ဖက်ကနေ စဉ်းစားအဖြေရှာဖို့ တန်ပါပြီ။

ကျနော် က “အာဆီယံ ၅” လို့ အမည် ပေးထားတဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား နိုင်ငံများဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အထူး လိုလားကြောင်း မကြာခဏ ထုတ်ဖော် ပြသနေကြတာပါ။ ဒီနိုင်ငံတွေဟာ မြန်မာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပျက်စီး ယိုယွင်းနေတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုလဲ ပြန်လည် မြှင့်တင်ချင်ကြတာမို့ နအဖ စစ်အုပ်စု နဲ့ အနောက် ဒီမိုကရေစီ နိုင်ငံတွေအကြား ဝင်ရောက် ညှိနှိုင်းပေးချင်ကြတာပါ။ ဒီတော့ အရေအတွက်လဲ မများပဲ တကဲ့ကို စိတ်ပါဝင်စားစွာ ပါဝင် ဆောင်ရွက်ကြမဲ့ နိုင်ငံတွေချည်း ပါတဲ့ နိုင်ငံတကာ ဖြန်ဖြေရေး အုပ်စုသစ် တစ်ခုကို အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အာဆီယံ ၅ နိုင်ငံ ပူးပေါင်း တည်ထောင်ကြမယ် ဆိုရင် ဒီ နိုင်ငံတကာ ယန္တရား အသစ်ဟာ ထိရောက်တဲ့ ဖိအားပေးမှု၊ စွဲဆောင်မှုတွေကို ပူးတွဲ ကျင့်သုံးပြီး မြန်မာ စစ်အုပ်စု နဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုများအကြား အဖြေ ရှာပေးနိုင်မှာပါ။

ဒီ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” ဟာ သူတို့ရဲ့ အဆင့်မြင့် သံတမန်များကို အမြန်ဆုံး စည်းဝေးစေပြီး မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဖြစ်ပေါ်လာရေး အားလုံး လက်ခံ သဘောတူတဲ့ အစီအစဉ်/လုပ်ငန်းစဉ် တစ်ရပ်ကို ဘုံမျှော်လင့်ချက်တွေ၊ အဆင့်လိုက် ရည်မှန်းချက်တွေ နဲ့ ပြင်ဆင်ရေးဆွဲပြီး မြန်မာနိုင်ငံက လူဖန်တီးတဲ့ အကြပ်အတည်းတွေကို အဆုံးသတ်ရေး တာဝန်တွေ ခွဲဝေယူကြရမှာပါ။ အမေရိကန် နဲ့ အီးယူက နအဖကို ဆွဲဆောင်နိုင်မယ့် ကမ်းလှမ်းချက်တွေ နဲ့ အသင့် ပြင်ထားရမှာ ဖြစ်ပြီး အာဆီယံ ၅ နိုင်ငံ ကတော့ ဒီ ဆွဲဆောင်မှုတွေ တကယ်ဖြစ်လာရေးအတွက် နအဖ ဘက်က အပြုသဘော ဆောင်ရွက်အောင် ဒီအုပ်စုရဲ့ ရှေ့တန်းကနေ တာဝန်ယူ ကြိုးစားရမှာပါ။ အင်ဒိုနီးရှား သမ္မတကြီး ဆူစီလို ဘန်ဘန်း ရပ်ဟိုရိုနိုဟာဖြင့် ဒီ အုပ်စုရဲ့ ကိုယ်စား နအဖရဲ့ အာဏာအရှိဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ညှိနှိုင်း ဆွေးနွေးရမယ့် အသင့်တော်ဆုံး ပုဂ္ဂိုလ်ပါပဲ။ သူကနေပြီး သန်းရွှေကို မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး စစ်အုပ်စု နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ ပူပန်မှုတွေကို တပြိုင်နက်တည်း ဖြေရှင်းကြမယ့် လုပ်ငန်းစဉ်ကို လက်ခံလာအောင် ဆွေးနွေးရမှာပါ။ ဆွဲဆောင်မှုတွေ သက်သက်နဲ့တော့ အလုပ် ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကြောင့်မို့ နအဖ ဗိုလ်ချုပ်တွေကို သူတို့ ကျူးလွန်နေကြတဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး တင်ဖို့ ပြင်ဆင် ခြိမ်းခြောက်ခြင်းဟာဖြင့် ဆွဲဆောင်မှု ကမ်းလှမ်းချက်တွေကို နအဖ ဗိုလ်ချုပ်တွေက စိတ်ဝင်စားလာစေနိုင်ပါတယ်။ ဒီ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” အုပ်စုသစ်ဟာ ပါဝင်သူ နိုင်ငံတွေ များပြီး အလုပ် မဖြစ်၊ အဖြေမထွက်တဲ့ လက်ရှိ နိုင်ငံတကာ အစည်းအဝေးများထက် ပိုပြီး ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မှာပါ။

ဒီမှာလဲ အခက်အခဲတွေ ရှိနေသေးရဲ့။ အာဆီယံ ၅နိုင်ငံက ဒီ အုပ်စု မှာ ပါဝင်ဖို့ကို တွန့်ဆုတ် နေနိုင်ပါတယ်၊ တရုတ် အစိုးရကလဲ ဒီ အုပ်စုဝင်တွေကို သူ့ မဟာမိတ် နအဖကို မနှောင့်ယှက်ကြဖို့ ဖိအားတွေ ပေးပြီး အခြေအနေကို ပို ရှုပ်ထွေးအောင် လုပ်နိုင်ပါတယ်၊ ပြီးတော့ ဒီအုပ်စု အသစ်ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့ အားကောင်းတဲ့ ဦးဆောင်မှု မပါဘဲ မအောင်မြင် နိုင်ပါဘူး၊ The Tom Lantos Block Burma Jade Act 2008 မှာ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူး ကိုယ်စားလှယ်ကို အမြန်ဆုံး ခန့်အပ်ဖို့ လိုပါတယ်။ ဒါမှသာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အရေး အဆက်မပြတ် ပါဝင် ပတ်သက်မှုနဲ့ အလေးအနက် ရှိမှုကို ပြနိုင်မှာပါ။ လွန်ခဲ့တဲ့ သုံးလလောက်က စခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်ခြင်းကိုလဲ အပြီးသတ်ပြီး လက်ရှိ အရေးယူမှုတွေ ဖိအားပေးမှုတွေကို ဆက်ပြီး ထိန်းသိမ်းထားဖို့၊ သံတမန်ရေး လှုပ်ရှားမှုတွေကို နှစ်ဆ တိုးဖို့နဲ့ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” အုပ်စုသစ်ကို ဦးဆောင်ဖို့ တို့ စတင်သင့်ပါပြီ။

နောက်ဆုံးမှာတော့ စစ်မှန်တဲ့ အပြောင်းအလဲတွေဟာ မြန်မာနိုင်ငံတွင်းကပဲ ဦးဆောင် ဖြစ်ပေါ်ရမှာပါ။ ဒါပေမဲ့လဲ အောင်မြင်ခဲ့ကြတဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ၊ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ဂွာတီမာလာမှာ၊ တောင်အာဖရိကမှာ၊ ဖိလစ်ပိုင်မှာ၊ မြောက်အိုင်ယာလန်မှာ၊ မရေတွက်နိုင်တဲ့ အခြား နိုင်ငံတွေမှာ၊ နိုင်ငံတကာ အရေးယူမှုတွေဟာ အပြောင်းအလဲများ ဖြစ်ပေါ်ရေး အတွက် အောင်ပွဲရဲ့ လိုအပ်ချက်တွေ ဖြစ်ခဲ့တာ အထင်အရှားပါ။ အစောပိုင်းတုန်းက ဘယ်လိုမှ လုပ်လို့ မရတော့ပါဘူး လို့ ထင်ထားတဲ့ နည်းလမ်းတွေဟာ မှန်ကန်တဲ့ မဟာဗျူဟာကို ရှာဖွေ ကျင့်သုံးပြီး အဆက်မပြတ် အလေးပေး ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုကို ယူဆောင်ပေးနိုင်မှာပါ။ ကျနော်တို့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဦးဆောင်မှု နဲ့ သမ္မတ အိုဘားမား ရဲ့ အရေးယူမှုတွေကို စောင့်ကြည့် မျှော်လင့်နေကြပါတယ်။ ။


[ အောင်ဒင်ဟာ မြန်မာနိုင်ငံတွင်းမှာ ၁၉၈၉ ကနေ ၁၉၉၃ အထိ လေးနှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက် ဖြစ်ပါတယ်၊ အခု လက်ရှိမှာတော့ Washington, DC အခြေစိုက် U.S. Campaign for Burma ရဲ့ အမှုဆောင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ယူရင်း အမေရိကန် အစိုးရ နဲ့ ကွန်ဂရက် လွှတ်တော်ကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများ ကြံ့ခိုင် သန်စွမ်းဖို့ စည်းရုံး နေသူ ဖြစ်ပါတယ်။ ]

(မှတ်ချက်…..Far Eastern Economic Review တွင်၂၀၀၉ ခုနှစ် မေလ ၂၆ ရက်နေ့က ဖော်ပြသော Burma’s Last Chance ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် တိုက်ရိုက် ပြန်ဆိုသည်။)

http://www.feer.com/international-relations/20098/may56/Burmas-Last-Chance


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts