>NLD marked 19th Anniversary of 1990 Election Victory

>



အင်န်အယ်ဒီပါတီ ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲ ၁၉ နှစ်ပတ်လည် အခမ်းအနားပြုလုပ်

မိုးမခ

မေ ၂၈၊ ၂၀၀၉

ယမန်နေ့က ရန်ကုန်မြို့၊ ဗဟန်းအရပ်၊ အင်န်အယ်ဒီပါတီဌာနချုပ်တွင် ပါတီခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ပါတီဝင်များ၊ လူငယ်များနှင့် ဖိတ်ကြားထားသော သံတမန်များဖြင့် ၁၉ နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပသည်။ အခမ်းအနားတွင် သဘာပတိက မိန့်ခွန်းပြောကြားခြင်း၊ ကြေငြာချက် ၁၃၊ ၀၅၊ ၀၉ ကို ထုတ်ပြန်ခြင်း၊ အချုပ်အနှောင်ခံရသူများနှင့် စွန့်လွှတ်စွန့်စားသူများကို ရည်စူးပြီး ဖယောင်းတိုင်ထွန်းခြင်း နှင့် ငှက်များလွှတ်ခြင်းတို့ကို ပြုလုပ်သည်ဟု သိရသည်။ စစ်အုပ်စုက ရန်ကုန်တမြို့လုံး လုံခြုံရေးတင်းကြပ်ထားပြီး ပါတီဌာနချုပ်ကို လုံခြုံရေးများ၊ လက်နက်ကိုင်များ၊ အရပ်ဝတ်အကြမ်းဖက်သမားများ ချပြီး စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။

သဘာပတိက ပြောကြားရာတွင် – စစ်အုပ်စုသည် ပေးထားသော ကတိက၀တ်များကို မတည်ခြင်း၊ သို့ဖြစ်ပါ၍ တိုင်းပြည်အတွက် စံနမူနာဆိုးအဖြစ် တရားဥပဒေ စိုးမိုးမှု လုံးဝမရှိခြင်း၊ အထွေထွေ အကြပ်အတည်းများ ဆိုက်ရောက်နေခြင်း တို့ကြောင့် နိုင်ငံရေးအင်အားစုတို့ တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းကြောင်း ပြောကြားသွားသည်။





ပါတီ၏ ၁၃၊ ၀၅၊ ၀၉ ထုတ်ပြန်ချက်တွင် – အမျိုးသားညီလာခံနှင့် ၂၀၀၈ အခြေခံဥပဒေတို့ကို စစ်အစိုးရက တဖက်သတ်ဆောင်ရွက်ခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲအသစ်ကို သံသယရှိကြောင်း၊ နိုင်ငံတကာက ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို အကောင်အထည်ဖော်ပေးရန် စဉ်ဆက်တစိုက် တောင်းဆိုထားပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် လွတ်လပ်ပွင့်လင်းတရားမျှတသော အခြေအနေတရပ်ကို ဆောင်ရွက်အကောင်အထည်ဖော်ကြရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။





လွန်ခဲ့သည့် ၁၉၉၀ မေ ၂၇ ရက်နေ့က စစ်အုပ်စုကျင်းပပေးသော ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ် အများဆုံးနှင့် အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အုပ်စုက တိုင်းပြည်အာဏာကို ရွေးကောက်ခံကိုယ်စားလှယ်တို့ထံ လွှဲအပ်ရန် ငြင်းဆန်ခဲ့ပြီး ဖိနှိပ်မှုများကို ဆက်လက်ပြုလုပ်ခဲ့ရာ နှစ်ပေါင်း ၂၀ ကြာချိန်အထိ မြန်မာပြည်သည် အထွေထွေအကြပ်အတည်းများ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။



ယခုအချိန်တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို အရေးယူရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ကို မြန်မာပြည်အနှံ့အပြားရှိ ထောင်များ၊ ရဲဘက်စခန်းများတွင် ချုပ်နှောင်ထားသည်။



ထုတ်ပြန်ချက်အပြည့်အစုံကို သည်မှာ ရယူ ဖတ်ရှုနိုင်ပါပြီ။ http://www.scribd.com/doc/15864052/NLD-19th-Anniversary-Election-Statment-13


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts