>Soe Ne Lin – Rotten Apples

>

သစ်သီးပုပ်များ
စိုးနေလင်း
အောက်တိုဘာ ၂၊ ၂၀၁၀
ပြင်သစ်ပြည်ကျေးလက်က
ဆယ်ကျော်သက်ကလေးတွေရဲ့
အေးစက်ခက်ရှ အကြည့်က
နာဇီဝါဒရဲ့ ခြေလှမ်းတွေကိုတောင်
ယောင်ကန်း ရှက်အမ်းဖြစ်စေခဲ့ကြ။
ဒီမှာက
မျက်လွှာချ ပြုံးပြ
အတောင်ပံ မှ မဖြန့်ရဲပဲ
ကောင်းကင်ပြင်ထဲ ပျံဝဲချင်သတဲ့
ပြည့်တန်ဆာမ တယောက်ရဲ့
သဲ့သဲ့ငြီးတွားသံကမှ
ဘ၀အနက်အဓိပါယ်
တင့်တယ်ပြည့်ဝနိုင်သေးပါရဲ့။
ပဲ့ကြွေသွားတဲ့ သစ္စာတရားထဲမှာ
အနုပညာဝါဒအားလုံး
ပြုန်းတီးချနင်းခံလိုက်ရပြီ…
ပတ်ဗလိုနီရူဒါ* ရယ်
ကြယ်ကြွေတွေကိုယ်စား
စကားနည်းနည်းပြောပေးစမ်းပါ။
ဒါဟာ…
ဧရာဝတီရဲ့ဝမ်းဗိုက်ထဲက
ထွက်ကျလာတဲ့ ပိုးလောက်တွေ
ရွှေရည်စိမ် တံဆိပ်တွေချိတ်လို့
ပျို့အံချင်စရာအပြုံးက
မြေခွေးမျက်လုံးတွေကို ဖုံးကွယ်မရ
ဆုချနေတဲ့ လက်ချောင်းတွေထဲမှာ
သားရေ ကြာပွတ်တခုရှိတယ်။
မေ့ပျောက်လွယ်သူတွေပါပဲ
တစစ အေးခဲထုံထိုင်းလာကြ
ခဏငယ်လေးအတွင်းမှာပင်
ရာဇ၀င်ညစ်စွန်း
မှောင်လွန်းတဲ့ တမွန်းတည့်အောက်
ညှိုးခြောက်ကွယ်ပျောက် သွားပေလိမ့်မယ်။ 
* Poet Pablo Neruda (Chile)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts