>USDA Party backed by Burmese Regime on spending spree with State Money & Resources on 2010 Campaign

>

ကြံ့ဖွံ့အမတ်များလူထုစည်းရုံးရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာသုံးစွဲနေ
ဝင်းမြတ်၊ ရန်ကုန်
စက်တင်ဘာ ၂၄၊ ၂၀၁၀
ကြံ့ဖွံ့ပါတီအမတ်များက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ၀န်ထမ်းများကို အသုံးပြုကာ စည်းရုံးရေးအနေဖြင့် လူထုအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေး နေသည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီအမတ်ဖြစ်သည့် ၀န်ကြီးများနှင့် စစ်ဗိုလ်ဟောင်းများက ၄င်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဓါတ်ခွဲမှူးများကို ရုံးပိတ်ရက်များတွင်ခေါ်ယူကာ ရောဂါရှာဖွေခြင်း၊ ကုသပေးခြင်း စသည့်အလုပ်များစေခိုင်းခြင်းဖြစ်သည်။
“ဘာမှမသိတဲ့ လူထုကို ကုသပေးရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့တွေက သူတို့ မဲရရှိရေး အတွက် နိုင်ငံတော်ပိုက်ဆံတွေကို သုံးနေတာ။ သူတို့အိတ်ကပ်ထဲက တစ်ပြားမှ စိုက်တာမဟုတ်ဘူး။ ကိုယ့်စားရိတ်နဲ့ ကိုယ်သွားပြီး ဌာနကစက်တွေ၊ ဆေးတွေနဲ့ လုပ်ပေးရတာ”
လို့ ဓါတ်ခွဲမှူးတစ်ဦးကပြောပါသည်။
ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ပိုင်စိုးက ၄င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကို တစ်ပတ်တစ်ကြိမ် အခမဲ့ကျန်းမာရေးစစ်ဆေး ကုသမှုများပြုလုပ်ရန် ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူစေခိုင်းသည်ဟု ဆိုသည်။ မျက်စိခွဲစိတ်ကုသပေးခြင်း၊ ကူးစက်ရောဂါအပါအ၀င် အခြားသောရောဂါ ရှာဖွေစစ်ဆေးမှုများပါဝင်သည်။
၎င်းကဲ့သို့ ပြုလုပ်ပေးရာတွင် အချို့သော ဓါတ်ခွဲစမ်းသပ်မှုများအတွက် အသုံးပြုရသည့် ဓါတ်ကူပစ္စည်းများမှာ ရှားပါးပြီး ဈေးကြီးသည့်အတွက် လွန်ခဲ့သည့်တစ်လအတွင်း ရောဂါရှာဖွေရေးနှင့် ကုသရေးအတွက် သုံးစွဲခဲ့သော ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ထောင်ချီ ရှိနေပြီဟု ခန့်မှန်းရကြောင်း လိုက်ပါဆောင်ရွက်ပေးနေရသည့် ဓါတ်ခွဲမှူးတစ်ဦးက ပြောသည်။
            ကြံ့ဖွံ့ပါတီအနေဖြင့် သီသန့်မဲဆွယ်စည်းရုံးရေး မလုပ်ဆောင်တော့ဟု ပြီးခဲ့သည့်လက ပြောဆိုခဲ့သည်။ သို့ရာတွင် လက်ရှိအာဏာကို ရယူထားသည့် အစိုးရအဖွဲ့ဝင်အားလုံးမှာ ကြံ့ဖွံ့ပါတီတွင် အရေးပါသည့် ရာထူးနေရာများကို တာဝန်ယူထားခြင်းကြောင့် အစိုးရအဖွဲ့အနေဖြင့် သွားလာလုပ်ဆောင်မှု ခရီးစဉ်အားလုံးနီးပါးကို ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲမဲဆွယ်ခရီးသဖွယ် အသုံးချလျက်ရှိသည်ကို တွေ့ရှိနေရသည်။
ကျန်းမာရေး ဒုဝန်ကြီးက အထက်တွင်ဖေါ်ပြသကဲ့သို့ မဲဆွယ်စည်းရုံး ခရီးအဖြစ်လုပ်ဆောင်နေသလို ပညာရေးဝန်ကြီး ဒုဝန်ကြီးအနေဖြင့်လည်း ကျောင်းဆရာ၊ ဆရာမများအား ကြံ့ဖွံ့အားမဲပေးရန် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းသည် မဲဆွယ်စည်းရုံးရေး ပင်ဖြစ်သည်ဟု ဌါနဆိုင်ရာဝန်ထမ်းများက ပြောဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts