>To Whom It May Concern :)

>

ခွေးတစီစီနဲ့ ဦးပြောင်ကြီးရဲ့ ခြင်္သေ့ယိမ်းကား

ဂျီးဒေါ်လှိုင်

စက်တင်ဘာ ၂၁၊ ၂၀၁၀

(သရုပ်ဖော် – ဘီရုမာ)

“ဒူး..ချပ်… ဒူး..ဒူး..ချပ်…… ဒူး..ချပ်… ဒူး..ဒူး…ချပ်..”

မြူးမြူး ကြွကြွ တေးဂီတသံ များကြောင့်… ဂျီးဒေါ်တောင် အနှစ်(၂၀) လောက် ပြန်ငယ်သွား သလိုလို…။

သြော်…ဘုရားပွဲတော် စပြီပဲ..။ လမ်းထဲ ချိုးဝင်လာသော ယိမ်းကား နဖူးစည်းမှာ.. ဆွဲထားသောပုံက ခြင်္သေ့ကြီးတကောင်… ငုတ်တုပ်ကြီး… အစွယ်ပြူးပြူးနှင့်ပါလား… ခြင်္သေ့ယိမ်း ထင်တယ် …။ ကိုယ့်စားဝတ်နေရေး ကိုယ်.. လုံးပန်း နေရလို့.. ဒီနှစ်မှာ ယိမ်းကား ဘယ်နှစ်စီး ရှိမှန်းပင် မသိ။ ယိမ်းကားတစီးကို သိန်းရာချီ ကုန်ကျသည့် ခေတ်မို့ ဂျီးဒေါ်တို့ ငယ်တုန်းကလို ယိမ်းကားတွေ အပြိုင် အဆိုင် ထွက်နိုင်မယ် မထင်ထားခဲ့..။

သို့သော်……. အမေ့ပိုက်ဆံ.. ကိုယ့်ပိုက်ဆံ ဖြစ်နေသော… ဦးပြောင်ကြီးတို့ တစုကတော့ ခါတော်မှီ အကွက် ဆိုက်နေပါလား…။ ယိမ်းကားပေါ်တွင်…. ပြိုးပြိုး ပြက်ပြက် .. ကွင်းကွင်း ကွက်ကွက်.. ၀တ်ဆင်ထားသော… ၂၁ ရာစု။ သမီးပျိုလေးတွေက.. ခြေ တလှုပ်လှုပ် လက် တလှုပ်လှုပ်…။ ယိမ်းကား နံဘေးမှာ ရောင်စုံ ပန်းချီစာလုံးများဖြင့် ‘ယနေ့ နာမည်ကျော် စူပါ မော်ဒယ် သရုပ်ဆောင် အဆိုတော် ပါ တဠိ ပုဒ်ခါးစောင်း ပါဝင် သီဆို သည်’ ဆိုပါလား…။

“ဟိုက်…ရှားလဘတ်ရည်” လို့ ဂုရုကွေးကြီး စတိုင် ရေရွတ် လိုက်မိတယ်..။ နာမည်က.. အလန်းစား ပါလား … တခါမှတောင် ဒီနာမည် မကြားဘူးသေး..။ အေးလေ.. ဂျီးဒေါ် ဆိုတော့လည်း.. အသက် ၂၀၀၀ မပြည့်သေးပေမယ့် .. ဒိတ်တော့ နည်းနည်း အောက်ရောပေါ့..။

ဒါပေသည့် နာမည်က ဆန်းသလို.. မြင်ကွင်းကလည်း ဆန်းနေတယ်..။ ယိမ်းကားပေါ်က မော်ဒယ်လေးတွေ ဒီလောက် လှုပ်ပြ နေပေမယ့် ခါတိုင်းလို ပရိသတ် မရှိ…။ ယိမ်းကားနောက်မှာ… ခါတိုင်းလို..အကို ကာလသား များကို မတွေ့ရဘဲ.. နဖူးပြောင်ပြောင် ဗိုက်ရွှဲရွှဲဖြင့်… မြို့မျက်နှာဖုံးစွပ် .. ဘဘ ကာလသား ဦးပြောင်ကြီးတို့ တသိုက်ကိုသာ မထူးမဆန်း တွေ့ရပါလား..။

အလို… သုတ်သုတ် .. သုတ်သုတ်နဲ့ အိမ်ထဲ ၀င်လာတာ တူတော်မောင် ..သာဂိ မဟုတ်လား..။ ပါးစပ်ကလည်း .. ဆီမန်း မန်းသလို.. ပွစိ.. ပွစိနဲ့ …။ ညနက်သန်းကောင်.. အိပ်ရေးပျက်ခံတာများလို့.. ဂေါက်များသွားလေသလား…။

“ဟိတ်..သာဂိ.. ဘာတွေ တတွတ်တွတ် ရွတ်လာတာလဲ”

“သြော… ..ဂျီးဒေါ် ..မကြီးမငယ်နဲ့ .. ယိမ်းကား ကြည့်နေရသလား.. ရွေးကောက်ပွဲ ရက်က ကပ်နေပြီဗျ.. ခင်ဗျား.. ဘယ်လို လုပ်မှာလဲ”

“လာပြန်ပလား.. ဒီရွေးကောက်ပွဲ…။ နင်လည်း ဒါနဲ့ ဂေါက်မှာပဲ..။ ဒီမှာ..သာဂိ.. သူတို့ ရွေးကောက်ပွဲကို.. ဘယ်သူမှ.. စိတ်မ၀င်စားဘူး.. သိလား…။ တနေ့ .. တနေ့ ကြက်ယက်သလို ရှာစားနေရတာ.. ဘယ်သူမှလည်း မဲသွားထည့်မှာ မဟုတ်ဘူး..။ ငါလည်း ..သွား မထည့်ဘူး.. ဒါပဲ”

“အင်း.. တကယ်လို့ မဲလာထည့်ဖို့ ..အတင်း အကြပ် ခြိမ်းခြောက်ပြီး.. လာခေါ် ရင် ကော..”

“ဟေ.. အဲလို လာခေါ် လို့ ရလား.. ဒုက္ခော..”

“တကယ်တော့.. လာခေါ်ခွင့်မရှိဘူး..ဂျီးဒေါ်.. ရွေးကောက်ပွဲဥပဒေမှာကို.. လူတိုင်းမှာ မဲမထည့်ဘဲ နေချင်ရင် နေပိုင်ခွင့် ရှိတယ် ဆိုတာ ပါပြီးသား…။ အတင်းအကြပ် လာခေါ်ရင်.. အဲဒီခေါ်တဲ့ သူကို သက်ဆိုင်ရာ ရဲစခန်းမှာ. . ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားစွဲလို့ ရတယ်.. သိလား.။ အဲဒီလူတွေကို..သက်သေ ခိုင်ခိုင် လုံလုံနဲ့ တိုင်နိုင်ရင် အနည်းဆုံး ဒဏ်ငွေ တစ်သိန်း.. ဒါမှမဟုတ်ရင် ထောင်ဒဏ် တနှစ် ချလို့ ရတယ်..။ ဒါ ပေ မယ့်..သက်သေ မခိုင်လုံဘဲ သွားတိုင်ရင်တော့..ဟီး..ဟီး ပြစ်မှု ပိုကြီးတယ်.. ဂျီးဒေါ် ရေ့ ..ထောင်၃နှစ်နဲ့ ဒဏ်ငွေ ၃သိန်း..။ တရားမျှတပါတယ်နော်..ဟီး.ဟီး… …”

“အမ လေး..သာဂိရယ်… တို့ပြည်သူတွေမှာ ကျားလည်း ကြောက်ရ.. ကျားချီးလည်း ကြောက်ရ..။ သူတို့ကို ဘယ်လိုလုပ် တိုင်ရဲပါ့မလဲ..”

“ အင်း.. ဟုတ်တယ်.. ဂျီးဒေါ်..။ ကျနော်တို့လည်း ..အဲဒါပဲ.. ခေါင်းစားနေတာ…။ ဒါပေမယ့်..ဒီလိုပဲ ကြိုးစား လုပ်ရမှာပဲ ..ဂျီးဒေါ်ရေ…။ အနည်းဆုံး… သွားမတိုင် ဖြစ်ရင်တောင်.. ကိုယ့်ကို အတင်းအကျပ် ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းခဲ့ ရင်..။ အဲဒီသူဟာ.. နာမည် ဘယ်သူ..။ ဘာ ..တာ ၀န်… ဆိုတာ တော့ အနည်းဆုံး မေးလိုက်နိုင်ရမယ်..။ အဲလို မေးလိုက်ရင်တောင် .. ဒီကောင်တွေ မနည်း ဖြုံသွားနိုင်မယ်… ထင်တယ်”

“အေးပေါ့လေ.. … မမေးရဲ လို့ ရှိရင် တောင်.. သိအောင်တော့ လုပ်ရမယ်.. ထင်တယ်နော်”

“နောက်ပြီး.. အဲဒီ အချိန် မှာ ..ဘယ်သူတွေ ရှိနေပါတယ် ဆိုတဲ့ သက်သေအထောက် အထားလေးပါ ပြောနိုင်ရင် ပိုကောင်းတာပေါ့။ ကျနော်တို့.. လူငယ် တစုလည်း အဲလို မတရားမှုတွေကို ဖော်ထုတ်ရဲအောင် လိုက်ကူညီနိုင်ဖို့ ပြင်ဆင်နေတယ်.. ဂျီးဒေါ်ရ”

“သာဓုပါတော်..သာဓု.. သာဓု.. ပြောရရင် ကိုယ် ထောက်ခံတဲ့ ..ဒေါ်စု တို့ NLDကတောင် ဒင်းတို့ တရားမမျှတလို့ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲကို ဘယ်ပြည်သူကမှ မဲ မထည့်ချင်ပါဘူးဟယ်..”

“အင်း.. ကျနော်တို့ ပြည်သူတွေ ကလဲ.. ပါးစပ်ကတော့ တော်ရုံ ဖွင့်မပြောကြပေမဲ့.. အရေးအကြောင်းဆို.. တာဝန် ကျေတတ်ကြတာ.. သမိုင်းတလျှောက် ပါပဲဗျာ…”

“ကဲ..ကဲ .. တူတော်မောင်.. အိပ်ရေးလည်း ၀၀အိပ်..။ အားမွေးထား…။ သွား.. ယိမ်းကားလေး ဘာလေးကြည့် .. .. ဦးနှောက် ဆေးလိုက်။ အမယ်.. အဆိုတော် နာမည်ကလည်း ..အဆန်း ဟ..။ ‘ပါတဠိ ပုဒ်ခါးစောင်း’ တဲ့.. လန်းတယ်နော်”

“အဲဒါ..အေသင်ချိုဆွေကို တုပြီး မှည့်ထားတာလေ..ဂျီးဒေါ် ရဲ့ …။ သူ့ အဖေက..ဂေါ်ဇီလာ တဲ့..”

“ဟေ…ဒါဆို ..သီးလေးသီးတောင် ပါ မလား မသိ..။ ငါလည်း လိုက်ကြည့် ဦးမှ..”

“ထပ် သရီး… ဂျီးဒေါ်ရယ်… ဝေးတယ် ပြောရင် .. နာဦးမယ်..။ ဂေါ်ဇီလာ ဆိုတာ.. အကောင်ကြီးကြီးကို ပြောတာဗျ…။ အပေါ်က ညွှန်ကြားချက်နဲ့ လာတာ…။ ဆိုခ တည ကို ၅သိန်း ပေး နိုင်အောင် စီစဉ်ပါ တဲ့…နောက်ဆက်တွဲကလေးနဲ့..”

“ဟယ်.. နာမည် ကြီးလည်း မဟုတ်ဘဲနဲ့…တည ၅သိန်းတောင် …မြတ်စွာ ဘု ရား…”

“အင်းလေ.. ပထမ တော့ မြို့လူထုကို ပိုက်ဆံကောက်ဖို့ ကြံသေးတာ..ဗျ။ ဒီလောက်.. စီးပွားရေးတွေ ကြပ်တည်းနေကြတာ..ဘယ်သူကထည့် နိုင်မလဲ…။ နောက်တော့… ဦးပြောင်ကြီးတို့ အုပ်စုကပဲ ကူညီပါရစေတွေနဲ့ ပေါင်း။ ဆိုင်ရာပိုင်ရာ နိုင်ရာ ငွေတွင်းတွေက အနိုင်ကျင့်ပြီး စိုက်ထုတ်လိုက်ကြသတဲ့..။ ထည့်တဲ့လူတွေကလည်း ထည့်သာထည့်ရတာ.. မေတ္တာတွေ ပို့ကြတာပေါ့ဗျာ။ ဒီ အဖြစ်ကလည်း ရွေးကောက်ပွဲလိုပဲဗျို့ .. ”

“လာ ပြန်ပြီ .. ဒီရွေးကောက်ပွဲ..”

“ဟုတ်တယ်လေ…အတင်း အကျပ် .. မဖြစ် ဖြစ်အောင်.. အနိုင်ကျင့် လုပ်တော့…ဘယ်သူမှ ကြည့်မယ့်သူ မရှိ…။ ရွံစရာ… အော့အော့ကြီး ဖြစ်လို့…”

“ဒွတ် ခ..ဒွတ် ခ…”

ထိုစဉ်… ပါ တဠိပုဒ် ခါးစောင်းတို့ ခြင်္သေ့ယိမ်းကားကြီးသည်… ဂျီးဒေါ်တို့ အိမ်ရှေ့မှ ဂြီးဂြီး..ေဂၚေဂၚ အသံပေးလျက် ခွေးတစီစီနှင့် ဖြတ်လေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts