>Letters from Michigan – 22

>

မစ်ရှီဂန်မှပေးသောစာ (၂၂)
အောင်ဝေး
စက်တင်ဘာ ၁၉၊ ၂၀၁၀ “—အိုဘားမား၏ ၂၀၀၉ ခုနှစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ကဗျာရွတ်နေသော အယ်လစ်ဇဘက်အလက်ဇန္ဒာ—”

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ အရင် တစ်ပတ်က ဖိနှိပ်အုပ်စိုးသူတွေ အလိုကျ ဘုန်းတော်ဘွဲ့ ဖွဲ့ကြသူတွေ အကြောင်း ပြောခဲ့လေတော့၊ အဲဒီမှာ ပြောစရာ ကျန်နေတာ တစ်ခုက အဲဒီလို ဘုန်းတော်ဘွဲ့ ဖွဲ့ကြသူတွေ၊ ဘုန်းတော် မဖွဲ့နိုင်ဖြစ်တဲ့အခါမှာတော့ သူတို့အချင်းချင်း ဝေဖန် ရှုတ်ချတတ်ကြတဲ့ အကြောင်းပါပဲဗျာ။

ဒီအကြောင်း မပြောခင် နည်းနည်းဆက်စပ်မယ့် ကိစ္စကလေး အရင်ဆုံး စကား ပလ္လင်ခံပရစေ။ တခြား မဟုတ်ပါဘူး။ ဒီက၊ အမေရိကန်ပြည်ထောင်စုက သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ တချို့အကြောင်းပါ ကိုဒေါင်း။

အများသိကြတဲ့ အတိုင်းပါပဲ လက်ရှိ အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ အမေရိကန်ပြည် ထောင်စုရဲ့ (၄၄) ဦးမြောက် သမ္မတ ဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ပြီးခဲ့တဲ့၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက်နေ့က ကျင်းပခဲ့တာပါ။

အိုဘားမားဟာ ဒီမိုကရက်ပါတီဝင် တစ်ယောက် ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီက သမ္မတ အရွေးခံရလို့ တက်လာရင်၊ အမေရိကန်နိုင်ငံက နာမည်ကြီး ကဗျာဆရာ တစ်ယောက်ယောက်ကို သမ္မတသစ် ကျမ်းကျိန်ဆိုပွဲ အခမ်းအနားမှာ ကဗျာရွတ်ဖို့ အိမ်ဖြူတော်က တလေးတစား ဖိတ်ကြားတဲ့ အစဉ်အလာတစ်ရပ် ရှိပါတယ်။

ဒီတော့ ဒီမိုကရက်ဖြစ်တဲ့ သမ္မတသစ် ဘားရက် အိုဘားမားရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာလည်း ဒီမိုကရက်တို့ရဲ့ သမိုင်းဝင် အစဉ်အလာအတိုင်း ကဗျာဆရာမ တစ်ဦးကို ဖိတ်ကြားခဲ့တာပါ။

ကျနော် မှတ်မိသလောက် နည်းနည်းပြန်ပြောရရင် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ကဗျာရွတ်ဖို့ ပထမဦးဆုံး အိမ်ဖြူတော်က ဖိတ်ကြားတာ ခံရတဲ့ ကဗျာဆရာက ကဗျာဆရာကြီး ရောဘတ်ဖရော့စ်တ်ပဲ မဟုတ်လား။ အဲဒါ ၁၉၆၁ တုန်းက ရွေးချယ်ခံရတဲ့ ဒီမိုကရက်သမ္မတ ဂျွန်၊ အက်ဖ်၊ ကနေဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲပေါ့။

သမ္မတ ကနေဒီဟာ ကဗျာကို ချစ်တယ်။ ကဗျာဆရာတွေကို တန်ဖိုးထားတယ်။ ရောဘတ် ဖရော့စ်တ်ဟာ သူ့ရဲ့ အသည်းစွဲ ကဗျာဆရာပေါ့။

ကနေဒီ စခဲ့တဲ့ ဒီမိုကရက်တို့ရဲ့ ဒီအစဉ်အလာဟာ နှစ်ပေါင်း (၃၀) အကြာ ၁၉၉၂ခုနှစ်၊ အမေရိကန် ပြည်ထောင်စုရဲ့ (၄၂) ဦးမြောက်သမ္မတ ဖြစ်လာတဲ့ သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာ ပြန် အသက်ဝင်လာပါတယ်။ အဲဒီနှစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘီလ်ကလင်တန်က နာမည်ကျော် အမေရိကန် လူမည်း ကဗျာဆရာမ မာယာအိန်ဂျယ်လိုကို ဖိတ်ကြား ကဗျာရွတ်စေခဲ့ တာမဟုတ်လား ကိုဒေါင်းရဲ့။

ဘီလ်ကလင်တန်က ဒီလောက်နဲ့ ဘယ်ဟုတ်ပါလိမ့်မလဲ။ ၁၉၉၇ခုနှစ်မှာ သူ ဒုတိယ အကြိမ် သမ္မတ ပြန်အရွေးခံရတော့လည်း၊ နာမည်ကျော်အမေရိကန် ကဗျာဆရာ မေလာဝီလျံကိုသူ့ရဲ့ ဒုတိယ အကြိမ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ပြန်တာပါပဲ။

ကျနော် သိရသလောက်ကတော့ ဒီအစဉ်အလာက ရီပတ်ဘလီကန်တွေဆီမှာ မရှိခဲ့ဘူး ကိုဒေါင်းရဲ့။ ဒီတော့ ရီပတ်ဘလီကန် ဖြစ်တဲ့ (၄၃) ဦးမြောက် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် လက်ထက်ကို ကျော်ပြီး၊ အခု ဘားရက်အိုဘားမား ဒီမိုကရက် သမ္မတ ပြန်တက်လာတော့မှ အိမ်ဖြူတော်နဲ့ ကဗျာဆရာ ပြန်ဆုံစည်းကြတာလို့ ပြောရမှာပဲ။

အိုဘားမားကတော့သူ့ပွဲမှာ နာမည်ကျော်ကဗျာဆရာမ အယ်လစ်ဇဘက်အလက်ဇန္ဒာကို ဖိတ်ကြားပြီး ကဗျာရွတ်စေခဲ့တာပါ။ ဒါ ထားလိုက်ဦး။ ကျနော် ပြောချင်တာက အမေရိကန်လိုနိုင်ငံမှာ၊ ဒီလို နိုင်ငံတော် အခမ်းအနား၊ ကမ္ဘာ တစ်ခုလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခမ်းအနားမျိုးမှာ ကဗျာဆရာတွေ၊ ကဗျာဆရာမတွေ ကဗျာရွတ်ကြတာက သာမန်မျက်စိနဲ့ ကြည့်ရင် ဘုန်းတော်ဘွဲ့တွေ ဖွဲ့ဆို ရွတ်ဖတ်နေတယ် လို့ ထင်ချင် ထင်စရာပေါ့ဗျာ။

တကယ်က ဒီလို ဘယ်ဟုတ်ပါ့မလဲ ကိုဒေါင်းရဲ့။ အထင်နဲ့ အမြင် ပြောင်းပြန်ပဲ။ သူတို့ရွတ်ဆိုကြတဲ့ ကဗျာတွေက သမ္မတသစ်ကို ချီးကျူးတာ မပါဘူး။ အာဏာရပါတီကို အမွှမ်းတင်တာမပါဘူး။ သမ္မတသစ်ရဲ့ ရှေ့မှောက်၊ ပရိသတ်ကြီးရဲ့ ရှေ့မှောက်မှာ သူတို့ ရွတ်ဆိုကြတာတွေက အမေရိကန် ပြည်သူတွေရဲ့ ဇာတိပုည ဂုဏ်မာန အကြောင်းတွေပဲ။ အမေရိကန် လူထုရဲ့ဘ၀ အလွမ်းအမော အကြောင်းတွေပဲ။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု အကြောင်းတွေပဲ။ ပြည်သူ လူထု နှလုံးသားထဲက ရှင်သန်နေတဲ့ အမေရိကကို သူတို့ ရွတ်ဆိုကြတာပါပဲ။ ဘုန်းတော်ဘွဲ့ မဟုတ်ပါဘူး။

သူတို့ရွတ်ဆိုတဲ့ ကဗျာတွေထဲမှာ ဘာတွေ ပါမလဲ။ ဆိုပါတော့၊ လူမည်း ကဗျာဆရာမ မာယာအိန်ဂျယ်လို ဆိုရင် သူဟာ အသား အရောင် ခွဲခြားမှု ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ယောက်ပဲ။ ဒါဆိုရင် သူ့ကဗျာထဲမှာ ဘာတွေ ပါမယ်ဆိုတာ မှန်းဆကြည့်လို့ ရပြီပေါ့ကိုဒေါင်း။

ဒါတွေ ထားလိုက်တော့။ ဒီလို ကမ္ဘာနဲ့ ချီတဲ့ နိုင်ငံတော် အခမ်းအနားမျိုးမှာ ကဗျာဆရာတွေက ဘုန်းတော်ဘွဲ့ မဟုတ်တဲ့ ပြည်သူဘွဲ့ ကဗျာတွေ ရွတ်တာ ဘယ်လောက် ကြည်နူးလွမ်းဆွတ်ဖို့ ကောင်းလိုက်မလဲဗျာ။

ကိုဒေါင်းရေ၊ ကျနော်တို့ တိုင်းပြည်မှာတော့ ဒီလို ဘယ်ဟုတ်လိမ့်မလဲ။ ဖက်ဆစ်လက်သစ် စစ်အာဏာရှင်တွေရှေ့မှာ ကဗျာ သွားရွတ်ရင် ကျွဲပါးစောင်းတီး၊ နွားဘေး တေးဆိုပဲ ဖြစ်တော့မှာပေါ့။

ကိုဒေါင်းကြီး – ဖြစ်ပုံက န၀တ၊ နအဖ ဘုန်းတော်ဘွဲ့ ဖွဲ့ကြသူတွေပဲ အချင်းချင်း မသင့်မြတ်လို့ ဘုန်းတော် မဖွဲ့နိုင်၊ မသီနိုင်ဖြစ်ကြပြီ ဆိုရင်တော့လား၊ နအဖ အလိုကျ စာပေအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဆိုသူကို၊ နအဖ လက်ကိုင်တုတ် စာပေကင်ပေတိုင် ဌာန ညွှန်ကြားရေးမှူး ဆိုသူက ဗြောင် ပေါ်တင် ထိုးနှက် တိုက်ခိုက် ရေးသားထားတဲ့ ခပ်ညံ့ညံ့ ကဗျာ တစ်ပုဒ်၊ နအဖ လက်ဝေခံ ဂျာနယ် တစ်စောင်မှာ ပုံနှိပ် ဖော်ပြခဲ့တာ ဘာကြာသေးလို့တုံး ကိုဒေါင်းရဲ့။

တစ်ချိန်ကျရင်တော့လည်း ကျနော်တို့ မြန်မာနိုင်ငံ ကဗျာဆရာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့မှောက်မှာ၊ ဦးခွန်ထွန်းဦး ရှေ့မှောက်မှာ၊ ကိုမင်းကိုနိုင် ရှေ့မှောက်မှာ စသည်ဖြင့် ကဗျာ ရွတ်ဆိုခွင့် ရပါလိမ့်မယ်။ အဲဒီကျရင်သာ ကျနော်တို့ ရွတ်ဆိုမယ့် ကဗျာတွေ ဘုန်းတော်ဘွဲ့ မဖြစ်ဖို့ လိုတယ် ကိုဒေါင်းရေ။

အားလုံးကိုသတိရလျက်-

အောင်ဝေး

ဇွန် ၁၈-၂၀၁၀။

[အမေရိကန် ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသူ ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ အမှတ် ၂၂ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts