အီကြာအော်

Ei Kyar Aww- Staire

ဖွတ်ကလေး၊ ၀န်ဂျီးဂျုတ်အေဘေး နှင့် နေပူတော်မှ တစ်သက်စာအလွဲများ
အီကြာအော်
ဇွန် ၇၊ ၂၀၁၃

Add caption



“ဖွတ်ကလေးရေ…. ဘာထူးသေးလည်းကွ”
အီကြာအော်က ထုံးစံအတိုင်း တပည့်ကျော် ဖွတ်ကလေးကို ခရီးရောက်မဆိုက် မေးလိုက်သည်။
“ကျုပ်တော့ ၀န်ဂျီးဂျုတ်အေဘေးကို “ရုပ်ကိုဆိုး” ဆိုပြီး သွားပြောလိုက်တယ်၊ ဒီတစ်ခါ ကျုပ်တို့ အလှည့်ပေါ့”
ဂျပံရွာကြီးမှ ၀န်ဂျီးဂျုတ်အေဘေး မကြာသေးမီက ခက်သေးရွာသို့ အလည်လာသွားသည် မဟုတ်ပါလား။ ခက်သေးရွာသူကြီး အမေပု ဂျပံရွာသို့ အလည်သွားစဉ်က “ရုပ်ကိုဆိုး”ဟု ကြိုဆိုကြသည်တွင် ဖွတ်ကလေးက မကျေမနပ် ဖြစ်ရသေးသည်။ “ယိုကိုးဇိုး” ဆိုသည်မှာ ဂျပန်လို “ကြိုဆိုပါ၏” ဆိုသည်ကို ဖွတ်ကလေးက “ရုပ်ကိုဆိုး”ဟု ကြားကာ နားမလည်၍ ဒေါသဖြစ်ခဲ့ရသေးသည် မဟုတ်ပါလား။
“မင်း……..ဒါဆိုရင် ကြိုဆိုခ ဘယ်လောက်များ ရလိုက်သလည်းကွ”
“အိတ်စိုက်ပါ ဆရာအော်ရယ်”
“မသိပါဘူးကွာ၊ တို့ခက်သေးရွာ သမတဂျီးက အမေဂျီးကားရွာမှာ တို့ခက်သေးရွာက ဆန္ဒပြသူတွေက ငွေကျပ် ၃၀၀၀ ရတယ်ဆိုပြီးပြောလို့ မင်းများပါသလားလို့ပါ”
ယခင်က “ဖွတ်” အဖွဲ့ဝင်ဟောင်း ဖွတ်ကလေးတစ်ယောက် နေ့စားဘ၀ဖြင့် ဆန္ဒအငှားပြဘူးသည်ကို အီကြာအော်က သတိရပြီး သရော်လိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သော ၁၀ နှစ်က ဖွတ်ကလေးတစ်ယောက် ဒီပဲယင်းကို နေ့စားလိုက်မည် ဆိုသဖြင့် အီကြာအော်က လိုက်ရဲလိုက်ကြည့် သေခန်းဖြတ်ဟု ခြိမ်းချောက်သဖြင့် ဖွတ်ကလေးတစ်ယောက် မလိုက်ဖြစ်လိုက်သည်မှာ ကံသီ၍ပင် ဖြစ်တော့သည်။
“သမတဂျီးက သူ့ အတွေ့အကြုံအရ ပြောတာနေမှာပါ ဆရာအော်ရယ်”
ဖွတ်ကလေးက ဘ၀ဟောင်းကို သတိမရချင်ဟန်ဆောင်၍ ပြောလိုက်လေသည်။
“ဂျပံရွာက ၀န်ဂျီးဂျုတ်က မဆိုးဘူး ဆရာအော်ရဲ့ ”
“ဘယ်လို မဆိုးတာလည်း ဖွတ်ကလေးရဲ့  ပြောစမ်းပါဦး”
“၀န်ဂျီးဂျုတ်အေဘေးက ကလေးတွေနဲ့ လွန်ကြိုး ၀င်ဆွဲ သွားသေးတယ်၊ ထုတ်စည်းတောင် ၀င်ထိုးသွားတယ်ဆိုလား မသိဘူး”
“မင်းကလည်းကွာ အပိုတွေပြောပြန်ပြီ၊ ဖွဘုတ်လက်ချက်ပဲထင်တယ်၊ ထုတ်စည်းတော့ ၀င်ပြီးမထိုးလောက်ပါဘူးကွာ”
“သူက သူရဲလည်း ကြောက်တတ်တယ် ပြောတယ်၊ ၀န်ဂျီးဂျုတ်တွေ နေတဲ့အိမ်ကို သူရဲချောက်တယ်ဆိုပြီး အဲဒီအိမ်ကို မပြောင်းဘူးဆိုပဲ”
“အဲဒါတော့ ငါလည်း သူရဲကြောက်တာပဲ ဖွတ်ကလေးရဲ့ ၊ ဒါနဲ့ သူက သူရဲလည်း ကြောက်တယ်ပြောသေးတယ်၊ နေပူတော်ရပ်ကွက်ကျတော့ အလည်သွားသေးတယ်နော်၊ နေပူတော်က လမ်းမကြီးတွေက အကျယ်ကြီး ဖောက်ထားပြီး လူုပြတ်လို့ သူရဲချောက်မှာတောင် ကြောက်ရ တယ်လို့ ပြောကြတယ် မဟုတ်လား ဖွတ်ကလေးရဲ့ ”
“အင်းလေ၊ သူရဲ ကြောက်တယ်လည်းဆိုသေး နေပူတော်က လူကြီးတွေကျတော့ သွားတွေ့ရဲတယ်နော်၊ နေပူတော်ကို ဘာနဲ့များသွားသလည်း မသိဘူး ဆရာအော်”
“ပရိုက်ဘိတ်ဂျက်နဲ့ နေမှာပေါ့ကွာ၊ နေပူတော်လမ်းက လူက စားမှစား၊ သူရဲတွေက အများကြီးနေမှာ”
“နေပူတော်လမ်းအကြောင်း မပြောရင်တော့ ကောင်းလိမ့်မယ်၊ ရှော့ရှိတယ် ဆရာအော်”
“ဘာလို့လည်းကွ ဖွတ်ကလေးရ၊ တို့ ခက်သေးရွာကလည်း မီးသာ မှန်မှန်မလာတယ် ရှော့တွေက နေရာတကာမှာ များလှချေလား”
“နေပူတော်က လမ်းတွေ အဆင့်မရှိဘူးဆိုပြီး “တစ်တစ်နေ့စဉ်သတင်းစာ”ထဲမှာ ဝေဖန်လို့ တိုးဂိတ်ဂျုပ်မှူးကြီးက တစ်တစ်သတင်းစာတွေ သယ်လာတဲ့ကားတွေကို ပေးမသွားဘူးဗျ၊ “တစ်တစ်”ကားတွေလည်း “တစ်လစ်”တွေ ဖြစ်ကုန်တယ်လေ”
“အင်း…ခက်သေးရွာလူကြီးတွေပီပီ တော်တော် သဘောထားသေးတဲ့ ဂျိုကုပ်ဒူးကြီးတွေပါလားကွာ၊ အေးလေ ဖွတ်ကလေးရဲ့ …. တို့ ခက်သေးရွာကလည်း လုပ်လိုက်ရင် တလွဲတွေချည်းပဲ”
“ဘာတွေများ လွဲနေပြန်ပြီလည်း ဆရာအော်ရဲ့ ”
“ငါ နေပူတော်ကို ကားနဲ့ တစ်ခေါက်သွားတော့ မိုင်တိုင်တွေက လွဲနေတာ တွေ့လိုက်တယ်”
“ဘယ်လိုများ လွဲနေတာလည်း၊ ပြောပါဦးဗျ”
ဖွတ်ကလေးက မဟုတ်ကဟုတ်ကဆိုလျှင် စိတ်ဝင်စားသည်မို့ အီကြာအော် ကို အားတက်သရော မေးလိုက်လေသည်။
“နေပူတော် လမ်းအလယ်ကျွန်းတွေက မိုင်တိုင်တွေမှာ ဗမာစာကဏန်းတွေနဲ့ ရေးထားပြီး ဘေးက မိုင်တိုင်တွေမှာ အင်္ဂလိပ်လို ရေးထားတယ်”
“အပြည်ပြည်ဆိုင်ရာမှာ ဒီလိုပဲ ဘာသာနှစ်မျိုးနဲ့ ရေးကြတာ ထုံးစံပဲ မဟုတ်ဘူးလား ဆရာအော်ရဲ့ ”
“မင်းကလည်းကွာ မပြီးခင် ကြားက ဖြတ်ပြောတာကိုးကွ၊ ပြီးအောင် နားထောင်ပါဦး၊ မင်းဟာက မပြီးခင် ဗမာမမြင်စေနဲ့ ဆိုသလိုပဲ မပြီးခင် ဖွတ် မကြားစေနဲ့ ဖြစ်နေပြီ”
ကျွဲမြီးတိုသွားသော အီကြာအော်က ဖွတ်ကလေးကို လှမ်း၍ ဟောက်လိုက်လေသည်။
“ဗမာလို ရေးထားတဲ့မိုင်တိုင်နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ မိုင်တိုင်တွေက တစ်မိုင်တောင် ကွာနေတယ်”
“ဟုတ်လား ဆရာအော် လမ်းပေါ်ဆင်းပြီး တိုင်းကြည့်လိုက်သေးလား”
“မင်းကလည်းကွာ ဒုံးဝေးလိုက်တာ၊ ဥပမာ ဗမာလိုက ၂၇ မိုင် ဆိုရင် အင်္ဂလိပ်လိုက ၂၈ မိုင်ပြနေတာကို ပြောတာကွ၊ ရေးထားတာမှ ပြူးနေတာပဲ”
“ဒါတော့ လမ်းဆောက်လုပ်ရေး အင်ဂျင်နီယာဂျီးတွေက ထုံးစံအတိုင်း ခက်သေးရွာလူကြီးတွေ အလိုကျ မိုင်ခိုးပေးရတယ် ထင်ပါတယ် ဆရာအော်ရယ်၊ ဒါမှမဟုတ် ရွာလုကြီးတွေက အင်္ဂလိပ်လို ၁၂၃၄ တောင် မဖတ်တတ်ဘူးဆိုပြီး အင်ဂျင်နီယာဂျီးများက ညာချသွားတာများလား”
“အေးကွာ ငါပြောတာ ဘယ်သူ့ကိုမှ လျှောက် မပြောနဲ့နော်၊ တော်ကြာ ဂိတ်ဂျုပ်မှူးကြီးတွေ ကြားသွားလို့ ငါ့ကိုဂိတ်ပေးမဖြတ်ရင် ငါလည်း “တစ်တစ်”သတင်းစာကားတွေလိုပဲ “တစ်လစ်”ဖြစ်သွားနိုင်တယ်ကွ”
“ဆရာအော်လည်း သတင်းစာထဲမှာပါရင် “တစ်လစ်အီကြာအော်” ဆိုပြီး နာမည်ကြီးသွားနိုင်တာပေါ့”
ဖွတ်ကလေးက ခက်သေးရွာသားတို့ ဆရာခေါ်၍ မြှောက်ပြီးစားတတ်သော ထုံးစံအတိုင်း အီကြာအော်ကို ဆရာခေါ်ပြီး အတင်းမြှောက်တော့သည်။
“အေးကွာ တို့ခက်သေးရွာကလည်း နေရာတကာမှာ လွဲနေတာ မပြောပါနဲ့တော့”
ထိုစဉ်အခါတွင် မီးဖိုချောင်ထဲမှ ဒေါ်အွန်မေးက ရုတ်တရက်ထွက်လာပြီး အလွဲများကို ပေါက်ကွဲတော့သည်။
“ကိုအော်…. ရှင် တလွဲတွေ လုပ်သွားပြန်ပြီ၊ ဆန်ကွဲတွေနဲ့ ဆန်အကောင်းတွေ လွဲပြီး ထမင်းချက်ထားတာ တမင်းတွေ ပြဲကုန်ပြီ”
“အေးကွာ တစ်ခါတလေတော့လည်း လွဲလွဲလေးပဲ ကောင်းတယ်မဟုတ်ဘူးလား”
အီကြာအော်က မကြားတကြားပြောရင်း တပည့်ကျော် ဖွတ်ကလေးကို မျက်စ ပစ်ပြလိုက်သည်။
အခြေအနေကို ကောင်းစွာ ရိပ်မိသော တပည့်ကျော်ဖွတ်ကလေးလည်း သူ့ဆရာ၏ ဖေးဘရိတ် ထူးအိမ်သင်၏ “တစ်နေ့စာ အလွဲများ” သီချင်းကို အသားကုန်ဟစ်ကာ ယုန်ကန် ဆေးရုံကြီးဘက်သို့ ရှောင်၍ ထွက်သွားလေတော့သတည်း။
“နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးတာပဲ
နေတတ်ရင် အေးဆေးလေး……
နည်းနည်းလေးတော့ လွဲနေမယ်
လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးပြီ ကောင်းသားပဲ
လိုအပ်ရင်ရူးလိုက်ဦး”…..။         ။

သဗ္ဗေသတ္တာကမ္မသကာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts