>Htet Yar Zar – Remembering 33rd St in Rangoon

>

အမှတ်တရ ၃၃ လမ်း
ထက်ရာဇာ
စက်တင်ဘာ ၁၀၊ ၂၀၁၀
ရန်ကုန်မြို့လည်ခေါင်ရဲ့ ၃၃လမ်းမှာ တနေကုန် တီဗွီ ၀ယ်ရောင်းသမားတွေ တီဗွီပွဲစားတွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေ ပြည့်နှက်နေတတ်ပေမယ့် ညနေသုံးနာရီ ကျော်ကျော်လောက်မှာတော့ ဒီလူတွေ ပျောက်ကွယ်ကုန်ကြပြီး တဖြည်းဖြည်းနဲ့ အစားထိုး ၀င်ရောက်လာသူတွေကတော့ ဆံပင်ရှည်ရှည်နဲ့ လောကကြီးကို တမျိုးမြင်တဲ့ မျက်လုံးပိုင်ရှင်တွေ၊ စာမူရေးထားတဲ့ စာရွက်လိပ်ကလေးကို ကိုင်ပြီး ပေးရမယ့်သူကို မျော်လင့်နေတဲ့ အရွယ်မျိုးစုံ စာရေးဆရာတွေ၊ ပြီးတော့ ချိန်းဆိုထားတဲ့ စာရေးဆရာတွေနဲ့ တွေ့ဆုံဖို့ရောက်လာတဲ့ ဂျာနယ် မဂ္ဂဇင်းအယ်ဒီတာတွေနဲ့ ဂျာနယ်မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပန်းချီ ရေးဆွဲနေတဲ့ ပန်းချီဆရာတွေပါ။
သူတို့ဟာ နေ့စဉ် တနင်္ဂနွေတရက် က လွဲလို့ ၃၃လမ်းကို နေ့စဉ်မပြတ် လာနေကြတဲ့သူတွေပါ။ တနေကုန် တီဗွီဝယ်ရောင်း ပွဲစားတွေနဲ့ စီးပွားရေးဆန်နေတဲ့ ၃၃လမ်းဟာ ညနေ သုံးနာရီ ကျော်ကျော်လောက်မှာတော့ ထူးခြားဆန့်ကျင်စွာ အနုပညာဆန်သွားခဲ့ပါပြီ။
၃၃လမ်းထဲက ဓမ္မာရုံမှာ ဖွင့်လှစ်ထားတဲ့ စားပွဲခုံ ၁၀ ပွဲလောက်သာရှိတဲ့ လဘက်ရည်ဆိုင်လေး တဆိုင် ရှိပါတယ်။ (နောက်ပိုင်းတော့ တိုက် ၂ ခုရဲ့ လမ်းကြားထဲကို ပြောင်းလဲ ဖွင့်လှစ် လိုက်ရပါတယ်။) ဆိုင်လေးက တကယ့်ကို လမ်းဘေးလဘက်ရည်ဆိုင်လေး ပါ။ ဒါပေမယ့် ဒီဆိုင်လေးမှာ တခြားလဘက်ရည်ဆိုင်တွေလို ဆိုင်းဘုတ်ရေးထားတဲ့နာမည် မရှိပေမယ့် နေ့လည်ပိုင်း စီးပွားရှာကြတဲ့ အရောင်းအ၀ယ်သမားတွေရော ညနေပိုင်း ရောက်လာတတ်ကြတဲ့ အနုပညာနယ်ပယ်က စာရေးဆရာ ပန်းချီဆရာ ကဗျာဆရာတွေရော သိနေတဲ့ နာမည်တခုရှိပါတယ်။ အဲဒါကတော့ လေထန်ကုန်း လဘက်ရည်ဆိုင် တဲ့ …။
လေထန်ကုန်းဟာ ဒီလိုစာရေးဆရာတွေရဲ့ စုစည်းရာနေရာတင် မဟုတ်ဘဲ စာရေးဆရာတွေရဲ့ သာရေး နာရေးကိုပါ ဖိတ်စာရိုက်စရာမလိုဘဲ လဘက်ရည်ဆိုင်ရဲ့အ၀မှာ ကျောက်သင်ပုန်းပေါ်ရေးထားလိုက်ရုံနဲ့ ဖိတ်ကြားလို့ ရတဲ့နေရာတခုလည်း ဖြစ်ပါတယ်။ တဆက်တည်း လေထန်ကုန်းအကြောင်းကို စဉ်းစားမိရင် ကျနော်တို့ရဲ့ဘ၀တွေကလည်း အောက်မေ့ဖွယ် ကောင်းလှပါတယ်။ ကျနော်တို့အုပ်စုကတော့ လေထန်ကုန်းမှာ ထိုင်ခဲပြီး ၃၃လမ်းအ၀င်ဝ ညိုညိုတေးသံသွင်းဘေးက ပလက်ဖောင်းမှာဖွင့်ထားတဲ့ လမ်းဘေးလဘက်ရည်ဆိုင်လေးမှာ ထိုင်တတ်ကြပါတယ်။
ကျနော်တို့အုပ်စုမှာ ကျနော်အပါအ၀င် စာရေးဆရာ အောင်ခက် (ရိုးပြတ်တော)၊ ကဗျာဆရာလှသန်း၊ သူ့ရဲ့အကို ပန်းချီမောင်နိုး၊ ကဗျာဆရာ ဟိန်းမြတ်ဇော်၊ သစ်ကောင်းအိမ်၊ လူအိမ်၊ အောင်ဘညို၊ ပန်းချီကိုကိုနိုင၊် ပန်းချီသိန်းသိန်း၊ ကဗျာဆရာ ကြည်ဇော်အေး၊ မင်းနိုင်သား၊  ကင်မရာမင်း ကိုဌေးလွင် နဲ့ ဓါတ်ပုံမိုးလွင်ဟန် စတဲ့သူတွေ ပါဝင်ပါတယ်။
 ညနေ သုံးနာရီခွဲ လောက်ကနေ ညနေ ခြောက်နာရီ လောက်အထိ ရောက်တတ်ရာရာတွေ ပြောကြပြီး နေ၀င်ချိန်ရောက်ပြီဆိုရင်တော့ တနေကုန် ရှာလို့ရသမျှ စာမူခလေးတွေစုပြီး ၃၅လမ်းက ရှမ်းရိုးရာစားသောက်ဆိုင်၊ ဒါမှမဟုတ် ၄၂လမ်းက ရွှေဒင်္ဂါး အရက်ဖြူဆိုင်၊ စာမူခ အခြေအနေကောင်းတဲ့နေ့တွေ ဆိုရင်တော့ ၁၉လမ်း စသဖြင့် ညနေတိုင်း ယမကာယစ်ရွေရည် လူး တတ်ကြပါတယ်။
၃၃ လမ်းဟာ စာပေအနုပညာရှင်တွေရဲ့ ဘူမိနက်သန်ဖြစ်သလို စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ လူငယ်လေးတွေရဲ့ အမိတက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ လူငယ်လေးတွေဟာ သူတို့လေးစားတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေကို တွေ့ရဖို့အတွက် ၃၃လမ်း ကနေ စောင့်ဆိုင်းနေကြပြီး သူတို့တွေ့ချင်တဲ့ စာပေအနုပညာရှင်တွေကို တလေးတစား တရိုတသေ မိတ်ဆက်ကြတာကလည်း ၃၃လမ်းရဲ့ ချစ်စရာယဉ်ကျေးမှုတခုပါပဲ။ ရန်ကုန်မြို့လည်ခေါင်ရဲ့ ၃၃လမ်းဟာ လမ်းကျဉ်းကျဉ်းလေး ဖြစ်ပေမယ့် စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာတွေအတွက်ကတော့ အသက်သွေးကြောလမ်းမကြီးတခုဖြစ်သလို၊ သောက်မကုန်နိုင်တဲ့ မြစ်ပြင်ကျယ်ကြီးတခုလည်း ဖြစ်ခဲ့ပါတယ်။
အခုတော့ ကျနော်နဲ့ ၃၃ လမ်းမဟာ ၃၃ ဘ၀ လောက် ကွာခြားသွားခဲ့ရပါပြီ။ အတိတ်က ၃၃လမ်းရဲ့ အဖြစ်အပျက်တွေကိုပြန်စဉ်းစားရင်း ၃၃လမ်းက လုပ်ဖေါ်ကိုင်ဖက်တွေ ရေးဖော်ရေးဖက်တွေကို အောက်မေ့သတိရမိရင်းနဲ့ ရန်ကုန်မြို့ရဲ့ ၃၃လမ်း ကို လွမ်းနေမိပါတော့တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts